NLD ရုံးချုပ်၌ ကျင်းပမည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲများ ပြုလုပ်မည်

NLD ရုံးချုပ်၌ ကျင်းပမည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲများ ပြုလုပ်မည်
Published 17 July 2016
အောင်ဇော်ထွန်း

(၆၉) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟို ဌာနချုပ်၌ ကျင်းပမည်ဖြစ်ရာ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။
အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စေလိုသည်ဟု ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်အထိ NLD ပါတီဥက္ကဋ္ဌ အဖြစ် ရှိနေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးတာဝန် ထမ်းဆောင်နေ၍ ဥပဒေအရ ပါတီ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိသည့်အပေါ် ဦးဟံသာမြင့်က ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ဦးဟံသာမြင့်က “ကျွန်တော်တို့ အဖွဲ့ချုပ်မှာ သူက အခုအထိက ဥက္ကဋ္ဌ အနေနဲ့ ရှိတုန်းပဲ။ သူ့နေရာလည်း ဘယ်သူမှ မရှိဘူး။ ဥက္ကဋ္ဌ အနေနဲ့ ဥပဒေအရ သူက ဥက္ကဋ္ဌ အနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်လို့ မရဘူး။ သူ့ကို ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ရော၊ ကျွန်တော်တို့ ပါတီခေါင်းဆောင် အနေနဲ့ရော ဘယ်လိုပဲဖြစ်ဖြစ် ဖိတ်လို့ ရတယ်။ သို့သော် ကျွန်တော်တို့က အခုအခြေအနေနဲ့ ဆိုရင်တော့ တက်မယ်ဆိုရင် ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး သမီးတစ်ယောက် အနေနဲ့ အောက်မေ့ဖွယ် အခမ်းအနားကို လာပြီး ချီးမြှင့်တဲ့ သဘောနဲ့ လာတယ် ဆိုရင်လည်း လာလို့ ရတာပေါ့။ သူက ဥက္ကဋ္ဌ အနေနဲ့ မိန့်ခွန်းတို့ ဘာတို့ ပြောလို့ကတော့ ဖြစ်မယ် မထင်ဘူး။ သို့သော်လည်း တက်တာကတော့ တက်ရင် ဖြစ်နိုင်မယ်လို့ ထင်တာပေါ့။ ထင်လို့ တက်စေချင်တာပေါ့။ လာမယ် မလာဘူး ဆိုတာက ကျွန်တော်တို့လည်း အသေအချာ မသိသေးပါဘူး” ဟု ပြောကြားသည်။
NLD ပါတီ အနေဖြင့် နှစ်စဉ် ဇူလိုင် ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကို ပါတီ ဗဟိုရုံးချုပ်၌ ကျင်းပခဲ့ရာ ယခင်နှစ်များက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ပြည်သူတို့နှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်း NLD အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က “အရင်ကလည်း ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ လာစေချင်ကြတဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိတာပေါ့။ ဒါပေမဲ့ လာဖြစ်ခြင်း မလာဖြစ်ခြင်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဆန္ဒအများကတော့ ခါတိုင်းနှစ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ပါတီရဲ့ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဒီနှစ်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သွားတဲ့ အခါကျတော့ ဒီသူ့အဖေရဲ့ အာဇာနည် အောက်မေ့ဖွယ် အခမ်းအနားကို လာမယ်လို့လည်း အများက မျှော်လင့် တောင့်တနေတယ်။ လာမယ်ဆိုရင်လည်း အတိုင်းမသိ ပြည်သူလူထုနဲ့တကွ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မျှော်လင့်မိတာတော့ အမှန်ပါ” ဟု ပြောကြားသည်။
ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် အဆင့်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေတို့ တက်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် အာဇာနည် ဗိမာန်တွင် ကျင်းပမည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက် ဂါရဝပြုမည် ဖြစ်သည်။
လွတ်လပ်ရေးကို အသက်ပေး ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို ထာဝစဉ် သတိရနေရန် ရည်ရွယ်၍ အာဇာနည်နေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတွင် ပြုလုပ်မည်ဖြစ်ရာ အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ အဖွဲ့အစည်း အသီးသီးနှင့် ပြည်သူလူထုတို့ အဆင်ပြေ ချောမွေ့စွာ လာရောက် ဂါဝရပြုနိုင်ရေး၊ လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အထူး ဂရုပြုရေး စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့် ပါဝင်သည့် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent