သောင်းတိုက်က ကြားစေသား (၁၂) ▬ ကျူးကျော်မှု၊ ပုဒ်မ-၄၄၇ နှင့် စစ်အစိုးရလွန် စိန်ခေါ်ချက်

သောင်းတိုက်က ကြားစေသား (၁၂) ▬ ကျူးကျော်မှု၊ ပုဒ်မ-၄၄၇ နှင့် စစ်အစိုးရလွန် စိန်ခေါ်ချက်
Published 8 June 2016
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင်များနှင့် ပြည်သူများကို အမှိုက်ကောက် လှုပ်ရှားမှုဖြင့် ဒီမိုကရေစီ အသွင်အပြင် လက္ခဏာ တစ်ခုဖြစ်သော စည်းကမ်း လိုက်နာမှုကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့သည်။ ဇမ္ဗူဒိပ် နိမိတ်ဟု ဆိုရမလား မသိ ရွေးကောက်ပွဲ အောင်ပွဲခံခဲ့ သဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရသည် အမှိုက်သိမ်း အစိုးရ ဖြစ်လာသည်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘက်ပေါင်းစုံ ချွတ်ခြုံကျ ပြိုလဲပျက်စီးနေသည့် အနံ့တထောင်းထောင်း အမှိုက်ပုံ နိုင်ငံကြီးကို လက်ခံ ရရှိလိုက်ခြင်း ဖြစ်သည်။အမွေ ဆက်ခံခဲ့ရသည့် ပြဿနာ မျိုးစုံ အနက် “ကျူးကျော် ပြဿနာ” သည် အဓိက စိန်ခေါ်မှုများ အနက် အရေးကြီးသော စိန်ခေါ်ချက် တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသည်။ ၁၉၆၂ ခုနှစ်မှ စတင်၍ နိုင်ငံနှင့် အဝှမ်း မတရားမြေ သိမ်းထားသည့် ပြဿနာ၊ ယင်းပြဿနာကို တန်ပြန်သည့် ထွန်တုံးတိုက်ပွဲနှင့် လယ်သမားများက မိမိတို့ ဓားမဦးချ မြေများကို အတင်း ဝင်ရောက်သဖြင့် ကျူးကျော်သူ အဖြစ် တရားစွဲဆို ခံရသည့် ပြဿနာ၊ မြို့ပြများတွင် အိုးမဲ့၊ အိမ်မဲ့များက နိုင်ငံပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ ပုဂ္ဂလိကပိုင် မြေများကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်သဖြင့် “မြို့ပြ ကျူးကျော်မှု ပြဿနာ”၊ စစ်အစိုးရ အဆက်ဆက် သယ်ဆောင်လာခဲ့သည့် အနှီပြဿနာ၊ ဤပြဿနာများသည် ယခုအစိုးရသစ် လက်ထက်တိုင် ရင်ဆိုင် ဖြေရှင်းရတော့မည် ဖြစ်ပါသည်။ ဤကျူးကျော် ပြဿနာကို မည်သည့် ရပ်တည်ချက်၊ မည်သည့် နည်းနာဖြင့် ဖြေရှင်း ကြမည်နည်း။ပြီးခဲ့သည့် အစိုးရ လက်ထက်က သမီးကလေး ကျေးရွာမှ အစပြု၍ ဘူဒိုဇာဖြင့် ထိုးဖျက်ခြင်း၊ လူအုပ်စုဖြင့် အကြမ်းဖက်ခြင်း စသည်ဖြင့် ဖြေရှင်းခဲ့သည်။ ဦးသိန်းစိန် အစိုးရမှာ ဘူဒိုဇာ အစိုးရအဖြစ် နာမည်ကျော်ခဲ့သည်။ ဦးသိန်းစိန် နန်းကျခါနီးဆဲဆဲ ၎င်းကို ထောက်ခံသူများက မြန်မာပြည် မြေပုံကို ရွှေချ၍ လက်ဆောင်ပေးရန် စီစဉ်သည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများကလည်း သမ္မတကြီး ဦးသိန်းစိန်ကို ရွှေဘူဒိုဇာဆု ချီးမြှင့်ရန် ကြံစည်ကြကြောင်း ကြားသိရသည်။ ထိုစဉ်က နိုင်ငံခြား အသံလွှင့်ဌာန တစ်ခုက ဆက်သွယ် မေးမြန်းရာတွင် ကျူးကျော်သည် ဆိုခြင်းမှာ အစိုးရပိုင်မြေကို ကျူးလွန်သည် ဖြစ်စေ၊ ပုဂ္ဂလိကမြေကို ကျူးကျော်သည် ဖြစ်စေ၊ ဥပဒေ ချိုးဖောက်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း၊ သို့ရာတွင် ဘူဒိုဇာဖြင့် ထိုးကာ ရက်ရက်စက်စက် ချေမှုန်းသည့် နည်းဖြင့် ဖြေရှင်းမလား (သို့မဟုတ်) ပြည်သူများအား သနားညှာတာသည့် နည်းဖြင့် မြေယာ အစားပေး ဆောင်ရွက်ခြင်း၊ အချိန်ပေး ဖြေရှင်းခြင်း၊ စသည့်နည်း သုံးမလား ဆိုခြင်းမှာ သက်ဆိုင်ရာ အစိုးရ၏ စေတနာနှင့် ပြည်သူအပေါ် ထားသည့် သဘောထားကို ဖော်ပြခြင်း ဖြစ်သည်ဟု ကျွန်တော် ဖြေကြားခဲ့ပါသည်။သို့ဖြစ်လျှင် ဥပဒေ အမြင်အရ ကျူးကျော်မှုဆိုတာ ဘာလဲ၊ ဘာ့ကြောင့် ကျူးကျော် ရသလဲ၊ လူမှုစီးပွားရေး ရှုထောင့်အမြင် (Socio-economic point of view) မှ မည်သို့ ဖြေရှင်းသင့်သလဲ စသည့် အချက်များကို စေ့ငု သုံးသပ်ရန် လိုပေလိမ့်မည်။ ကျူးကျော်မှု၏ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ်မှာ (Squatter) ဖြစ်သည်။ (Oxford) တက္ကသိုလ်ထုတ် အဋ္ဌမအကြိမ် ဥပဒေ အဘိဓာန်တွင် (Squatter) ၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။Squatter-(n) - a person unlawfully occupied land မြေကို တရားမဝင် လက်ဝယ်ထားသူ ဟူ၍ ဖြစ်သည်။ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ဗြိတိသျှ အစိုးရက ရခိုင်နှင့် တနင်္သာရီကို အိန္ဒိယ ဘုရင်ခံ အုပ်ချုပ်ရေးအောက်သို့ သွတ်သွင်းခဲ့သည်။ ထို အောက်မြန်မာနိုင်ငံတွင် ဗြိတိသျှ အစိုးရက မြေယာအုပ်ချုပ်မှု စနစ် (Land administration) ကျင့်သုံးရာတွင် မြေယာ စနစ်ကြီး (၅)မျိုး၌ “စကွာတာ” စနစ် “The Squartter System” ကို ထည့်သွင်း ကျင့်သုံးခဲ့သည်။ယင်းအချိန်က မြန်မာဘုရင်လက်အောက် အထက် မြန်မာနိုင်ငံမှ လူအများကို သိမ်းသွင်းရန် ရည်ရွယ်၍ မြေလွတ် မြေလပ်များ၌ လွတ်လပ်စွာ စိုက်ပျိုး လုပ်ကိုင်နေထိုင်ခွင့် ပြုသည်။ သို့ရာတွင် အသုံးပြုသည့် မြေအကျယ်အဝန်းအလိုက် အခွန်တော် ပေးဆောင်ရသည်။ သို့ငြားလည်း စိုက်ပျိုးရေး ရာသီ ပြီးလျှင် လုပ်ကိုင်သည့် လယ်မြေကို အစိုးရပိုင် ဖြစ်သဖြင့် လက်လွှတ်ရသည်။ ဤသူများကို “Squatter” ဟု ခေါ်သည်။ ထို့ကြောင့် လယ်သမားများမှာ လယ်လုပ်ပိုင်ခွင့်သာ ရှိပြီး မြေယာ ပိုင်ဆိုင်ခွင့် မရှိခဲ့ပေ။ (ကိုလိုနီနယ်ချဲ့၏မူ၊ လယ်လုပ်ကိုင်ခွင့်သာ ရှိပြီး လယ်မပိုင်သည့် မူကို ၁၉၆၂ မှစ၍ စစ်အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့သည်) ဤအချက်ကြောင့် မြေယာ အုပ်ချုပ်ရေး မတည်ငြိမ်ခဲ့ပေ။ ထို့အတွက် နယ်ချဲ့ အစိုးရက ၁၈၇၆ ခုနှစ်၊ မြေနှင့် အခွန်ဥပဒေနှင့် ၁၈၇၉ ခုနှစ်၊ မြေနှင့် အခွန်နည်းဥပဒေ (The Land And Revenue Act & Rules Under The Act 1*79) ကို ပြဋ္ဌာန်း၍ စကွာတာအဖြစ် နေထိုင် လုပ်ကိုင်သူတို့သည် တစ်ဆက်တည်း (၁၂) နှစ်တိတိ အခွန်မပြတ် ပေးဆောင်ပါက (Land Holder Right) ရရှိပါသည်။၎င်းဥပဒေအရ အစိုးရက မြေကို ပြန်လည် ရယူရန် အခွင့်အရေး မရှိတော့ပေ။ 
■ ဥပဒေ ရှုထောင့် အမြင်များတရားစီရင်ရေး နယ်ပယ်တွင် ပြစ်မှုကြောင်း အရ ပိုင်နက် ကျူးကျော်သူကို Criminal Trespasser ဟု သုံးနှုန်း ခေါ်ဝေါ်ပြီး တရားမကြောင်း အရ ကျူးကျော်သူကို Civil trespasser ဟု ခေါ်ဝေါ်သည်။ရာဇသတ်ကြီး ပုဒ်မ-၄၄၁ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည် -▬ မည်သူမဆို ပြစ်မှု ကျူးလွန်ရန် သို့တည်းမဟုတ် ပစ္စည်းလက်ရှိ ဖြစ်သူ တစ်ဦး တစ်ယောက်ကို ခြောက်လှန့်ရန်၊ သို့တည်းမဟုတ် စော်ကားရန်၊ သို့တည်းမဟုတ် ငြိုငြင်စေရန် အကြံဖြင့် သူတစ်ပါး၏ လက်ရှိ ပစ္စည်း အတွင်းသို့ ဖြစ်စေ၊ အပေါ်သို့ ဖြစ်စေ၊ ဝင်ရောက်လျှင်၊ သို့တည်းမဟုတ် ထိုပစ္စည်း အတွင်းသို့ ဖြစ်စေ၊ အပေါ်သို့ ဖြစ်စေ၊ တရားသဖြင့် ဝင်ရောက်ပြီးသည့်နောက် ပစ္စည်းလက်ရှိ ဖြစ်သူကို ခြောက်လှန့်ရန် သို့တည်းမဟုတ် စော်ကားရန်၊ သို့တည်းမဟုတ် စိတ်ငြိုငြင်စေရန်၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ဥပဒေနှင့် ဆန့်ကျင်ကာ ထိုပစ္စည်း၌ ဆက်လက်၍ နေလျှင် ထိုသူသည် “ပြစ်မှု မကင်းသော ကျော်နင်းမှု” ကို ကျူးလွန်သည် မည်၏။ပြစ်မှုကြောင်းအရ ကျူးကျော်သူ ဖြစ်ရန် တရားလို ကိုယ်ထိလက်ရောက် ရှိသော ပစ္စည်းကို ကျူးကျော်သူဖြစ်ရန် လိုအပ်သည်။ ရာဇသတ်ကြီးတွင် ပြစ်မှုမကင်းသော ကျော်နင်းမှုများနှင့် စပ်လျဉ်း၍ ပုဒ်မ-၂၂ ခု ပြဋ္ဌာန်းထားရာ အမျိုးအစားကို လိုက်၍ (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အချိန်ကာလကို လိုက်သည့် ကျော်နင်းမှုများ (ညအချိန် ကျော်နင်းမှုကို၊ နေ့အချိန် ကျော်နင်းမှုထက် အပြစ် ပိုကြီးသည်ဟု သတ်မှတ်သည်။) ရည်ရွယ်ချက်ကို လိုက်သည့် ကျော်နင်းမှုများ (ပစ္စည်းနှင့် လူအပေါ် ကျူးလွန်ရန် ရည်ရွယ်ချက်ကို တည်၍ ပြစ်မှု အကြီးအသေး ကွဲပြားသည်။) ပစ္စည်းကို လိုက်သည့် ကျော်နင်းမှုများ (နေအိမ်အား ကျော်နင်းခြင်းသည် လယ်ယာမြေ ကျော်နင်းခြင်းထက် အပြစ် ပိုကြီးသည်။) 
■ ရာဇသတ် ပုဒ်မ-၄၄၇ ၏ ညွှန်ပြချက်များရာဇသတ်ကြီး ပုဒ်မ-၄၄၁ သည် ပြစ်မှု မကင်းသော ကျော်နင်းမှု သို့မဟုတ် ကျူးကျော်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ-၄၄၇ မှာ ယင်းအတွက် ပြစ်ဒဏ် ဖြစ်သည်။ ယင်း၏ အပြစ်ဒဏ်မှာ ထောင်ဒဏ် (၃)လအထိ (သို့) ၅၀၀ိ/- အထိ၊ ငွေဒဏ်(သို့)ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ဦးမောင်မောင်နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ပါ-၂၊ ၁၉၇၉၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၁၁၉ အမှုတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၄၇ ပြစ်မှု မကင်းသော ကျော်နင်းမှုမျိုးတွင် တရားစွဲဆိုသည့် အချိန်၌ ဥပစာကို မည်သူက လက်ရှိ ဖြစ်သည်ကိုသာ အဓိက စဉ်းစားရန် လိုသည်ဟု လမ်းညွှန် ထုံးဖွဲ့ထားသည်။မြန်မာနိုင်ငံ ရာဇသတ်ကြီးသည် Indian Penal Code မှ ဆင့်ပွားခြင်း ဖြစ်သည်။ ratanlan နှင့် Dhirajlal တို့၏ Law of Crimes ကျမ်းတွင် ကွဲလွဲသော အယူအဆများ တွေ့ရသည်။ ယင်းကျမ်း စာမျက်နှာ-၂၂၄၉ တွင် အကျယ်တဝင့် ဖွင့်ဆိုသည်။အလာဟာဘဒ် တရားလွှတ်တော်ချုပ်က Motilal (၁၉၂၅) ၄၇ ဗူူ ဂ၅၅ယ ဂ၅ဂ အမှုကတည်းက လက်ရှိ ဖြစ်ရမည်ဟု ထုံးဖွဲ့ပြီး ဖြစ်သည်။ ကာလကတ္တား တရားလွှတ်တော်ချုပ်က Ishur Chunder Kurmokar Vs Seetul Das Mitter (1*72) ၊ ဘုံဘေ တရားလွှတ်တော်ချုပ်က Balkrishna Naher Velhankar Air 1924 Bom 4*6 မဒရပ် တရားလွှတ်တော်ချုပ်က Sheik Hyder Sahib Vs Sabjan Sahib (1931) တို့တွင် ဤအချက်ကို အတည်ပြုပြီး ဖြစ်သည်။ သို့ရာတွင် ဤတရားလွှတ်တော်ချုပ်များက လတ်တလော တရားဥပဒေ စိုးမိုးရေး အတွက် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ ပိုင်ရေးပိုင်ခွင့်၊ လူမှုတရားမျှတမှုတို့ကို သီးခြား စဉ်းစားရန်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။