မြန်မာနိုင်ငံ၏ ခရီးသွားဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်အောင် ဆွဲဆောင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇ ဒသမ ၅ သန်း ဝင်ရောက်ရန် မျှော်မှန်း

မြန်မာနိုင်ငံ၏ ခရီးသွားဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်အောင် ဆွဲဆောင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇ ဒသမ ၅ သန်း ဝင်ရောက်ရန် မျှော်မှန်း
Published 3 August 2016
စည်သူအောင်

မြန်မာနိုင်ငံ၏ ခရီးသွားဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဆွဲဆောင်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇ ဒသမ ၅ သန်း ဝင်ရောက်လာရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် Hospitality & Tourism ဆွေးနွေးဖလှယ်ပွဲတွင် ပြောကြားသည်။ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် စင်ကာပူအခြေစိုက် Sphere Confrances တို့ ပူးပေါင်းကာ သြဂုတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အကြောင်းကို အဓိက ဆွေးနွေးကြခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု မရှိသေးသော နေရာဒေသ အများအပြား ဆက်လက်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အလားအလာရှိသည့် အခွင့်အလမ်းသစ်များကို ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ထင်မြင်ယူဆကြသည်။သို့သော် အဆိုပါ ဒေသများတွင် ဟိုတယ်ကဲ့သို့ အခြေခံ အဆောက်အအုံများ မရှိခြင်းကြောင့် ၎င်းဒေသများ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနိုင်သည်။ ထို့ကြောင့် အဆိုပါ နေရာဒေသများသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဆွဲဆောင်ရန် ပိုမို လိုအပ်ပြီး စီးပွားရေး ပတ်ဝန်းကျင်သစ်တွင် လုပ်ကိုင်မည့်သူများ၏ ယုံကြည်ချက် မြင့်တက်လာရန်လည်း ဆောင်ရွက်သင့်ကြောင်း သုံးသပ်ကြသည်။အဆိုပါ ဆွေးနွေးပွဲကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ တွေ့ဆုံပြီး လုပ်ငန်းကဏ္ဍ အသီးသီးတွင် လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ဆွေးနွေးပွဲတွင် အဓိက ပြောဆိုခဲ့သော အကြောင်းအရာများမှာ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း အသစ်အကြောင်း၊ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည့် နေရာသစ်များကို ရှာဖွေ ဖော်ထုတ်ခြင်း၊ မတူညီသည့် ဈေးကွက် အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး Hospitality လုပ်ငန်းကို မြှင့်တင်ခြင်း၊ အကျိုးအမြတ် များသည့် ဟိုတယ်စီးပွားရေး လုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခြင်း စသည့် အကြောင်းအရာတို့ဖြစ်သည်။Sphere Confrances မှ အထွေထွေ မန်နေဂျာ Ms Patricia Cheong က “မြန်မာဟာ ကမ္ဘာမှာ ခရီးသွားလုပ်ငန်း တိုးတက်မှု အမြန်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ခရီးသွား ၄ ဒသမ ၆ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ တိုးတက်မှုနှုန်း မြန်ဆန်လာပြီး ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ၄ ဒသမ ၆၈ သန်းအထိ ရှိလာခဲ့သည်။ လက်ရှိ ၂၀၁၆  ခုနှစ်အတွင်း ခရီးသွား ၅ ဒသမ ၅ သန်းအထိ ဝင်ရောက်မည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ခန့်မှန်းထားပြီး ခရီးသွားဒေသသစ်များ ဖော်ထုတ်ခြင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှုများကြောင့် လာမည့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇ ဒသမ ၅ သန်း အထိ ဝင်ရောက်လာရန် မျှော်မှန်းထားကြောင်း သိရသည်။