နိုင်ငံခြားငွေ အာမခံထားပြီး ငွေချေး ယူနိုင်ခြင်း၊ ကုန်သွယ်မှုချေးငွေ ထုတ်ပေးခြင်း၊ အတိုး တစ်နှစ်လျှင် လေးကြိမ် ထုတ်ယူနိုင်ခြင်း အပါအဝင် ဝန်ဆောင်မှု အသစ်များ MICB ဘဏ် ပေးအပ်

နိုင်ငံခြားငွေ အာမခံထားပြီး ငွေချေး ယူနိုင်ခြင်း၊ ကုန်သွယ်မှုချေးငွေ ထုတ်ပေးခြင်း၊ အတိုး တစ်နှစ်လျှင် လေးကြိမ် ထုတ်ယူနိုင်ခြင်း အပါအဝင် ဝန်ဆောင်မှု အသစ်များ MICB ဘဏ် ပေးအပ်
Published 25 June 2016
စည်သူအောင်

နိုင်ငံခြားငွေ အာမခံထားပြီး ငွေချေး ယူနိုင်ခြင်း၊ ကုန်သွယ်မှုချေးငွေ ထုတ်ပေးခြင်း၊ အတိုး တစ်နှစ်လျှင် လေးကြိမ် ထုတ်ယူနိုင်ခြင်း အပါအဝင် ဝန်ဆောင်မှု အသစ်များကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) က ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။MICB ဘဏ်တွင် စာရင်းပြောင်းခြင်း၊ ငွေသားပေးသွင်းခြင်း၊ ချက်လက်မှတ်ဖြင့် ငွေသားထုတ်ပေးခြင်း၊ ငွေပေးအမိန့်လွှာ ထုတ်ပေးခြင်းတို့၏ ပျမ်းမျှ အရေအတွက်သည် နေ့စဉ် တိုးတက်လျက် ရှိခြင်းကြောင့် ဘဏ်အရာထမ်း အသီးသီးသို့ ဆောင်ရွက်နိုင်ခွင့်ရှိသည့် ပမာဏများ ထပ်မံတိုးမြှင့် သတ်မှတ်ခြင်း၊ Electronic Queuing System အသုံးပြုပြီး ကောင်တာတွင် ပြီးပြတ်အောင် ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသစ်များ ဆောင်ရွက်ပေးနိုင်ရန် ဘဏ်အရာထမ်း၊ ဝန်ထမ်းများအား ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းများသို့ တက်ရောက်စေခဲ့ကြောင်း သိရသည်။ဘဏ်အသုံးပြုသူ ပြည်သူများ၏ ငွေစုဆောင်းမှု ပိုမို တိုးမြင့်လာစေရရန် ရည်ရွယ်ပြီး ငွေစုဘဏ်အပ်ငွေ အတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်းဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်အတိုး ထည့်ပေးခြင်းအစား သုံးလ တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် လေးကြိမ်ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာ၊ မတ်လ စာရင်းပိတ်ပြီးချိန်တွင် အတိုး ထည့်သွင်းပေးသွားမည်ဖြစ်သည်။ထို့အတူ ငွေဖြစ်လွယ်ပြီး စီမံခန့်ခွဲနိုင်သော နိုင်ငံခြားငွေ (ငွေမာငွေကြေး) အား အာမခံရယူကာ ကျပ်ငွေထုတ်ချေးသည့် လုပ်ငန်း (Bilateral Interbank Lending) အား ဘဏ်၏ စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းချက်များဖြင့် ရွေးချယ်သတ်မှတ်ပြီး နိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာကျပ်ငွေ ထုတ်ချေးပေးရန် စီစဉ်ထားသည်။ထို့ပြင် MICB ဘဏ်သည် ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သော လုပ်ငန်းများကို ဝန်ဆောင်ပေးနေရာ ဘဏ်မှ စံနှုန်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းရှင်၏ ကျပ်ငွေဖြင့် ချေးငွေအပေါ် အခြေခံသည့် သွင်းကုန်ငွေလွှဲစာတမ်းကို Margin လျှော့ယူခြင်းနှင့် ပို့ကုန် လုပ်ငန်းတွင် ပစ္စည်း တင်ပို့ပြီးသည်နှင့် ပို့ကုန်ငွေလွှဲ စာတမ်းအောက်မှ ငွေကြိုတင် ထုတ်ပေးခြင်းဆိုင်ရာ ကုန်သွယ်မှုချေးငွေ လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။MICB ဘဏ်သည် နိုင်ငံပိုင်ဘဏ် တစ်ခုဖြစ်ပြီး နိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၉၉၀) အရ ပြည်တွင်းဘဏ် လုပ်ငန်းနှင့် နိုင်ငံခြားဘဏ် လုပ်ငန်း ဆောင်ရွက်ပေးရန် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရသော ဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလတွင် အခြားနိုင်ငံပိုင် ဘဏ်များနှင့်အတူ ဖြေလျှော့မှု ရရှိခဲ့ရာ ဝန်ဆောင်မှုသစ်များ ပေးအပ်လာခြင်းဖြစ်သည်။