(၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Keqiang တို့သည် ဇူလိုင် ၁၆ ရက်တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Keqiang က ပြေကြားခဲ့ကြောင်း တရုတ် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။Xinhua သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၆ နှစ်တာ ကာလ တစ်လျှောက်လုံးတွင် နှစ်နိုင်ငံ ပူးပေါင်း ဖော်ဆောင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူ (၅) ချက်ကို အခြေခံပြီး မိတ်ဆွေ အိမ်နီးချင်း ဆက်ဆံရေးကို စဉ်ဆက်မပြတ် တိုးမြှင့်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် မြန်မာပြည်သူ လူထုမှ ရွေးချယ်ခဲ့သော ၎င်းတို့ နိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လေးစားမှု ထားရှိကြောင်း၊ မြန်မာနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်သွားရန် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် အဆင့်မြင့် အစိုးရ အဖွဲ့ဝင်များ ပိုမို တွေ့ဆုံခြင်းဖြင့် နှစ်နိုင်ငံ နိုင်ငံရေးအရ ယုံကြည်မှု တိုးမြှင့်နိုင်ရေးနှင့် ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအစဉ်များ ရေးဆွဲသွားလိုကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Keqiang က ပြောကြားခဲ့သည်ဟု သိရသည်။ထို့ပြင် တရုတ် ဝန်ကြီးချုပ်က တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန် လွန်စွာ အကျိုးပြုနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာ အလွန်ကြီးမားကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်သွားလိုပြီး အခြေခံ အဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေးနှင့် ရေအရင်းအမြစ် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုဘ၀ မြှင့်တင်နိုင်ရန် တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး အပြန်အလှန် အကျိုးပြုနိုင်သော ပူးပေါင်းဆောင်ရွက်မှု ပိုမို ကောင်းမွန်လာရန် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။သမ္မတ ဦးထင်ကျော်ကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံသည် ကာလတစ်လျှောက်လုံးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ချက်ကို လိုက်နာခဲ့ကြသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ် အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန်အလေးထားပြီး အဆင့်မြင့် အစိုးရ အရာရှိများ အပြန်အလှန် တွေ့ဆုံမှုများကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် များစွာ ဝမ်းမြောက်ကြောင်းနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာပြည်သူ လူထု၏ လူမှုဘ၀ မြင့်မားရေးနှင့် အကျိုးဖြစ်ထွန်းစေရန် အတွက် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာရန် မြန်မာနိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းတွင် ဖော်ပြခဲ့သည်။သမ္မတ ဦးထင်ကျော်သည် (၁၁) ကြိမ်မြောက်အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဇူလိုင် ၁၅ ရက်က နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သလို ဇူလိုင် ၁၆ ရက်တွင်လည်း မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ရှိ ASEM Villa ၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang၊ နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte၊ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် Xavier Bettel၊ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Juha Sipila၊ အက်စတိုးနီးယားနိုင်ငံ ဝန်ကြီးချုပ် Taavi Roivas နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံက ထောက်ပံ့ ကူညီမည်ဟု သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် ပြောကြား