မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ပြန်လည် ရရှိရေးအတွက် The American Innovation Roadshow Program အစည်းအဝေးတွင် လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သတင်းထုတ်ပြန်ထားသည်။အမေရိကန် နိုင်ငံခြားရေးဌာန (US Department of State)၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီတို့နှင့် သြဂုတ် ၈ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ တွေ့ဆုံခဲ့သည့် The American Innovation Roadshow Program အစည်းအဝေးတွင် ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဆောင်၍ အမေရိကန်၏ ကုန်သွယ်မှု အထူးအခွင့်အရေးများ (Generalised System of Preferences - GSP) ပြန်လည်ရရှိနိုင်ရေးအတွက် တင်ပြ တောင်းဆိုခဲ့သည်။“GSP အထူး အခွင့်အရေးတွေ ပြန်လည် ရရှိတာဟာ စီးပွားရေး လုပ်ငန်းတွေသာ မဟုတ်ဘဲ Supply Chain တစ်ခုလုံးရဲ့ အစမှာ ရှိတဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ အခြေခံ လူတန်းစားတွေ အထိပါ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။အမေရိကန် သံအမတ်ကြီး စကော့မာရှယ်ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍနှင့် အလုပ်အကိုင် ဖန်တီးမှု ဖွံ့ဖြိုးလာစေရေးမှာ အမေရိကန်၏ ဦးစားပေး လုပ်ငန်းများတွင် ပါဝင်ကြောင်း၊ ယခုကဲ့သို့ နှစ်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံခြင်းများမှသည် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများကို မြှင့်တင်သွားနိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။The American Innovation Roadshow အစီအစဉ်သည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အမေရိကန်၏ နည်းပညာဆိုင်ရာ တီထွင်မှုများ မျှဝေခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား အမေရိကန် နည်းပညာ အသိုက်အဝန်းနှင့် ဆက်သွယ် ချိတ်ဆက်ပေးခြင်း၊ သက်ဆိုင်ရာ အစိုးရများ အနေဖြင့် နည်းပညာ တီထွင်မှုများအား အထောက်အကူ ပြုစေမည့် ဥပဒေမူဘောင်များ ချမှတ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံပွဲတွင် အမေရိကန်၏ ထိပ်တန်းနည်းပညာ လောကကို ဦးဆောင်နေသည့် ကုမ္ပဏီကြီးများ ဖြစ်ကြသည့် IBM၊ General Motors၊ Chevrolet၊ General Electrics တို့မှ ကိုယ်စားလှယ်များက မြန်မာ့နည်းပညာနှင့် ကွန်ပျူတာ လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများနှင့် တွေ့ဆုံကြပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ဆွေးနွေးချက်များထဲတွင် မြန်မာ့ နည်းပညာကဏ္ဍ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာစေရေး (Leapfrogging)ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍနှင့် စိုက်ပျိုးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ တရားမဝင် ကုန်သွယ်ရေး လျှော့ချနိုင်ရန်အတွက် နည်းပညာ အထောက်အကူများ ဖန်တီးကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အဆိုပါ တွေ့ဆုံပွဲကို သံအမတ်ကြီး စကော့မာရှယ်၊ အမေရိကန် နိုင်ငံခြားရေးဌာန Assistant Secretary of State for Economic and Business Affairs Mr. Charles Rivkin နှင့် တာဝန်ရှိသူများ၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ၊ ဥက္ကဋ္ဌ Mr. Alexander Feldman နှင့် ကိုယ်စားလှယ်များ၊ အမေရိကန် စိုက်ပျိုးရေး ဌာန (US Department of Agriculture)မှ Administrator Mr. Phil Karsting၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကွန်ပျုတာ လုပ်ငန်းရှင်များ အသင်းနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ပြန်လည်ရရှိရေး American Innovation Roadshow အစည်းအဝေး၌် လုပ်ငန်းရှင်များ တောင်းဆို