ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ အနောက်တောင်မြို့သစ် စီမံကိန်း စတင်တော့မည်ဖြစ်ပြီး ထန်းတပင်မြို့သစ် စီမံကိန်းကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေကာ ရန်ကုန်မြို့ ဟန်ချက်ညီ တိုးတက်စေရေး မြို့စွန်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုလုပ်ကိုင်ရန် လိုအပ်လာနေသည်ဟု ပြည်တွင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။နှစ်စဉ်တိုးတက်လာနေသည့် ရန်ကုန်မြို့နေ လူဦးရေနှင့် လိုက်ဖက်မှုရှိပြီး သာယာလှပသော မြို့တော်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များအားလုံး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လိုအပ်လာပြီး ရန်ကုန်မြို့စွန်ရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် လိုအပ်လာနေခြင်းနှင့် ပတ်သက်၍ အကြံပြုသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူအချို့ကို မေးမြန်းကာ ထုတ်ပြန်ထားသည်။“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ၂၀၄၀ စီမံကိန်းကို အခြေခံပြီး မြို့သစ်ခုနစ်မြို့နယ် တိုးချဲ့ရန် လျာထားစီမံကိန်း ရေးဆွဲထားပါတယ်။ ဒါ့အပြင် ရေပေးဝေမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတို့ကို ကဏ္ဍအလိုက် သီးခြားလုပ်ဆောင်နေတာတွေ ရှိပါတယ်။ ထန်းတပင် မြို့သစ်စီမံကိန်းကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေပြီး အနောက်တောင်မြို့သစ် စီမံကိန်းကိုလည်း အရင်လွှတ်တော်က အတည်ပြုပြီးတဲ့အတွက် မကြာမီစတင်တော့မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြို့ပြစီမံကိန်း ဌာနခွဲ ဌာနခွဲမှူး ဒေါ်စောစန္ဒာဦးက ပြောကြားသည်။မြို့စွန်ရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် လိုအပ်နေသော်လည်း ဘက်ဂျက်လိုအပ်ချက် ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပြီး ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အရ ရန်ကုန်တိုင်းအတွက် စုစုပေါင်းအသုံးစရိတ် ကျပ်ဘီလျံ ၄၀ မှ အဆိုပါ မြို့စွန်ရှိမြို့နယ် ၁၂ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်အဖြစ် ၁၅ ရာခိုင်နှုန်း ခြောက်ဘီလျံကျပ်ခန့် လျာထားကြောင်း သိရသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“အစိုးရသစ်အနေနဲ့ မြို့စွန်ရှိ မြို့နယ် ၁၂ ခုရဲ့ ဟန်ချက်ညီတဲ့ တိုးတက်မှုကို ပြုလုပ်ဖို့ ရည်ရွယ်လာတဲ့အခါမှာ ငွေကြေးတစ်ရပ် လိုအပ်လာခြင်းက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ublic-Private-Partner-ship (PPP) စနစ်၊ Build-Operate-Transfer (BOT) စတဲ့စနစ်တွေကို ကောင်းမွန်စနစ်တွေအဖြစ် ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ Public နဲ့ Private Sector တို့ ပူးပေါင်းလုပ်ဆောင်ချက်တွေဖြစ်တဲ့ မန္တလေး-မူဆယ် အမြန်လမ်းမကြီး၊ မြန်မာပလာဇာနဲ့ Lake Suites တို့ဆိုရင်လည်း ကောင်းမွန်အောင်မြင်တဲ့ ပူးတွဲလုပ်ဆောင်မှုတွေ ဖြစ်ပါတယ်” ဟု House.com.mm ၏ Managing Director ဖြစ်သူ Mr. NiteshKhirwal ကဆိုသည်။မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့ကို မြို့တိုးချဲ့ရန် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် လှည်းကူးမြို့သစ် ၆၉၃၃ ဧကစုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားကြောင်း ယခင်အစိုးရ လက်ထက်က ထုတ်ပြန်ခဲ့သည်။ ယင်းစီမံကိန်းများမှ ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို ဦးစွာအကောင်အထည်ဖော်ရန် ယခင်အစိုးရက တင်ဒါခေါ်ယူခဲ့ပြီး ၎င်းတို့သက်တမ်း မကုန်ဆုံးမီ လပိုင်းအလိုတွင် ကုမ္ပဏီသုံးခုအား ခွဲဝေလုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ရန်ကုန်မြို့သည် ပုံမှန်လူဦးရေ တိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး လက်ရှိလူဦးရေ ငါးသန်းကျော် နေထိုင်ကာ လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၀ သန်းနီးပါးအထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး ရန်ကုန်မြို့၏ ဧရိယာသည် ၁၉၈၈ ခုနှစ်တွင် ၈၄ စတုရန်းမိုင်မှ ယခု စတုရန်းမိုင် ၃၀၀ ကျော်ဖြစ်လာကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်း၏ အနောက်တောင် မြို့သစ်စီမံကိန်း စတင်တော့မည်ဖြစ်ပြီး ထန်းတပင်မြို့သစ် စီမံကိန်းကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေကာ ရန်ကုန်မြို့ ဟန်ချက်ညီ တိုးတက်စေရေး မြို့စွန်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရန် ပိုမိုလုပ်ကိုင်ဖို့ လိုအပ်နေဟုဆို