မိုဘိုင်းကမ္ဘာရဲ့ဒစ်ဂျစ်တယ်ကြော်ငြာ တော်လှန်ရေး

မိုဘိုင်းကမ္ဘာရဲ့ဒစ်ဂျစ်တယ်ကြော်ငြာ တော်လှန်ရေး
Published 8 June 2016

ဒီနေ့ခေတ်မှာ ဖောက်သည်တွေရဲ့ဝယ်ယူသုံးစွဲမှု ပုံစံတွေ ပြောင်းလဲလာသလို ကြော်ငြာ ရေစီးကြောင်းဟာလည်း ပုံသဏ္ဌာန်တွေ ပြောင်းလဲလာပါတယ်။ ဒီနေ့ခေတ်မှာ ဝယ်ယူသုံးစွဲသူတစ်ဦးရဲ့ ထုတ်ကုန်တစ်ခုကို ဝယ်ယူသုံးစွဲဖို့ ဆုံးဖြတ်ချက်ချပုံဟာ အလွန် ရှုပ်ရှုပ်ထွေးထွေးနိုင်တဲ့ ပုံစံမျိုးဖြစ်လာတယ်လို့ ဆိုပါတယ်။ အလားတူပဲ ကြော်ငြာတဲ့ပုံစံတွေဟာလည်း သမားရိုးကျ မဟုတ်တော့ဘဲ အဆန်းတကြယ် နိုင်လွန်းတဲ့ ပုံစံမျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အင်တာနက်ခေတ်မှာ လူတွေဟာ အွန်လိုင်းပေါ်ကို ရောက်လာကြပါတယ်။ နေ့စဉ်နဲ့အမျှ အွန်လိုင်းပေါ်မှာ သုံးစွဲကြရင်း အွန်လိုင်းအသုံးပြုသူတွေဟာ သိသိသာသာရော မသိမသာပါ ကြော်ငြာတွေနဲ့ ပက်ပင်းတိုးကြရတာ ဖြစ်ပါတယ်။ ဒါဟာ ၂၁ ရာစုမှာ မရှောင်လွှဲနိုင်တဲ့ ကိစ္စဖြစ်ပြီး အရင်ကြုံခဲ့ရတဲ့ ပုံနှိပ်မီဒီယာ ကြော်ငြာတွေ ရုပ်သံကြော်ငြာတွေနဲ့ ကွဲပြားလာခဲ့တာ ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင်တော့ တီဗွီမှာ ကြော်ငြာတစ်ခုလာတယ်။ သတင်းစာမှာ ကြော်ငြာတစ်မျက်နှာ တွေ့တယ်ဆိုတာကို  ကြော်ငြာတစ်ခုရဲ့ အချင်းအရာတွေနဲ့ အလွယ်တကူ သတိပြုမိတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူမှုကွန်ရက်သုံးရင်း၊ အင်တာနက်မှာ တစ်စုံတစ်ခုကို ရှာဖွေရင်းနဲ့ ကြော်ငြာခံနေရတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကြော်ငြာခံလိုက်ရတယ်ဆိုတာ ကိုယ်တိုင်တောင် သိချင်မှ သိတာမျိုးပါ။
Facebook Pageတွေဟာ ကြော်ငြာဖြစ်သလို မိုဘိုင်းဆော့ဖ်ဝဲတချို့ဟာလည်း ကြော်ငြာတွေဖြစ်ပါတယ်။
ဈေးဝယ်သူစုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်း လောက်ဟာ အွန်လိုင်းကမ္ဘာရဲ့လွှမ်းမိုးမှုခံနေရပြီး ဈေးဝယ်သူ လေးရာခိုင်နှုန်းလောက်ပဲ အွန်လိုင်းအသုံးမပြုဘဲ ဆုံးဖြတ်ကြတာလို့ ဆိုပါတယ်။
မိုဘိုင်းဖုန်းခေတ် ဖြစ်လာလို့ ကြော်ငြာတွေဟာလည်း မိုဘိုင်းပေါ်ကို အလျင်အမြန် ရောက်ရှိလာခဲ့ကြတယ်။ ၂၀၁၄  ခုနှစ်တုန်းကတော့ ဒစ်ဂျစ်တယ်ကြော်ငြာ စုစုပေါင်းရဲ့ ၃၈ ဒသမ ၅ ရာခိုင်နှုန်းဟာ မိုဘိုင်းပေါ်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၅၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ အခု ၂၀၁၆ ခုနှစ်မှာတော့ ၆၂ ဒသမ ၆ ရာခိုင်နှုန်း အထိ ရှိလာဖို့ခန့်မှန်းထားပြီး လာမယ့် ၂၀၁၇  ခုနှစ်မှာဆိုရင် ၆၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီ ၂၀၁၆ ခုနှစ်ထဲမှာပဲ ဒစ်ဂျစ်တယ်ကြော်ငြာတွေဟာ တီဗွီကြော်ငြာတွေကို ဖြတ်ကျော်လိမ့်မယ်လို့လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ပြောရရင် ဒီနှစ်အနည်းငယ်အတွင်းမှာ မိုဘိုင်းထုတ်ကုန်တွေရဲ့ နေရာယူမှုဟာ အရမ်းသိသာခဲ့ပြီး သုံးစွဲသူတွေကို အချိန်တိုအတွင်း သိမ်းသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ နေ့စဉ် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုကို ကြည့်မယ်ဆိုရင် ပီစီကွန်ပျူတာ အသုံးပြုမှုက ပုံမှန်အတိုင်းလောက်ပဲ ဆက်ရှိနေပေမယ့် မိုဘိုင်းအသုံးပြုမှုကတော့ နှစ်အလိုက် တိုး က်လာတာကို တွေ့ရတယ်။ ဒီစစ်တမ်းကိုတော့ အမေရိကန်မှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၂  ခုနှစ်က တစ်ရက်ကို မိုဘိုင်းအသုံးပြုမှုက ပျမ်းမျှ ၁ ဒသမ ၆ နာရီနဲ့ Deskstop, Leptop စတဲ့ ပီစီကွန်ပျူတာ အသုံးပြု မှုက ၂ ဒသမ ၅ နာရီဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မိုဘိုင်းအသုံးပြုမှု က ၂ ဒသမ ၃ နာရီနဲ့ ပီစီအသုံးပြုမှုကလည်း ၂ ဒသမ ၃ နာရီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မှာ မိုဘိုင်းအသုံးပြုမှုက ၂  ဒသမ ၆ နာရီ ဖြစ်လာပြီးပီစီ အသုံးပြုမှုက ၂ ဒသမ ၄ နာရီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မိုဘိုင်းအသုံး ပြုမှုက ၂ ဒသမ ၈ နာရီနဲ့ ပီစီအသုံးပြုမှုက ၂ ဒသမ ၄ နာရီပဲ ဖြစ်ပါတယ်။
မိုဘိုင်းကြော်ငြာတွေကနေ ဝင်ငွေရရှိမှုမှာ  Facebook, Twitter, Instagram တို့ဟာ အကြီးမားဆုံး အကြောင်းရင်းခံတွေအဖြစ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ Facebook အနေနဲ့ မိုဘိုင်းကနေ ဝင်ငွေရရှိမှုဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ၆ ဒသမ ၃ ဘီလျံအထိ ရှိလာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ Google ကလည်း မိုဘိုင်းကနေ ဝင်ငွေ သုံးဆ တက်လာဖို့ မျှော်မှန်းထားပါတယ်။ Facebook နဲ့ Google တို့ဟာ ဒစ်ဂျစ်တယ်ကြော်ငြာတွေကနေ ဝင်ငွေရရှိမှုမှာ ထိပ်ဆုံးက ဦးဆောင်နေဦးမှာ ဖြစ်ပါတယ်။ ဒါက အခြားအရာအားလုံးအတွက်လည်း စိန်ခေါ်မှု ဖြစ်စေပါတယ်။ ဈေးကွက်ထိုးဖောက်မှုက တစ်နေရာတည်းမှာပဲ စုပြုံတိုးနေကြသလို ဖြစ်လာစေပါတယ်။
ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့လည်း နည်းလမ်းသစ်တွေကို ရှာဖွေလာရပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ကြရပါတော့တယ်။ မိုဘိုင်းကမ္ဘာမှာတော့ ဒစ်ဂျစ်တယ် တော်လှန်ရေးတွေက တစ်ခုပြီးတစ်ခု စောင့်ကြိုနေဦးမှာပဲ ဖြစ်ပါတယ်။