MIC က လုပ်ကိုင်ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်

MIC က လုပ်ကိုင်ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်
Published 5 August 2016
နီလာ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ လုပ်ကိုင်ခွင့်ပြုခဲ့သည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် MIC သို့ လာရောက်လျှောက်ထားစဉ်အခါက တင်ပြခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အကယ်၍ ယင်းကဲ့သို့ လုပ်ကိုင်ခြင်းမရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။MIC က ခွင့်ပြုခဲ့သည့် လုပ်ငန်းများသည် ယင်းလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးဌာနမှ လိုက်လံစစ်ဆေးမှုကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ထို့ပြင် အဆိုပါလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေစဉ် ကာလအတွင်း မိမိလုပ်ငန်း၏ လုပ်ငန်းအစီရင်ခံစာကို သုံးလတစ်ကြိမ် ကော်မရှင်သို့ မပျက်မကွက် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ MIC မှာလည်း ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးဌာနဆိုတာ ရှိပါတယ်။ ကြီးကြပ်ရေးဌာနက သူတို့ရဲ့ Report တွေအပေါ်မှာ လိုအပ်တဲ့စိစစ်မှုတွေ ဒီကုမ္ပဏီသည် မူလပေးထားတဲ့ Proposal အတိုင်း တကယ်လုပ်ရဲ့လား၊ မလုပ်ဘူးလားဆိုတာ သူတို့ရဲ့ Report ပေါ်မှာ အခြေခံပြီး စိစစ်ပါတယ်။နောက် Site Visit သွားပါတယ်။ MIC ကဦးဆောင်ပြီးတော့ ဝန်ကြီးဌာနက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပါတယ်။ စက်မှုဝန်ကြီးဌာနပါတယ်။ အလုပ်သမား ဝန်ကြီးဌာနပါတယ်။ တကယ်လို့ ဟိုတယ်လုပ်ငန်းဆိုရင် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန ကိုယ်စားလှယ်ပါတယ်။ ဆန်စပါးလုပ်ငန်းဆိုရင် စိုက်ပျိုးရေးဌာနက ကိုယ်စားလှယ်ပါတယ်။ ဒီလိုသက်ဆိုင်ရာ ဆက်စပ်တဲ့ဌာနတွေက တာဝန်ရှိသူတွေနဲ့ ခွင့်ပြုပြီးသား လုပ်ငန်းတွေမှာ MIC တင်ထားတဲ့အတိုင်း တကယ်လုပ်ရဲ့လားဆိုတာ ပုံမှန်စိစစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။သို့သော် အချို့သော လုပ်ငန်းများအနေဖြင့် ယင်းတို့ဆောင်ရွက်ရမည့် ကိစ္စများ ဆောင်ရွက်ရန် ပျက်ကွက်ပါက နံပါတ်တစ်အချက် အနေဖြင့် သတိပေးမှုများ ပြုလုပ်ကြောင်း၊ နံပါတ်နှစ်အနေဖြင့် အဆိုပါကုမ္ပဏီသို့ ပေးအပ်ထားသည့် အခွန်ကင်းလွတ်ခွင့်များ ပြန်လည်ရုပ်သိမ်းကြောင်း၊ နံပါတ်သုံးအနေဖြင့် အဆိုပါကုမ္ပဏီသို့ ထုတ်ပေးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်ကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအချက်အနေဖြင့် အဆိုပါကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းကာ နောက်နောင် ယင်းနှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။