အပန်းဖြေစရာတစ်နေရာဖြစ်လာတဲ့ ဒုဋ္ဌဝတီမြစ်ဘေးက ခြောက်မိုင်အပန်းဖြေစခန်း

အပန်းဖြေစရာတစ်နေရာဖြစ်လာတဲ့ ဒုဋ္ဌဝတီမြစ်ဘေးက ခြောက်မိုင်အပန်းဖြေစခန်း
Published 7 June 2016
သက်ထွန်းအောင်(မန္တလေး)

တနင်္ဂနွေရုံးပိတ်ရက်မှာ မန္တလေးမြို့ကနေ မဝေးလှတဲ့ နေရာတစ်ခုကိုသွားဖို့ စဉ်းစားနေရင်း Facebook မှာတင်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဒီးဒုတ်ရေပြာအိုင်သွားရာ လမ်းရှိ ခြောက်မိုင်မှာ ပျော်ရွှင်စွာ ရေကစားနေသောပုံကို အတွေးထဲမှာ မြင်ယောင်လာပြီး ခရီးသွားဆောင်းပါးတစ်ပုဒ် အသက်သွင်းရန်အတွက် ထိုနေရာသို့အမြန်သွားဖို့ ပြင်ဆင်လိုက်ပါတယ်။
ကျွန်တော်သွားမယ့်အချိန်က နံနက် ၁၁ နာရီအချိန်ဖြစ်နေတော့ နေမင်းကြီး၏အပူရှိန်က အရမ်းပြင်းလှပေမယ့် သွားချင်စိတ်က များနေတဲ့အတွက် ဆိုင်ကယ်နဲ့ တစ်ယောက်တည်း အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ကား၊ ဆိုင် ကယ်တွေနဲ့ ရှုပ်ထွေးလှတဲ့ မန္တလေး ၇၈ လမ်းကနေ သိပ္ပံလမ်းအတိုင်း ဆက်မောင်းလာခဲ့ပြီး ပြင်ဦးလွင်သို့သွားရာ လမ်းအကွေ့မှာရှိတဲ့ ဘိုးဘိုးကြီးနတ်နန်းကို ဦးတိုက်လိုက်ပါတယ်။ ဘိုးဘိုးကြီးနတ်နန်းဟာ ပြင်ဦးလွင်သို့သွားမယ့် ယာဉ်များ အန္တရာယ်ကင်းအောင် ဦးတိုက်လေ့ရှိတဲ့ နေရာပါ။ အောင်ပင်လယ် ဘိုးဘိုးကြီးနတ် နန်းတော်ကြီးကို ကောဇာသက္ကရာဇ် ၇၈၃ ခုနှစ်ကစပြီး အနော်ရထာမင်းလက်ထက် အလောင်းစည်သူမင်း၏ သားတော်ဖြစ်တဲ့ မင်းရှင်စော တည်ထား ကိုးကွယ်တော်မူခဲ့တာပါ။
ပြင်ဦးလွင်သို့ သွားရာလမ်းအတိုင်း ဆက်မောင်းလာရင်း လမ်းပေါ်မှာ မြေသယ်ကားကြီး တွေရဲ့မောင်းနှင်မှုဟာ နိုင်ငံခြားဇာတ်ကားထဲက ကားပြိုင်ပွဲကြည့်နေရသလိုပင်။ ကားပေါ်မှာ မြေတွေကအပြည့်။ တချို့မြေသယ် ကားကြီးတွေမှာ နောက်နံပါတ်ပြားကလည်း မပါ။ ယာဉ်ငယ်တွေကို အပြိုင်ကျော်တက် မောင်းနေကြတာဟာ အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ကျွန်တော်ကတော့ စိတ်ထဲကနေ ဘုရားစာရွတ်ပြီး လမ်းဘေးကနေပဲ တဖြည်းဖြည်း မောင်းလာခဲ့ပါတယ်။ အချိန်အတော်ကြာ မောင်းလာခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ကျောက်ချောကျေးရွာသို့ရောက်ပြီး ဒီးဒုတ်ရေပြာအိုင်သွားရာလမ်းအတိုင်း ဆက်လက် မောင်းနှင်လာခဲ့ပါတယ်။
မန္တလေးကနေ တစ်နာရီကျော် မောင်းလာပြီးတဲ့နောက်မှာ လူသိများတဲ့ ခြောက်မိုင် အပန်းဖြေစခန်းကို ရောက်ပါတယ်။ အဝင်ဂိတ်မှာ ဝင်ကြေးအဖြစ် ကျပ် ၁၀၀၀ ကိုပေးပြီး ဝင်လာခဲ့ပါတယ်။ ခြောက်မိုင် အပန်းဖြေစခန်း ကို D-Garden ဟု အမည်ပေးထားတာ တွေ့ရပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာတော့ ကားတွေ၊ ဆိုင်ကယ်တွေကို အများအပြားတွေ့ရပါတယ်။
ကျွန်တော့်ဆိုင်ကယ်ကို ဆိုင်ကယ်ရပ်နားရာနေရာမှာ ရပ်ထားခဲ့ပြီး လူကြီးရေကူးကန် သွားရာလမ်းမှာ ရေကူးကန်မှာ လိုက်နာရမယ့် စည်းကမ်း ၁၀ ချက်ကို ဗီနိုင်းဆိုင်းဘုတ် အနီကြီးနဲ့ ရေးသားထားသည့်အပြင် ရေကူးကန်အတွင်း ရေကူးပြီးနောက် ရေချိုးဖို့နေရာကိုလည်း ပြင်ဆင်ထားတာ တွေ့ရပါတယ်။ရေကူးကန်အတွင်းသို့ အရက်သေစာများနှင့် အစားအသောက်များ ယူဆောင်လာခွင့်မပြု ကြောင်း သတိပေးစာတွေကိုလည်း တွေ့ရပါတယ်။ ရေကူးကန်အတွင်းသို့မဝင်မီ ခြေ ထောက်မှ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန်အတွက် ဖိနပ်ကိုချွတ်ပြီး နံဘေးနားမှာရှိတဲ့ ရေကန်အသေးလေးမှာ ခြေထောက်ရေဆေးပြီးမှ ဝင်ရပါတယ်။ ရေကူးကန်အတွင်းမှာတော့ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ မရွေးဟာ Sound Bod ကနေ ဖွင့်လှစ်ထားတဲ့ မြူးကြွတဲ့ နောက်ခံ Remix သီချင်းသံနဲ့အတူ ရေမှုန်တွေကြားမှာ ပျော်ရွှင်စွာ ရေကစားနေကြပါတယ်။
အပန်းဖြေရေကူးကန် အကြောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက“ဒီအပန်းဖြေစခန်းကို ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်မှာ စဖွင့်ခဲ့တာပါ။ ရေကူးကန်က လူကြီးရေကူးကန် အလျား ပေ ၁၀၀၊ အနံပေ ၅၀ ရှိတဲ့ ရေကူးကန်နှစ်ကန် နဲ့ ကလေးရေကူးကန် ရှိပါတယ်။ ဒုဌဝတီမြစ်ထဲကရေတွေကို ရေကူးကန်ထဲ စက်နဲ့တိုက်ရိုက် ရေအသွင်းအထုတ် လုပ်ပါတယ်။ အပန်းဖြေစခန်းမှာ လာရောက်လည်ပတ်သူတွေ နားနေနိုင်ဖို့ ဘန်ဂလိုတွေလည်း အဆောင် ၂၀ ဆက်လက် ဆောက်လုပ်နေပါတယ်။ ကစားကွင်းကိုလည်း တိုးချဲ့ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဖွင့်ချိန်ကတော့ နံနက် ၈ နာရီလောက်ကနေ ည ၆ နာရီအချိန်ထိပါ”လို့ ပြောပြပါတယ်။
အဆိုပါအပန်းဖြေစခန်းဟာ ဒုဌဝတီမြစ်နံဘေးမှာ တည်ရှိတာပါ။ ဒုဌဝတီမြစ်ကမ်းပေါ်မှာ “အန္တရာယ်ရှိသည်။ မြစ်ထဲရေဆင်းချိုးခြင်း၊ ရေကူးခြင်းမပြုရ”ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း တွေ့ရပြီး ကန့်သတ်နယ်မြေအဖြစ် တားဆီးထားပါတယ်။
လာရောက်သူတွေဟာ မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုလိုက် စသည်ဖြင့် ဘန်ဂလိုအတွင်းနဲ့ ထန်းလက်တဲ နားနေဆောင်များအတွင်းမှာ စားသောက်နေကြသူတွေအပြင် အိပ်စက် အနားယူနေကြသူတွေကိုပါ တွေ့ရပါတယ်။
“ကျွန်မတို့က ဒီးဒုတ်လာရင်း ခြောက်မိုင်ကို ဝင်ကြည့်တာပါ။ နားနေဆောင်တွေကလည်း ရှိနေတော့ ခဏအနားယူပြီးရင် ရေကူးကန်ထဲ ရေသွားကူးမှာပါဟု လာရောက်အပန်းဖြေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အပန်းဖြေစခန်းဟာ အခါကြီးရက်ကြီးနဲ့ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ စည်ကားလေ့ရှိကြောင်း သိရပါတယ်။ ကျွန်တော်ကတော့ ရေဆင်းမကစားတော့ဘဲ ခြောက်မိုင်အပန်းဖြေစခန်းရဲ့ ခြံဝင်းထဲကို လှည့်ပတ်ကြည့်ရှုရင်း ကျွန်တော့်မှာပါလာတဲ့ကင်မရာနဲ့ သဘာဝအလျောက် စီးဆင်းနေတဲ့ ဒုဋ္ဌဝတီမြစ်အပြင် သစ်ပင်တွေ စိမ်းစိုနေတဲ့ တောင်တန်းတွေရဲ့သဘာဝအလှတွေကိုပါ မှတ်တမ်းတင်ရိုက်ကူးရင်း စိတ်ထဲမှာ တွေးမိတာလေးက ဒီနေရာလေးဟာ မြို့ပြရဲ့ မွန်းကျပ်တဲ့ နေရာကနေ လာရောက်အနားယူဖို့ နေရာတစ်နေရာ ဖြစ်နေပြီဆိုတာ တွေးမိပါတယ်။