၃၈ ဖြာမင်္ဂလာ ကဗျာလေးများ၏ အတ္ထုပ္ပတ္တိ

၃၈ ဖြာမင်္ဂလာ ကဗျာလေးများ၏ အတ္ထုပ္ပတ္တိ
Published 8 June 2016
ဖေဒီ

(၁)လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့မမှီဝဲနဲ့ ကင်းအောင်နေ။ပညာရှိကို အရှည်တွဲလို့မှီဝဲဆည်းကပ် နည်းယူစေ။သုံးပါးရတနာ မိဘများနှင့်ဆရာသမားကို ပူဇော်လေ။ချမ်းသာကိုပေး ဆက်ဆံရေးမျှော်တွေး သုံးချက်ပေ။အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ဤကဗျာလေးများကို မြန်မာနိုင်ငံရှိ ကလေးတိုင်းလိုလို နှစ်ခြိုက်ခုံမင် ပျော်ရွှင်စွာ ရွတ်ဆိုလေ့ ရှိကြသည်။ ကလေးများ သာမက လူကြီး လူရွယ်များပါ ကြိုက်နှစ်သက်ကြသော ကဗျာလေးများလည်း ဖြစ်သည်။ မင်္ဂလသုတ် ပါဠိကို မြန်မာလို ရေးဖွဲ့ထားသည့် ကဗျာလေးများ ဖြစ်သဖြင့် ယင်းကဗျာလေးများကို ‘မင်္ဂလာ ကဗျာများ’ ဟု ခေါ်ဝေါ်ကြလေ့ ရှိသည်။မြန်မာ့ ကလေးများတွင် သူတို့ပိုင်၊ သူတို့ အတွက်သာဟု သတ်မှတ် ခံယူပြီး မြတ်မြတ်နိုးနိုး ရွတ်ဆိုကြသော ကဗျာလေးများ ရှိသည်။ ထိုအထဲတွင် ဆရာကြီး မင်းသုဝဏ်၏ ‘ဝါဆို ဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်၊ ခရာဆူးခြုံ ဟိုအထဲက၊ မျှော့နက်မဲ (မည်း)ကြီး တွယ်လိုက်လိမ့်မယ်’ ဆိုသော ကဗျာလေးနှင့် ဤမင်္ဂလာ ကဗျာလေးများမှာ ကလေးတို့ အချစ်တော် အလွန်ထင်ရှားသော ကဗျာလေးများ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။(၂)‘လူမိုက်ဆိုလျှင် မမှီဝဲနှင့်’ အစချီသော မင်္ဂလာ ကဗျာလေးများမှာ ပုဒ်ရေပေါင်း ၁၂ ပုဒ် ရှိသည်။ မင်္ဂလသုတ် ပါဠိဂါထာများမှာ ၁၁ ဂါထာ ရှိပြီး ယင်းဂါထာ တစ်ပုဒ်ကို ကဗျာတစ်ပုဒ် ရေးထားသဖြင့် ကဗျာ အပုဒ်ပေါင်း ၁၁ ပုဒ် ရှိသည်။သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ပျက်ပြားနေကြ ကမ္ဘာမြေဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့လူနှင့်လူချင်း သတ်ကာနေ။ငြိမ်းချမ်းပါစေ အာသီသနှင့်စွမ်းနိုင်ရာ ကူညီသလေ။သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားရေးသားဖြန့်ကာဝေ။အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာက သိပါစေ - ဆိုသော နိဂုံးချုပ် ကဗျာလေး တစ်ပုဒ် အပို ပါလာသဖြင့် ၁၂ ပုဒ်ဖြစ်သွားခြင်း ဖြစ်သည်။(၃)ဤကဗျာလေးများ မပေါ်ပေါက်မီက ဆိုလျှင် မင်္ဂလသုတ်ကို ပါဠိရော အနက်ပါ ကျက်ကြရသည်။ ဘုန်းတော်ကြီး အရိုက်ခံရမည်ကို ကြောက်၍သာ ကျက်ကြရသည်။ အဓိပ္ပာယ်ကို နားမလည်။ အာဂုံ အလွတ်တော့ ရသည်။ ဘာဆိုလိုမှန်း သဘောမပေါက်။ နှိုင်းယှဉ်ကြည့်ပါဦး။အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ဤပါဠိတော်၏ အနက်ကိုလည်း အောက်ပါအတိုင်း ကျက်ကြရသည်။ဘောဒေဝပုတ္တ-အိုနတ်သား။ ဗာလာနံ-လူမိုက်တို့ကို။ ယာအသေဝနာစ-အကြင် မမှီဝဲ မဆည်းကပ်ရခြင်းသည် လည်းကောင်း။ ပဏ္ဍိတာနံ-ပညာရှိတို့ကို။ ယာသေဝနာစ-အကြင် မှီဝဲဆည်းကပ်ခြင်းသည် လည်းကောင်း။ ပူဇနေယျာနံ-ပူဇော်ထိုက်သော သူတို့ကို။ ယာပူဇာစ-အကြင် ပူဇော်ရခြင်းသည် လည်းကောင်း။ အတ္ထိ-ရှိ၏။ ဧတံ-ဤသုံးပါးသော မင်္ဂလာတရားသည်လျှင်။ ဥတ္တမံ-မြတ်စွာသော။ မင်္ဂလံ- မင်္ဂလာမည်၏ ဟူ၍။ တွံ-သင်နတ်သားသည်။ ဂဏှာဟိ-မှတ်လေလော့။ဤပါဠိနှင့် ဤအနက်တို့ကို ကျက်မှတ်ပြီး အဓိပ္ပာယ်ကို နားလည်ရသည်နှင့်လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့မမှီဝဲနဲ့ ကင်းအောင်နေ။ပညာရှိကို အရှည်တွဲလို့မှီဝဲဆည်းကပ် နည်းယူစေ။သုံးပါးရတနာ မိဘများနှင့်ဆရာသမားကို ပူဇော်လေ။ချမ်းသာကိုပေး ဆက်ဆံရေးမျှော်တွေး သုံးချက်ပေ။အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေဆိုသော ကဗျာလေးကို ကျက်မှတ်ပြီး နားလည်ရသည်တို့တွင် အဘယ်က ပိုမို ရှင်းလင်း လွယ်ကူသည်ကို နှိုင်းယှဉ်ပြီး ကြည့်နိုင်ပါသည်။ဤကဗျာလေးကို ဆိုလိုက် ကျက်လိုက်ရပြီးသည့် နောက်တွင် ကလေး၏ ခေါင်းထဲ၌ လူမိုက်ကို မပေါင်းရဘူး။ ပညာရှိကို မှီဝဲ ဆည်းကပ်ရမယ်။ ရတနာသုံးပါးနှင့် ဆရာမိဘများကို ပူဇော်ရမယ်ဆိုသော အသိနှင့် အမြင်များ လျှပ်စီးလက်သလို တန်းပြီး ဝင်ရောက်နိုင်သွားနိုင်ပါသည်။ ဘာဆိုလိုတယ် ဆိုတာကို တန်းပြီး မက်ဆေ့ချ်ပေးနိုင်ခြင်းသည် ဤကဗျာလေးများ၏ ထူးကဲမှု ဂုဏ်ရည် ဖြစ်ပါသည်။(၄)မှတ်သားဖွယ် သာမက ဆိုလို့ ရွတ်လို့ပင် အလွန်ကောင်းလှသော ဤမင်္ဂလာ ကဗျာလေးများကို ရေးဖွဲ့ခဲ့သူမှာ မည်သူနည်း။ ဆရာကြီး မင်းသုဝဏ်လော၊ ဆရာ မောင်ဖြူးလော။ မဟုတ်ပေ။ ဤမင်္ဂလာကဗျာလေးများကို ရေးသားခဲ့သူမှာ ဆရာကြီး ဒဂုန်ဦးထွန်းမြင့် (၁၉၀၈-၁၉၇၂) ဖြစ်သည်။ ၁၉၆၉ ခုနှစ်၊ မေ ၁၁ ရက်တွင် ဝိုင်အမ်ဘီအေ အသင်းကြီးမှ ဒဂုန်ဦးထွန်းမြင့်အား မင်္ဂလာ ကဗျာကလေးများ ရေးသားခဲ့သည့်အတွက် ဆုငွေ ကျပ် ၂၅၀ ချီးမြှင့်ခဲ့သည်။ ဦးထွန်းမြင့်၏ မိတ်ဆွေ ရင်းချာများပင်လျှင် သတင်းစာများတွင် ယင်း ဆုချီးမြှင့်သည့် သတင်း ပါလာတော့မှ သည်ကဗျာလေးများကို ဦးထွန်းမြင့် ရေးသားကြောင်း သိလိုက်ကြရသည်ဟု ဆိုပါသည်။(၅)ဆရာကြီး ဒဂုန်ဦးထွန်းမြင့်က ဤကဗျာလေးများ ရေးဖွဲ့ဖြစ်ခဲ့ပုံ အကြောင်းကို ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဆောင်းပါးတစ်စောင် ရေးခဲ့သားခဲ့သည်။ ယင်းရေးသားချက်အရ ဤကဗျာလေးများမှာ ဝိုင်အမ်ဘီအေ အသင်းကြီးက ကျင်းပသော မင်္ဂလာ စာမေးပွဲ၏ ပထမဆုံး ဆုနှင်းသဘင်ကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းဆုနှင်းသဘင်ပွဲကို (၁၃၁၁ ခု၊ တန်ခူးလဆန်း ၂ ရက်) ၁၉၅၀ ပြည့်နှစ် မတ် ၁၉ ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပခဲ့သည်။ ဦးထွန်းမြင့်က ဆက်ရေးခဲ့သည်မှာ-‘ယင်းမင်္ဂလာ ဆုနှင်းသဘင် အခမ်းအနား မတိုင်မီ တစ်ရက်နှစ်ရက်လောက်တွင် ဝိုင်အမ်ဘီအေ အသင်းကြီး၏ နာယကဖြစ်သော မီးရထားကုန်ရုံ ဝန်ထောက် ဦးဘသန်းက ကျွနု်ပ်အား သမ္မတကြီး အိမ်တော် မင်္ဂလာ စာမေးပွဲ ဆုနှင်းသဘင်သို့ ဆုယူဖို့ ကျောင်းသားတွေ သွားသောအခါ ဆိုသွားရအောင် မင်္ဂလသုတ် ပါဠိဂါထာများ၏ အဓိပ္ပာယ်ကို ဆိုလို့ကောင်းသည့် ကဗျာကလေးတွေ ရေးပေးစမ်းပါဟု ခိုင်းလေသည်။ အချိန် နီးကပ်နေသော်လည်း မင်္ဂလသုတ် စာမေးပွဲ ဆုနှင်းသဘင်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသောကြောင့် ခိုင်းသည့်နေ့၌ပင် အားလုံး ရေးပြီးသွားလေသည်။ မင်္ဂလသုတ် ပါဠိဂါထာ တစ်ပုဒ်ကို သူ့အဓိပ္ပာယ်အတိုင်း ကလေးများ နားလည်အောင် ကဗျာတစ်ပုဒ် ပြန်ဆိုရေးသားသဖြင့် ကဗျာ ၁၁ ပုဒ် ရသည်။ ထိုနေ့ညတွင် ဦးဘသန်း ရောက်လာသဖြင့် ဖတ်ပြရာ အချို့စကားလုံး နှစ်လုံးသုံးလုံးကို သဘောမကျ ဖြစ်နေသဖြင့် သူသဘောကျသည့် အတိုင်း ပြင်ပေးရသည်။ဦးဘသန်းသည် ကလေးကဗျာလေးများကို ညတွင်းချင်းပင် စာကူးစက်ဖြင့် လှည့်ပြီး ရန်ကုန်နယ်နိမိတ် အတွင်းရှိ ကျောင်းများသို့ သွားပြီး ရွတ်ပြသည်ဟု သိရသည်။ နောက်တစ်နေ့ (၁၃၁၁ ခု၊ တန်ခူးလဆန်း ၂ ရက်) နံနက် ၇ နာရီလောက်တွင် ရန်ကုန်နယ်နိမိတ် အတွင်းရှိ ကျောင်းများမှ မင်္ဂလာစာမေးပွဲ အောင်သော ကျောင်းသားများ ဘတ်စ်ကားကြီးတွေဖြင့် မင်္ဂလာ ကဗျာကလေးများကို ရွတ်ဆိုပြီး သမ္မတကြီး အိမ်တော်သို့ လာကြရာ တစ်မြို့လုံး မင်္ဂလာ ကဗျာသံတွေ လွှမ်းသွားသည်ဟု ထင်ရသည်။ အချိန်ကျ၍ မင်္ဂလာဆုပေးရန် သမ္မတကြီး ထွက်လာသော အခါ၌လည်း အိမ်တော်ရှေ့ မြက်ခင်းပြင် မင်္ဂလာဆုနှင်းသဘင် ကျင်းပရာ အခမ်းအနား၌ တစ်မြို့လုံးရှိ ကျောင်းသားများနှင့် ဧည့်ပရိသတ် လူကြီးများပါ အားလုံး မတ်တတ်ရပ်ပြီး မင်္ဂလာ ကဗျာများကို ရွတ်ဆိုကြသည်။ထိုအခါမှ စ၍ ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် ဝိုင်အမ်ဘီအေ မင်္ဂလာ စာမေးပွဲအတွက် မင်္ဂလာ ကဗျာကလေးများကို သင်ပေးလေသည်။ ထိုမှနောက်၌ကား မြန်မာပြည် အရပ်ရပ်ရှိ ကျောင်းများတွင်လည်း သင်ကြားပေးကြလေသည်။ ဤသို့ဖြင့် မင်္ဂလာ ကဗျာကလေးများမှာ တစ်ပြည်လုံး ပျံ့နှံ့သွားလေသည်။(၆)၃၈ ဖြာ မင်္ဂလာ ကဗျာလေးများမှာ ယနေ့တိုင် မရိုးနိုင်အောင် ထွန်းပ မြင့်မားဆဲ ဖြစ်ပါသည်။ သို့ရာတွင် ဒဂုန် ဦးထွန်းမြင့် ရေးသားခဲ့သော ကဗျာများဖြစ်ကြောင်း သိသူကား မရှိသလောက်ပင် ရှားတာလား သို့မဟုတ် ရေးသူအမည် အလိုအလျောက် ပျောက်သွားလောက်အောင် ကဗျာလေးများ၏ တွင်ကျယ် ပြန့်ပွား စိုးမိုးနိုင်မှုက ကြီးမားလွန်းလှတာလား။ အပြန်ပြန် အလှန်လှန် တွေးနေမိသည်။