နယုန်အလွမ်း

နယုန်အလွမ်း
Published 26 June 2016
ရဲခေါင်မဲမောင်

နယုန်လသို့ ရောက်ပေပြီ။
၁၂၂၉ ခုနှစ် နယုန်လက ဦးပုည ကွယ်လွန်ခဲ့ခြင်း ဖြစ်သောကြောင့် ယခုနှစ် နယုန်လတွင် နှစ်ပေါင်း ၁၄၉ နှစ်ပြည့်ပြီ ဖြစ်သည်။ ဦးပုညသည် စာဆိုအကျော် ကဝိမော် ဖြစ်သည်။ ကဗျာအကျော် ကဝိတော် ဖြစ်သည်။ ဦးပုညကို အင်္ဂလန်နိုင်ငံမှ ထင်ရှားကျော်ကြားသော စာဆို ရှိတ်စပီးယားနှင့်ပင် ခိုင်းနှိုင်းကြသူများ ရှိကြသည်။
ကျွန်တော်သည် ဦးပုညကို ကျောင်းသင်ခန်းစာများမှ တစ်ဆင့် စတင် သိကျွမ်းခဲ့ရသည် ထင်ပါသည်။ အထူးသဖြင့် ‘ရေသည် ပြဇာတ်’ ဖြင့် နှလုံးသားမှာ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရသည်။ ဦးပုညသည် ရေသည်ပြဇာတ်၊ ဝိဇယပြဇာတ်၊ ပဒုမပြဇာတ်၊ ကောသလပြ ဇာတ်၊ ဝါသုဒေဝပြဇာတ်များကို ရေးဖွဲ့သွားခဲ့ပေရာ ရေသည်ပြဇာတ်ကို အထူးပင် ကျွန်တော် သဘောကျခဲ့သည်။ ရေသည်ယောကျ်ား ၏ ဘဝကိုဖွဲ့သည့်
‘‘လူ့ပြည်ရွာမှာ၊ ဝမ်းစာခဲခက်၊ မုရင်းထ မင်း၊ ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းကနက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုတ်များကို၊ တစ်လုပ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုး နပ်လေ ငဲ့ . . . ’’ ဆိုသောအပိုဒ်မှ  ‘‘အာဂပါးစပ်၊ လူဖြစ် ကျိုးနပ်လေငဲ့...’’ဆိုသည့်အဖွဲ့ကလေးကို ကြက်သီးမွေးညင်းထမျှ သဘောကျလှသည်။
ရေသည်မိန်းမ၏ အလှဘွဲ့တွင်
‘‘ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့ မရေသည်...’’ ဟူ၍ ဖွဲ့ဆိုထားရာ၌လည်း ‘‘စိတ်ပျက်အောင် လှပါတဲ့...မရေသည်’’ဆိုသော အသုံးကလေးကို နင့်နင့်နဲနဲ နှစ်သက် သဘောကျမိလေသည်။ ‘အလှ’ဟု ဆိုရာ၌  မည်သည့်အလှမျိုးပင် ဖြစ်ပါစေ ကြည့်မြင် ခံစားရသူ မှန်သမျှ စိတ်ပျက် စိတ်ညစ်ကြရိုး ထုံးစံမရှိ။ နှစ်သက်ခြင်း၊ ကြည်နူးခြင်း၊ စွဲလန်း တမ်းတခြင်း၊ ချစ်ခင်မြတ်နိုးခြင်းတို့သာ ဖြစ်ပေါ်ခံစားကြရလေ့ရှိသည်။ ယခု ရေသည်မလေး၏ အလှကို ‘‘စိတ်ပျက်စရာ ကောင်းလောက်အောင်လှသည်’’ဟု ဦးပုညက ရေးဖွဲ့လိုက်ရာ စကားလုံး အလွန်ပြောင်မြောက်လှသောကြောင့် စိတ်လက်ညစ်ညူးခြင်း မဖြစ်မိဘဲ ပျော်ရွှင်ရယ်မော မိသွားသည်။
ပြဇာတ်စာပေနှင့် ပတ်သက်၍ ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း စာအုပ်တွင်
‘‘ပြဇာတ်ရေးရာတွင် ဦးပုညနှင့် ဦးကြင်ဥတို့သည် တစ်မျိုးစီကောင်းကြသည်။ ဦးကြင်ဥက မိမိတီထွင်ဉာဏ်ဖြင့် ဒဏ္ဍာရီပုံပြင်ကို ဖန်တီး၍ ပြဇာတ်ရေးသည်။ ဦးပုညက ဘုရားဟော ဇာတ်ဝတ္ထုများကို မှီးငြမ်းပြု၍ရေးသည်။ ဇာတ်ကြောင်းဆင်ရာတွင် ဦးကြင်ဥက ပင်ကိုယ်ဉာဏ်ကို အသုံးပြုသောကြောင့် ဦးပုညထက်သာသည်ဟု ဆိုရပေမည်။ သို့ရာတွင် စကားလုံးကြွယ်ဝမှု၊ စိတ်ကိုထိခိုက်စွဲငြိအောင် ဖွဲ့ဆိုမှု၊ ရယ်ရွှင်ဖွယ်ဖြစ်အောင် ရေးသားမှုတို့၌ ဦးပုညက ဦးကြင်ဥထက်သာသည်။ အားလုံးပေါ်တွင် ခြုံ၍ကြည့်မည်ဆိုသော် နှစ်ဦးစလုံးပင် ပထမတန်းစား ထားထိုက်သော ပြဇာတ်ဆရာကြီးများ ြဖစ်ကြသည်’’ဟူ၍ ချီးကျူး ရေးသားထားကြောင်း တွေ့ရပေသည်။
ဦးပုညကို ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်၌ စလေမြို့ တိုက်စုရပ်တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးမြတ်စံမှာ သာယာဝတီမင်း၏ အိမ်တော်တွင် အကြီးတော်အဖြစ် တာဝန်ထမ်းဆောင်ရသည်။ မိခင်ဒေါ်ရင်လှမှာ စလေပုခန်းငယ် မြို့သူကြီး၏ သမီးဖြစ်သည်။ ဦးပုည၏ ငယ်နာမည်မှာ မောင်ပုတ်စည် ဖြစ်သည်။ ဦးပုည နှစ်နှစ်သားအရွယ်ခန့်က မိဘများကခေါ်၍ အမရပူရမြို့ရှိ သာယာဝတီမင်း၏ အိမ်တော်သို့ သွားကြသည်။ စည်တော်ရုံ၌ ခေတ္တနားကာ လှည့်လည်ကြည့်ရှုစဉ် နှစ်နှစ်သားကလေးက စည်တော်ကြီးများကို ပုတ်ခတ်ကစားခဲ့သည်။ သာယာဝတီမင်း သိသွားသောအခါ ‘‘စည်ကြီးများကို ပုတ်ခတ်ကစားခြင်းမှာ ဤသူငယ်ကြီးသောအခါ ကဗျာလင်္ကာမှစ၍ ပညာအလုံးစုံ တတ်မြောက်မည့် နိမိတ်ဖြစ်သည်’’ဟု နိမိတ်ဖတ်လျက် ရွှေဒေါင်းခွက် နှစ်ကျပ်သား၊ ငွေခြေကျင်း ခေါင်းပွကြီး တစ်ရံတစ်ဆယ်သားကို သနားချီးမြှင့် လက်ဖွဲ့တော်မူရင်း ‘‘မောင်ပုတ်စည်’’ အမည်တွင်စေဆိုကာ အမည်ပေးခဲ့သဖြင့် ငယ်အမည် မောင်ပုတ်စည် တွင်ခြင်းဖြစ်သည်။
သာယာဝတီမင်း နိမိတ်ဖတ်သည့် အတိုင်းပင် ဦးပုညသည် ငယ်ရွယ်စဉ် အသက် ၂၀ ခန့်မျှလောက်မှ စတင်ကာ ကွယ်လွန်သည့် အသက် ၅၅ နှစ်အထိ နှစ်ပေါင်း ၃၅ နှစ်အတွင်း စာမျိုးစုံကို ကြောက်ခမန်းလိလိ ရေးသားခဲ့သည်။ မော်ကွန်းများ၊ ရကန်များ၊ လင်္ကာများ၊ တေးထပ်များ၊ ဗေဒင်ဟောကိန်းများ၊ မေတ္တာစာများ၊ ဆေးကျမ်းများ၊ ပြဇာတ်များ၊ ရှင်ပြုနားထွင်း မင်္ဂလာဖိတ်စာများ၊ ဒုံးချင်းများ အစရှိသဖြင့် စုံလင် များပြားလှသည်။
စာဆိုကြီး ဦးပုညသည် မင်းခစား ဖြစ်သည့်အလျောက် အားလပ်ချိန် နည်းပါးလှသော်လည်း အချိန်တိုင်း စာ၊ ကဗျာ၊ လင်္ကာများကို ရေးသားနေလေ့ရှိသည်။ မိမိဆန္ဒအလျောက်ဖြစ်စေ၊ သူတစ်ပါးက ရေးသားပေးရန် တောင်းဆိုသည့် အခါများမှာဖြစ်စေ မညည်းညူစတမ်း ရေးသားပေးသည့်သူလည်း ဖြစ်သည်။ ဦးပုညရေးသားသော ပြဇာတ်များတွင် ပဒုမပြဇာတ်သည် ပထမဦးဆုံး ပြဇာတ်ဖြစ်သည်။ မင်းတုန်းမင်းကြီး၏ မိဖုရားများ ကိုယ်ကျင့်တရား ပျက်ပြားကာ လော်လည် ဖောက်ပြန်နေကြသည်ကို ဆိုဆုံးမ လိုသောကြောင့် ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီးက ဦးပုညကို ရေးဖွဲ့စေသော ပြဇာတ်ဖြစ်လေသည်။ ခြေ၊ လက်၊ နား၊ နှာခေါင်းတို့ကို ခိုးမှုအပြစ်အတွက် အဖြတ်ခံထားရသည့် သူခိုးတစ်ယောက်ကို ပဒုမမင်းသား၏ ကြင်ယာတော် မင်းသမီးက မေတ္တာသက်ဝင် ချစ်ခင်တော်မူကြောင်းကို . . .
‘‘ခြောက်စစလုံး၊ ငုတ်ငုတ်တုံး၊ မဒုံးပိုးသွင်း၊ လုံးပုပုနှင့် ရှုတိုင်းယဉ်၊ ထိပ်တင်မောင်မောင်တို ဘုရား။ သိကြားကြည်ညို၊ အကျိုးလို၍၊ ပေါင်တိုနှင့်မယ်၊ နှစ်ဘုန်းဆုံလို့ ကြုံရ တယ်၊ စံပယ်ပွင့်သစ်၊ ကြဌာန်းရိပ်ခို၊ သည် ရွှေကိုယ်ကို၊ တိုတိုငယ်ချစ်လျှင်ဖြင့်၊ မုန်းပစ်တော် မမူရက်ပါနှင့်၊ သက်တနှိုင်း၊ နေ့တိုင်း မယ်ကလွမ်းပါတယ်။ ကြော့ဆုံးရွှေကိုယ်၊ ဘုန်းတိုတိုကို၊ ရေလိုမေတ္တာသွင်းပါတယ်။ တကယ် ဧကန်၊ သဘောရိုးကြံသူကို၊ လက်ခံတော် မူသင့်ကောင်းပါ ငဲ့တုံးကြီးရှင့်’’
ဟူ၍ ဖွဲ့ဆိုထားရာ လော်လီဖောက်ပြန်တတ်ကြသည့် မိန်းမတို့၏ အကျင့်စရိုက်အမှန်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ကြောင်း တွေ့ရသည်။ ဤ ပဒုမ ပြဇာတ်ပါ ကဗျာအသုံးအနှုန်းနှင့် အကြောင်းအရာများကို ဖတ်ရှုလျက် မင်းတုန်းမင်းကြီး၏ မိဖုရားများ ဆင်ခြင်တုံတရားရကာ အမှားမြင် အမှန်ပြင်သွားကြသည်ဟု ဆိုပါသည်။
အဆိုပါ ပြဇာတ်များနည်းတူ မင်းတုန်းမင်းတရားကြီး၏ သားတော်များ ဆိုးသွမ်းနေကြသဖြင့် အသိလိမ္မာရစေရန်အတွက် ကနောင်မင်းသားကြီးက ဦးပုညကို ပြဇာတ်တစ်ပုဒ် ရေးခိုင်းပြန်သည်။ ထို့ကြောင့် ဦးပုညသည် သီဟိုဋ္ဌ်မဟာဝင်ကျမ်းမှ သိဟဗာဟု ဇာတ်လမ်းကျောရိုးကို ယူကာ ဝိဇယဇာတ်ကို ရေးသားသည်။ ဝိဇယဇာတ်တွင် ဖွဲ့နွဲ့သုံးနှုန်းထားသည့် ‘‘ပြည်မတိုင်းသား၊ မှူးမတ်များတို့၊ ကြားတိုင်းမြင်တိုင်း၊ ဆိုးယုတ်တိုင်းကို၊ ဟုတ်တိုင်းမတင်၊ သားတော်သော့သွမ်း၊ ဟော့ရမ်းသည့် အမှု၊ တစ်ထောင်လောက်ပြုလို့မှ တစ်ခုသာ တင်ပါသည်’’ ဟူသောစကား ‘‘ရေမြေသနင်း၊ မင်းတို့ဓမ္မတာ၊ ပြည်သူနှင့်သား၊ အချစ်အားဖြင့် မခြားရာ၊ မေတ္တာညီမျှ ကောင်းပေသည်’’ ဟူသော စကားများမှာ ချစ်လျှင် အကျိုး၊ မုန်းလျှင်အပြစ် ဆိုသည့်အတိုင်း လူတို့သည် ချစ်စိတ်ဝင်နေပါက မည်မျှပင် ဆိုးညစ် ယုတ်မာနေစေကာမူ အပြစ်တင်၊ အပြစ် မြင်လေ့မရှိကြဘဲ မုန်းတီးသည့်စိတ် ဖြစ်ပေါ်နေပါကမူ ကောင်းမြတ်သော အပြုအမူ အပြောအဆိုများ ရှိနေလင့်ကစား အပြစ်တင် မုန်းတီးကြသည့် သဘာဝကို ထင်ရှားစေပါသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများအနေဖြင့်လည်း ကျောသားရင်သား မခွဲခြားဘဲ ပြည်သူနှင့် ရင်သွေး ဆွေမျိုးသားချင်းအပေါ် တူညီသော မေတ္တာကိုသာ ထားရှိရမည် ဆိုသည်ကိုလည်း သဘောပေါက် နားလည်စေပါသည်။
သို့သော် ထိုဝိဇယ ပြဇာတ်ကြောင့်ပင် စာဆိုတော်ကြီး ဦးပုည အသတ်ခံရသည်ဟု သမိုင်းက ဆိုပါသည်။ မင်းတုန်းမင်း၏ သားတော်များဖြစ်သော မြင်ကွန်း၊ မြင်းခုံတိုင်မင်းသား နှစ်ပါးတို့ ထကြွ ပုန်ကန်ကြခြင်းမှာ ဦးပုညရေးသားသည့် ဝိဇယပြဇာတ်ကို ဖတ်ရှုပြီး အားကျသောကြောင့်ဟု သမိုင်းတင်သည်။ မြင်ကွန်းနှင့် မြင်းခုံတိုင်မင်းသားတို့ကို စစ်ဆေးသောအခါ ဦးပုည ဗေဒင်တွက်ချက်၍ အခါပေးခဲ့သည်ဟု ဖြေကြသည်။ ဦးပုညကို မေးလျှင် ‘‘နီးရာဓား ကြောက်ရသည်’’ ဟု ဖြေလေသည်။

Most Read

Most Recent