ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့၊ တင်သွင်းခွင့် လျှောက်ထားခြင်းအတွက် လိုအပ်သည့် အချက်အလက်များကို စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့၊ တင်သွင်းခွင့် လျှောက်ထားလိုပါက လျှောက်ထားသည့် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဦးက မှတ်ပုံတင်မိတ္တူ ပူးတွဲကာ ကုမ္ပဏီ၏ Letter Head ဖြင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပတင်ပို့၊ ပြည်တွင်းသို့ တင်သွင်းလိုပါက သတ်မှတ်ပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့ လျှောက်ထားရာတွင် အရောင်းအဝယ် စာချုပ် မိတ္တူ၊ Proforma Invoice မိတ္တူ၊ တင်ပို့/တင်သွင်းလိုသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများအား မည်သည့် နေရာတွင် မည်သည့်အတွက် အသုံးပြုပုံကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ တင်ပို့/တင်သွင်းလိုသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ Certificate of Analysis (COA) ပါရှိရမည်ဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့က မြန်မာနိုင်ငံတွင် တားမြစ်သည့် ဓာတုပစ္စည်း ၆၅ မျိုး စာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့က မြန်မာနိုင်ငံတွင် ကန့်သတ်သည့် ဓာတုပစ္စည်း ၂၉ မျိုး စာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ဖော်စပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တားမြစ်ပိတ်ပင်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း၏ အမျိုးအမည်နှင့် ပမာဏကို သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများ၏ ကျန်းမာရေး၊ အသက်အန္တရာယ်၊ တိုက်ရိုက်ထိခိုက်မှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ တစ်ဆင့် လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အား သွယ်ဝိုက် ထိခိုက်မှုတို့ကို ကြိုတင်ဆန်းစစ်မှု ပြုလုပ်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်အား ဆိုးကျိုးသက်ရောက်မှုကို ဆန်းစစ်မှု ပြုလုပ်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် လူနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်မှုနှင့် ပတ်ဝန်းကျင်သို့ ဆိုးကျိုးသက်ရောက်မှုအား အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အဖွဲ့များ ဖွဲ့စည်း၍ တာဝန်ပေးခြင်းနှင့် အရေးယူခြင်းတို့ကိုလည်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့၊ တင်သွင်းခွင့် လျှောက်ထားခြင်းအတွက် လိုအပ်သည့် အချက်အလက်များ ထုတ်ပြန်