အမျိုးသမီးများရဲ့ နေရာ

အမျိုးသမီးများရဲ့ နေရာ
Published 26 July 2016
ကျွန်း

စီဒေါဆိုတာ အခုအချိန်မှာ လူအတော်များများ ကြားဖူးနေကြပြီး ဖြစ်မယ်ထင်ပါတယ်။ မကြားဖူးသေးသူတွေအတွက် အနည်းငယ် ပြန်ပြောရရင် Convention on the Elimination of All Forms of Discrimination Against Women ဆိုတဲ့ စကားလုံးကို ထိပ်စာလုံးတွေယူပြီး အတိုကောက် CEDAW လို့ ခေါ်ရင်းကနေ မြန်မာအသံထွက်အတိုင်း စီဒေါလို့ အလွယ်ရေးကြ၊ ခေါ်ကြတာပါ။ မြန်မာလို အဓိပ္ပာယ်က အမျိုးသမီးတွေ အပေါ်မှာ နည်းမျိုးစုံနဲ့ ခွဲခြား ဆက်ဆံမှုတွေအားလုံး ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရက လက်မှတ်ရေးထိုးထားသလို အစီရင်ခံစာလည်း ပုံမှန်တင်ရပါတယ်။ စီဒေါစာချုပ်ဝင် နိုင်ငံတွေကို စောင့်ကြည့်သုံးသပ်ဖို့ စီဒေါကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီမှာ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ကမ္ဘာ့ပညာရှင် ၂၃ ဦး ပါဝင်ပါတယ်။စီဒေါကော်မတီရဲ့ ၆၄ ကြိမ်မြောက် အစည်းအဝေးကို ဒီလဆန်းပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေရော၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရော အဲဒီမှာ သွားရောက်တင်ပြ အစီရင်ခံကြရပါတယ်။ ဒီနှစ်မှာ စင်ပြိုင် အစီရင်ခံစာကို အစိုးရမဟုတ်တဲ့ အဖွဲ့ငါးဖွဲ့ကရေးပြီး စီဒေါကော်မတီကို တင်သွင်းခဲ့ပါတယ်။ အဲဒီအတွက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃၀ ပတ်ဝန်းကျင် အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ဇူလိုင် ၁၁ ရက် နံနက်ပိုင်းမှာ အဲဒီအကြောင်းကို သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပြီးပြီမို့ သတင်းတွေကို ဖတ်ကောင်းဖတ်မိပြီး ဖြစ်ကြမယ်လို့ ထင်ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာတော့ စင်ပြိုင်အစီရင်ခံ စာရေးသားရာမှာ ပါဝင်ခဲ့သူတွေကို သွားရောက်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ရှင်းလင်း တင်ပြကြပါတယ်။ ကျွန်မက လက်ရှိမှာ ဘယ်အဖွဲ့အစည်းမှာမှ တာဝန် ထမ်းဆောင်နေခြင်း မရှိပေမယ့် မိမိရဲ့ စိတ်ဝင်စားမှုအရ စေတနာ့ဝန်ထမ်း ပါဝင်ရင်း အဲဒီရှင်းလင်း တင်ပြတဲ့ အစီအစဉ်ကို တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ကျွန်မတို့ကို စင်ပေါ်ကနေ တက်တက်ကြွကြွ ပြန်လည် ရှင်းလင်းပြနေသူတွေကို ကြည့်ရင်း၊ နားထောင်ရင်း စိတ်အားတက်ကြွမှုတွေကို ကူးစက်ခံစားမိပါတယ်။ လတ်တလောမှာ ဆောင်ရွက်ချက်များစွာ ရှိနေပေမယ့် ပြောင်းလဲမှုတွေက သိသာစွာ ရှိတယ်လို့ မဆိုနိုင်တဲ့ အနေအထားပါ။ အမျိုးသမီး အခွင့်အရေး ဆိုတာကိုတောင် နေရာတိုင်းမှာ ပြောလို့မရသေး။ ခွဲခြားဆက်ဆံမှုတွေက ယဉ်ကျေးမှု စံနှုန်းတွေထဲမှာ နှစ်များစွာ အမြစ်တွယ် ပျော်ဝင်ရင်း အမှန်တွေက အမှားလိုဖြစ်၊ အမှားတွေက အမှန်လိုဖြစ်နေတာ နှစ်ထောင်ချီ ကြာခဲ့ပါပြီ။အစိုးရကနေ ဆောင်ရွက်ပေးမှ ပြောင်းလဲပေးမှ ဖြစ်နိုင်မယ့် အရာတွေက အဓိကမို့ အထောက်အထားတွေနဲ့ တင်ပြ တောင်းဆိုနေကြရတာ ဖြစ်ပါတယ်။ စီဒေါစင်ပြိုင် အစီရင်ခံစာ ရေးသားရာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်သလို ရန်ပုံငွေ နည်းပါးစွာနဲ့ လည်ပတ်နေရတဲ့ ဒေသခံ အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ဒီနှစ်စင်ပြိုင် အစီရင်ခံစာကို တိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်းပေါင်း ၃၀ ကျော်၊ ပြည်တွင်းဒေသ အသီးသီးက အမျိုးသမီး အဖွဲ့အစည်း ၁၇၀ ကျော် ပါဝင်ရေးသားခဲ့တယ်လို့ ဖတ်ကြား တင်သွင်းခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။ အချက်အလက်တွေကို စုစည်း ကောက်ယူရတာ မလွယ်လှသလို၊ ရရှိတဲ့ အလွန်တိုတောင်းတဲ့ အချိန်ကလေး အတွင်းမှာ အစီရင်ခံ တင်ပြရတာလည်း မလွယ်လှပါဘူး။ စီဒေါကော်မတီက တွေ့ရှိချက်တွေကို သုံးသပ်ပြီး ဘာတွေ ဆက်လက် ဆောင်ရွက်သင့်တယ်လို့ အစိုးရကို တိုက်တွန်းပြောဆိုတဲ့ နိဂုံးချုပ် သုံးသပ်ချက် (Concluding Observations) ကို ထုတ်ပြန်တဲ့အခါ အဲဒါတွေကို အစိုးရက နှစ်နှစ်အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါသတဲ့။ တစ်နှစ်အကြာမှာလည်း သက်တမ်းကာလ တစ်ဝက်အတွက် အစီရင်ခံစာ တင်ရမှာမို့ စီဒေါကော်မတီရဲ့ တိုက်တွန်းချက်တွေကို အစိုးရက လိုက်နာ ဆောင်ရွက်သလားဆိုတာ အရပ်ဘက် အဖွဲ့အစည်းတွေရော၊ အများပြည်သူတွေကပါ စောင့်ကြည့်လို့ ရပါသတဲ့။ သာမန်ပြည်သူတွေချည်း ဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ ကျား-မ ရေးရာ တန်းတူညီမျှရေး အတွက် စီဒေါက ယန္တရားတစ်ရပ် ဖြစ်ပါတယ်။စီဒေါကော်မတီ အစည်းအဝေး အတွေ့အကြုံတွေကို နားထောင်နေရင်း ကျွန်မစိတ်ဝင်စားမိတာက  ညာဘက်ထောင့်ကနေ ထိုင်ပြီး တက်တက်ကြွကြွ ပြန်လည်ပြောပြနေတဲ့ ကိုယ်စားလှယ် နော်ခင်ဖြူမြင့်ကိုပါ။ သူ့ကို ၂၀၁၁-၂၀၁၂ လောက်က လုပ်ငန်းခွင်ထဲမှာ ဆုံခဲ့ဖူးစဉ်က ဒီလိုပုံစံမဟုတ်။ ဘယ်လိုအရာတွေကများ သူ့ကို ဒီလို စိတ်အားတက်ကြွစေ ခဲ့ပါလိမ့်လို့ စဉ်းစားရင်း သိလိုစိတ်နဲ့ စကားပြောဖို့ ချိန်းဆိုဖြစ်ခဲ့ပါတယ်။ သူ့ကို ကျွန်မ သိခဲ့စဉ်က ဒေသခံ ကွန်ရက်တစ်ခုဖြစ်တဲ့ အမျိုးသမီး အဖွဲ့များ ကွန်ရက်မှာ အလုပ်လုပ်နေခဲ့သူပါ။ သို့ပေမဲ့ အခုအချိန်မှာ စင်ပြိုင်အစီရင်ခံစာ တင်ဖို့အတွက် ဒေသခံအဖွဲ့ (၁၅) ဖွဲ့ပေါင်းထားတဲ့ CAM လို့ အတိုကောက်ခေါ်တဲ့ CEDAW Action Myanmar မှာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေပါသတဲ့။ ဒါ့အပြင် NGO Gender Group လို့ ခေါ်တဲ့ ပြည်တွင်း အဖွဲ့အစည်းမှာလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ သက်ဆိုင်တဲ့ စီမံချက် တစ်ခုအတွက် စီမံချက် အရာရှိအဖြစ် တာဝန်ယူထားရပါသတဲ့။သူမက ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူ ကရင်၊ နှစ်ခြင်းခရစ်ယာန် အမျိုးသမီး ဖြစ်ပါတယ်။ အသက်က ၅၅ နှစ် ရှိပါပြီ။ အစိုးရဌာန တစ်ခုမှာ လက်နှိပ်စက် ဝန်ထမ်းအဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဘာသာရေး အဖွဲ့အစည်းက အလုပ်လုပ်ဖို့ လှမ်းခေါ်တဲ့အတွက် အလုပ်ထွက်ခဲ့ပြီး မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီက စာပေဖြန့်ချိရေး တာဝန်ခံ ဖြစ်လာပါသတဲ့။ အဲဒီနောက်မှာ နယ်က အမျိုးသမီးတွေကို ဦးတည်တဲ့ ငွေစု၊ ငွေချေး စီမံချက် တစ်ခုမှာ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးနောက်မှာ အရေးပေါ် အခြေအနေကို တုံ့ပြန်ဆောင်ရွက်ကြရင်း အမျိုးသမီး အဖွဲ့များစွာ ပေါ်ပေါက်လာပါတယ်။ အဲဒီအမျိုးသမီး အဖွဲ့တွေကို စုစည်းပေးတဲ့ ကွန်ရက်ကလေး စတင်ထူထောင်ရာမှာ သူမက အတွင်းရေးမှူးအဖြစ် တာဝန်ယူပေးခဲ့ရပါသတဲ့။ ကွန်ရက်က ရန်ပုံငွေမရှိဘဲ စတင်ခဲ့တာပါ။ ကွန်ရက် ဖွဲ့စည်း ပုံပြောင်းတဲ့အခါ သူမက ကွန်ရက်ချိတ်ဆက်မှု အပိုင်းမှာ လက်ထောက်အနေနဲ့ တာဝန်ယူ ပေးခဲ့ပါတယ်။ သူမက စီဒေါကို စိတ်ဝင်စားတဲ့ အတွက် စီဒေါနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေကို ကွန်ရက်ကိုယ်စား တက်ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာ ကျန်းမာရေး မကောင်းလို့ ကွန်ရက်ကထွက်ပြီး အနားယူနေဆဲ၊ CAM ရဲ့ လိုအပ်ချက်အတွက် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူပေးခဲ့ရတာ ဖြစ်ပါတယ်။ဂျနီဗာ အတွေ့အကြုံနဲ့ ပတ်သက်လို့တော့ သူမကပြောမယ့်၊ ဖြေကြားမယ့်သူတွေကို ဝိုင်းဝန်းကူညီ ပံ့ပိုးပေးတဲ့ အပိုင်းမှာပဲ တာဝန်ယူခဲ့ပါသတဲ့။ သို့ပေမဲ့ အစီရင်ခံစာ တင်သွင်းသူတွေကို အားကျမိပြီး နောက်တစ်ကြိမ် အစည်းအဝေးမှာ အစီရင်ခံ စာဖတ်ဖို့ တာဝန်ပေးရင် ဖတ်နိုင်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။သူမက အမျိုးသမီး ခေါင်းဆောင်တွေကို ထိပ်ပိုင်းမှာတင် မဟုတ်ဘဲ အောက်ခြေမှာလည်း များလာစေချင်ပါသတဲ့။ သူမတို့ရဲ့ ဘာသာရေးအသင်း အဖွဲ့တွေထဲမှာလည်း အမျိုးသမီးတွေ နေရာရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အဲဒါက အမျိုးသမီးတွေ အရည်အချင်း မရှိလို့၊ မလုပ်နိုင် မကိုင်နိုင်လို့ မဟုတ်ဘဲ ယောက်ျားလေးတွေကိုသာ နေရာပေးချင်တဲ့ အစဉ်အလာ စိတ်ထားတွေကြောင့်လို့ သူမက ဆိုပါတယ်။ ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေ ကိုယ်တိုင်ကိုက နေရာမယူဘဲ ယောက်ျားလေးတွေကိုသာ နေရာပေးချင်နေကြတာ ဖြစ်ပါသတဲ့။သူမရဲ့ အမျိုးသမီး သူငယ်ချင်း ၁၀ အိမ်မှူးတစ်ဦးရဲ့ အတွေ့အကြုံအရ အောက်ခြေက အမျိုးသမီး ခေါင်းဆောင်တွေရဲ့ အခက်အခဲ အနည်းငယ်ကို ကြားသိရပါတယ်။ ရပ်ရွာကိစ္စတွေကြောင့် အိမ်မှုကိစ္စတွေ လစ်ဟင်းရင် မိသားစုဝင်တွေရဲ့ ဆူပူကြိမ်းမောင်း ပြစ်တင်ခြင်းခံရတာ ရှိသလို၊ ယောက်ျားတွေ ကြီးစိုးတဲ့နေရာမှာ အမျိုးသမီး တစ်ဦးတည်း ဖြစ်နေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလို့  ယူဆရမယ့် မထိတထိ ပြောဆိုမှုတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဒါ့အပြင် ထက်မြက်တဲ့သူမကို ပညာစမ်းမှုတွေလည်း ရင်ဆိုင်ကျော်ဖြတ်ရပါသတဲ့။ သူမက သူငယ်ချင်းကို စိတ်မလျှော့ဘဲ ဆက်လုပ်ဖို့ အားပေးနေပါတယ်။ ၁၀ အိမ်မှူး သုံးယောက်တိုင်းမှာ တစ်ယောက်ကို အမျိုးသမီး ဖြစ်စေချင်တယ်လို့ သူမက ဆိုပါတယ်။ အဆင့်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေတိုင်းမှာ အမျိုးသမီး သုံးပုံတစ်ပုံ အနည်းဆုံး ပါဝင်စေချင်တဲ့ သဘောဖြစ်ပါတယ်။သူမနဲ့ စကားပြောရင်း လွန်ခဲ့တဲ့ ၉ နှစ် လောက်က လုပ်ငန်းခွင်ထဲမှာ တွေ့ဖူးခဲ့တဲ့ ဒေသခံ အဖွဲ့အစည်းတစ်ခုက အမျိုးသမီး တစ်ဦးကို လှမ်းသတိရမိပါတယ်။ သူမက အဲဒီမြို့က မြို့မျက်နှာဖုံး တစ်ဦးပါ။ အပျိုကြီး ဖြစ်ပြီး အလွန်ရှက်တတ်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှု အခြေအနေတွေကို တားဆီး ကာကွယ်တဲ့ စီမံချက်မှာ ပါဝင်ဆောင်ရွက်ရင်း လိင်အလုပ်သမလေးတွေကို ပညာပေး စည်းရုံးခြင်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ပြည့်တန်ဆာအိမ်တွေကို စသွားကာစမှာရှက်လို့ အသိတွေ မတွေ့အောင် ပုန်းကွယ်ရင်း သွားခဲ့ရပါသတဲ့။ နောက်ပိုင်းမှာတော့ လိင်အလုပ်သမလေးတွေကို အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပညာပေးသူတွေ အဖြစ် မြို့ခံလူထုကမြင်ပြီး ပွဲလမ်းသဘင်တွေ ဖိတ်တဲ့အဆင့်အထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ သူတို့ လုပ်ငန်းတွေရဲ့ အစပိုင်းမှာ ရန်ပုံငွေ အလွန်နည်းတဲ့အတွက်၊ ရန်ပုံငွေ မလောက်တဲ့ ကာလတွေမှာ အိတ်စိုက် ဆောင်ရွက်ခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေက အများပြည်သူ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှု ခံနေရတာတွေကို မမြင်နိုင် မကြည့်နိုင်တော့လို့ ဝင်လုပ်ခဲ့ကြတာတွေပါ။ လိင်အလုပ်သမတွေထံ သွားကြတဲ့ အမျိုးသား ဧည့်သည်တိုင်းက ကိုယ့်တာဝန် ကိုယ်ယူပြီး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု မရှိကြတဲ့အတွက် အဲဒီလိုတွေ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ မဆောင်ရွက်ရင် အဲဒီအမျိုးသားတွေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရတဲ့အပြင်၊ သူတို့ထံက သူတို့ရဲ့ ဇနီးသည်တွေနဲ့ မွေးဖွားလာမယ့် ကလေးတွေပါ ဆက်လက် ကူးစက်ခံကြရမှာ ဖြစ်ပါတယ်။“မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ အမျိုးသမီး ခေါင်းဆောင် များများစားစားရှိလို့လား” တဲ့။ မကြာခဏ ကြားဖူးနေကျ မေးခွန်းကလေး ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်တွေကို မထုတ်တဲ့ မေးခွန်းတွေ၊ အမျိုးသား ခေါင်းဆောင်တွေကို စောင့်ကြည့်ခြင်း မရှိတဲ့ အကြည့်တွေကို ရင်ဆိုင်ရင်း၊ ရဲရဲဝံ့ဝံ့ တိုးထွက်လာကြတဲ့ အမျိုးသမီး ခေါင်းဆောင်တွေကို ကျွန်မတို့ ယနေ့မှာ တွေ့မြင်နေကြရပါပြီ။ နေရာလေးတွေ ပေးကြည့်ပါ။ လုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အခြား ကျား-မ အခြေပြု အကြမ်းဖက်မှုလို အတားအဆီးတွေကို ဖယ်ရှားပေးကြည့်ပါ။ ခွဲခြားဆက်ဆံတဲ့ အစဉ်အလာတွေကို လျှော့ချ ပြင်ဆင်ပေးကြည့်ပါ။ ကျား-မရေးရာ မျက်မှန်လေးတွေ တပ်ပြီး အမြင်တွေ ပြောင်းကြည့်ပေးပါ။ သူတို့ ပိုပြီး ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ သူတို့ကို အားကျတဲ့ အမျိုးသမီးငယ်လေးတွေလည်း ကြိုတင်ပြင်ဆင်ပြီး ရှေ့ဘက်ကို ပိုမိုတိုးထွက်လာကြပါလိမ့်မယ်။ အားသာချက်၊ အားနည်းချက်တွေ မတူညီတဲ့ အပြင်၊ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေ အတွက် မြင်ပေးနိုင်၊ ကိုယ်စားပြုပေးနိုင်တဲ့ အနေအထားချင်း မတူညီတဲ့အတွက် အမျိုးသမီး ခေါင်းဆောင်တွေကိုလည်း ကျွန်မတို့ လိုအပ်ပါတယ်။ အဲဒါက အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို အတူတကွ ဖန်တီး တည်ဆောက်နိုင်ကြဖို့ အတွက် ဖြစ်ပါတယ်။

Most Read

Most Recent