ပို့ကုန်သွင်းကုန် လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်စေမည့် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် လာမည့် သြဂုတ်မှ စ၍ သုံးလကြာ စမ်းသပ် ဆောင်ရွက်မည်

ပို့ကုန်သွင်းကုန် လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်စေမည့် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် လာမည့် သြဂုတ်မှ စ၍ သုံးလကြာ စမ်းသပ် ဆောင်ရွက်မည်
Published 30 July 2016

ပို့ကုန်သွင်းကုန် လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေမည့် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ်ကို လာမည့် သြဂုတ်လမှ စတင်ကာ သုံးလကြာ စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။အဆိုပါစနစ် ကျင့်သုံးပါက ပို့ကုန် လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများသည် အကောက်ခွန်ရုံးသို့ လာရောက်ရန် မလိုဘဲ မိမိကိုယ်တိုင် သို့မဟုတ် အေဂျင်စီမှတစ်ဆင့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းထားသော ကွန်ပျူတာ အသုံးပြုကာ အကောက်ခွန် ရှင်းလင်းရေး စနစ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ၏ အကောက်ခွန် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance  System - MACCS) ကို ဂျပန်နိုင်ငံ၏ ငွေကြေး အကူအညီနှင့် ဂျပန်အကောက်ခွန်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်ကာလ သုံးလ ပြီးဆုံးပါက နိုဝင်ဘာလတွင် စတင် ဆောင်ရွက်တော့မည်ဖြစ်သည်။အဆိုပါစနစ် စတင် အသုံးပြုချိန်တွင် ရန်ကုန်မြို့တွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ၂၀၁၈ ခုနှစ်အတွင်း သုံးစွဲနိုင်ရန် ခန့်မှန်းထားသည်။ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း ကုန်ပစ္စည်း ဖွင့်ဖောက် စစ်ဆေးရန် လိုအပ်သော ကုန်ပစ္စည်းများသည် အကောက်ခွန်ရုံးတွင် လာရောက် စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံ ပြတင်းတစ်ပေါက် စနစ်တို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ရာ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့အကောက်ခွန်၏ ထုတ်ကုန်/သွင်းကုန်ဆိုင်ရာ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်း ဖြစ်သည်။ အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံတကာ အဆင့်မီ အကောက်ခွန် ရှင်းလင်းရေးစနစ် ဖြစ်စေရန်အတွက် MACCS ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ယခု ဆောင်ရွက်နေသည့် MACCS စနစ်သည် ဂျပန်နိုင်ငံတွင် အသုံးပြုနေသည့် NACCS (Nippon Automated Cargo and Port Consolidated System) ကို အခြေခံထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် MACCS စနစ်ကို ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ MACCS စနစ် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် အစိုးရမှ မြန်မာ အစိုးရကို ထောက်ပံ့ငွေ ယန်း ၃၉၉၀ သန်း (အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၁ သန်း) ပေးအပ်ခဲ့ပြီး သဘောတူညီမှုလက်မှတ် ရေးထိုးခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၅ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ငွေကို အာဆီယံ ပြတင်းတစ်ပေါက် စနစ်အရ အကောက်ခွန် ကဏ္ဍတွင် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။