၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ကြုံတွေ့နိုင်သော အခက်အခဲများ

၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ကြုံတွေ့နိုင်သော အခက်အခဲများ
Published 5 June 2016
နေထွန်းနိုင်

NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ် စတင်နေပါပြီ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် တစ်လနှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံ စတင်နိုင်ရေး ဆောင်ရွက်ကြဖို့  ဧပြီ ၂၇ မှာ ပြောခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ငန်းစဉ်တွေ အသက်ဝင်လာတာပါ။ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာ သီးခြားတစ်ခု ဖြစ်မလားလို့ ထင်မြင်ခဲ့သူတွေ အစောပိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ဆိုတာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ အတူတူ တစ်ခုတည်းပဲလို့ မေ ၂၇ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဒါကြောင့် NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ်ဟာ အရင် အစိုးရ လက်ထက်မှာ ရေးဆွဲ သဘောတူခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ် အခြေခံလုပ်မှာ ဖြစ်ပါတယ်။   
■ ပုံစံဟောင်း ရလဒ်သမ္မတ (ဟောင်း) ဦးသိန်းစိန် အစိုးရ လက်ထက် ငါးနှစ်တာ သက်တမ်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ပြန်ကြည့်ရင် NCA စာချုပ် ရေးဆွဲနိုင်ခဲ့တယ်၊ တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နဲ့ လက်မှတ်ထိုးနိုင်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ လုပ်ခဲ့ပါတယ်။ အပေါ်ယံအားဖြင့် ဒါကို အောင်မြင်မှုလို့ သတ်မှတ်နိုင်ပေမယ့် အနှစ်သာရအားဖြင့် အောင်မြင်မှုရခဲ့တယ် မဆိုနိုင်ပါဘူး။NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က သဘောတူပေမယ့် တကယ် လက်မှတ်ထိုးချိန်မှာ ရှစ်ဖွဲ့ပဲ ရှိခဲ့ပါတယ်။ ဒီအခြေအနေက နိုင်ငံအနှံ့မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေထဲက သုံးပုံတစ်ပုံလောက်ပဲ NCA ကို လက်ခံတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။အစိုးရဟောင်းကတော့ NCA လက်မှတ်ထိုးခဲ့တဲ့ ရှစ်ဖွဲ့ကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို စတင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက်အထိ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ  စစ်မှန်တဲ့ ငြိမ်းချမ်းရေး ညီလာခံ မဟုတ်ခဲ့ပါဘူး။ ဒီလို မဟုတ်ခဲ့ခြင်းရဲ့ ပထမ အချက်က လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့စုံ ပါဝင်ခွင့် မရတာ ဖြစ်ပြီး ဒုတိယ အချက်က ပါဝင်သင့် ပါဝင်ထိုက်သူတွေ တက်ရောက်ခွင့် မရခဲ့ဘဲ မည်ကာမတ္တ ပုံစံမျိုး ဖြစ်ခဲ့တဲ့ အတွက်ကြောင့်ပါ။  နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပုဒ်မခွဲ ၄-၂-၃ မှာ ဖော်ပြထားချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လေးလ တစ်ကြိမ် လုပ်ရမှာပါ။ ဒီအတွက် ဇန်နဝါရီမှာ စတင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ မေမှာ ဒုတိယအကြိမ် လုပ်ရမှာ ဖြစ်ပေမယ့် မလုပ်ခဲ့ပါဘူး။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံ ပြောဆိုမှုနဲ့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 
■ မပြောင်းလဲသော၊ ပြောင်းလဲသော  NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ်ကို ကြည့်ရင် နည်းနာပိုင်းဟာ သမ္မတ (ဟောင်း) ဦးသိန်းစိန် အစိုးရလက်ထက် ကြိုးပမ်းမှု ပုံစံနဲ့ ဆန့်ကျင်ခြင်း မရှိပါဘူး။ သဘောထားပိုင်း ပြောင်းလဲမှုတော့ ရှိပါတယ်။အရင် အစိုးရဟောင်း ကြိုးပမ်းမှုမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်မှု ကော်မတီ၊ လုပ်ငန်းကော်မတီတွေ ထားပြီး MPC ကို စေ့စပ် ညှိနှိုင်းမှုရဲ့ အဓိက နေရာက လုပ်ဆောင် စေခဲ့ပါတယ်။ NLD အစိုးရ လက်ထက်မှာတော့ ပုံစံ ပြောင်းလိုက်ပါတယ်။ ရှိထားပြီး ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) ကို ပြောင်းလဲ ဖွဲ့စည်းခဲ့သလို MPC ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖြစ် ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာ ကော်မတီ တစ်ရပ်နဲ့ ဆပ်ကော်မတီ နှစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ဒီအချက်က အရင်အစိုးရ လုပ်ဆောင်ပုံနဲ့ နည်းနာပိုင်း မကွဲဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။နည်းနာပိုင်း မကွဲပေမယ့် သဘောထား အပြောင်းအလဲကိုတော့ UPDJC ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူပြီး ပြောခဲ့တဲ့ စကားရပ်တွေမှာ တွေ့နိုင်ပါတယ်။UPDJC ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲမယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မူအတိုင်း ဆက်သွားမယ်၊ MPC ကို ပြန်လည်ဖွဲ့စည်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်မယ်၊ ငြိမ်းချမ်းရေး ညီလာခံမှာ လွှတ်တော်တစ်ခု ဒါမှမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်တဲ့ နိုင်ငံရေး ပါတီတွေကိုသာ ကိုယ်စားလှယ်အဖြစ် ထည့်သွင်းမယ်၊ အရပ်ဘက် လူ့အဖွဲ့အစည်း (CSO) တွေကို ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ခွင့် မပေးတော့ဘဲ ညီလာခံနဲ့ စင်ပြိုင် ဖိုရမ်တစ်ခုအဖြစ် ထားမယ် စတဲ့ သဘောထားတွေကို UPDJC ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဒါ့အပြင် မူလက ရေးဆွဲထားတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ ပါဝင်တဲ့ ကဏ္ဍကြီး ခြောက်ခုထဲက နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍကိုပဲ ဦးစားပေး ဆွေးနွေးဖို့ NLD အစိုးရဘက်က အဆိုပြုခဲ့ပါတယ်။ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်တွေနဲ့ အထွေထွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးမှု မလုပ်လိုဘူးဆိုတဲ့ သဘောထား ဖြစ်ပါတယ်။ ခေါင်းစဉ်ခွဲတွေ အရမ်းများနေရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှည်ကြာမှာကို စိုးရိမ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီမှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အထွေထွေ ကဏ္ဍက လွဲပြီး ကျန်တဲ့ ငါးခုကို ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာတော့ မရှိပါဘူး။ 
■ ကော်မတီနှင့် ဆပ်ကော်မတီနှစ်ခုNLD အစိုးရ လက်ထက် ၂၁ ရာစု ပင်လုံ ညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇူလိုင်လကုန်ပိုင်းမှာ လုပ်နိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီပြင်ဆင်မှု မတိုင်ခင်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီတွေကို မေ ၃၁ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ဒီအခါ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို ဒေါက်တာ တင်မျိုးဝင်းက ရယူခဲ့ပါတယ်။ ဒေါက်တာ တင်မျိုးဝင်းက MPC ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ NRPC မှာ စေ့စပ် ညှိနှိုင်းရေး တာဝန်ခံ ရာထူး ယူထားပါတယ်။ NRPC ရဲ့ ဥက္ကဋ္ဌက နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဖြစ်ပါတယ်။ MPC အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးလည်း NRPC မှာ ပြန်ပါခဲ့ပါတယ်။NRPC မှာ ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်တင့်ဆွေဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီမှာ ဒုတိယ ဥက္ကဋ္ဌ တာဝန် ယူပါတယ်။ MPC ရဲ့ အထူးအကြံပေး ဦးလှမောင်ရွှေက အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်လာပါတယ်။တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် (အမှတ်-၂၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် (အမှတ်-၄၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး) တို့ကို အကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့ပါတယ်။MPC အဖွဲ့ဝင်ဟောင်း ဒေါက်တာ မင်းဇော်ဦးကို အဖွဲ့ဝင် အဖြစ် သုံးခဲ့သလို အစိုးရ အဖွဲ့ဟောင်းက လူတွေ အပါအဝင် စုစုပေါင်း ၁၆ ဦးနဲ့ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။ဒါနဲ့ တစ်ဆက်တည်း ဆပ်ကော်မတီ နှစ်ခုကိုလည်း ဖွဲ့စည်းပါတယ်။ ဆပ်ကော်မတီ- ၁ ရဲ့ ဥက္ကဋ္ဌက ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဖြစ်ပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဒုတိယ ဥက္ကဋ္ဌ၊ ချင်း အမျိုးသား တပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က အတွင်းရေးမှူး-၁၊ ဒေါက်တာ မင်းဇော်ဦးက အတွင်းရေးမှူး-၂ တာဝန် ယူပါတယ်။     ဆပ်ကော်မတီ-၁ ရဲ့ တာဝန်က NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်မှာ ပါဝင်တဲ့ ဆွေးနွေးပွဲ ခေါင်းစဉ်တွေ ကျစ်ကျစ်လျစ်လျစ် ရှိစေဖို့ ဆွေးနွေး ညှိနှိုင်းရင်း မူဘောင်ကို ပြန်လည် သုံးသပ်ရမှာ ဖြစ်ပါတယ်။ဆပ်ကော်မတီ -၂ မှာ ဒေါက်တာ တင်မျိုးဝင်းက ဥက္ကဋ္ဌ တာဝန် ယူပါတယ်။ MPC အထူး အကြံပေး ဦးလှမောင်ရွှေက အတွင်းရေးမှူး တာဝန်ယူပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦး ပါဝင်ခဲ့ပါတယ်။ ဒီအဖွဲ့မှာ သက်ဆိုင်ရာ နယ်မြေဒေသရှိ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိ နှစ်ဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပေမယ့် ဘယ်သူ ဘယ်ဝါ ဆိုတာ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။ နောက်တစ်ခုက ဒီအဖွဲ့မှာ ပါဝင်သူတွေ ဖြစ်တဲ့ ဦးဇော်ဌေး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတရုံး)၊ ဦးခက်ထိန်နန်၊ ဦးသိန်းဇော်၊ ဒေါ်ဒွဲဘူတို့ဟာ အရင် အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အကျွမ်းတဝင် ရှိသူတွေ ဖြစ်ပြီး လူဟောင်းတွေ ဖြစ်ကြပါတယ်။ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ဆပ်ကော်မတီ-၂ ရဲ့ အလုပ်က NCA စာချုပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်း အဖြေရဖို့ လိုအပ်တဲ့ နေရာမျိုးမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်းမှု အပေါ် မူတည်ပြီး NCA စာချုပ် လက်မှတ်ထိုးမယ်၊ ပြီးတဲ့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်နိုင်ရေး အတွက် အဖြေရှာရမှာ ဖြစ်သလို လက်မှတ် ထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ စိတ်ကြိုက် ဖွဲ့စည်းထားတာပါ။ အစိုးရ အဖွဲ့ဟောင်းက လူတွေ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို အသက်သွင်းပေးခဲ့တဲ့ MPC က ဦးလှမောင်ရွှေနဲ့ ဒေါက်တာ မင်းဇော်ဦတို့က အရေးပါတဲ့ နေရာမှာ ဆက်လက် ပါဝင်ခဲ့ပြီး သူတို့နှစ်ဦးကို တပ်မတော်ရဲ့ သဘောထားအရ တာဝန်ပေးတယ်လို့ ဆိုကြသူတွေ ရှိပါတယ်။  ဘာပဲဖြစ်ဖြစ် NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ်ဟာ အစိုးရ အဖွဲ့ဟောင်းရဲ့ ကြိုးပမ်းမှု ပုံစံနဲ့ ဆန့်ကျင်မှု မရှိသလို တပ်မတော်ရဲ့ သဘောထားကို သွေဖည်တဲ့ ပုံစံ မရှိပါဘူး။ ဒါကပဲ NCA လက်မှတ် မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အဖို့ သိပ် မထူးခြားတဲ့ ပုံစံမျိုး ဖြစ်စေခဲ့ပါတယ်။ 
■ NCA ကို ကျော်လွန်နေသလားNLD အစိုးရက ပါတီရဲ့ မူဝါဒနဲ့ အညီ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မောင်းနှင်မယ့် အဓိက အချက်ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို ပြန်သုံးသပ်ပြီး ပြင်ဆင်မယ့် သဘောထား ပြောတာတွေ ရှိပါတယ်။ ဘာတွေကို ပြင်ဆင်မလဲ ဆိုတာ တရားဝင် ထွက်ပေါ်ခြင်း မရှိသေးပါဘူး။ ဒီအချိန်မှာပဲ ကနဦး ပြင်ဆင်မှုတွေဟာ NCA စာချုပ်ကို ကျော်လွန်နေသလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိလာပါတယ်။ဒီမေးခွန်းတွေက အကြောင်း အချက် နှစ်ခု အပေါ်မှာ အခြေခံပါတယ်။ ပထမ တစ်ခု အရပ်ဘက် လူ့အဖွဲ့အစည်း (CSO) တွေကို ညီလာခံမှာ ပါဝင်ခွင့် မပေးဘဲ စင်ပြိုင်ဖိုရမ် အဖြစ် လုပ်ဆောင်ဖို့ ထားလိုက်တာပါ။ ဒုတိယ အချက်က တရားဝင် နိုင်ငံရေး ပါတီတွေရဲ့ ညီလာခံမှာ ပါဝင်မှုကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ဒီ နှစ်ချက်စလုံးက NCA စာချုပ် အခန်း  ၅၊ အပိုဒ် ၂၂၊ ပုဒ်မခွဲ (က)နဲ့ (ခ) တို့ကို ကျော်လွန်နေတဲ့ သဘော ဖြစ်ပါတယ်။NCA စာချုပ် အပိုဒ် ၂၂၊ ပုဒ်မခွဲ (က) မှာ “နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံး ပါဝင်ရေး မူကို အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များ ပါဝင်ကြရမည်” လို့ ဆိုထားပါတယ်။အပိုဒ် ၂၂၊ ပုဒ်မခွဲ (ခ)မှာ “တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပညာရှင် အစုတို့၏ ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် သင့်တော်သလို ပါဝင်စေရေးကို နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွင် ဆွေးနွေး သတ်မှတ်ရမည်” လို့ ဆိုပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ CSO တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ ပါဝင်မှုကို ကန့်သတ်လိုက်ခြင်းက NCA စာချုပ်ကို ကျော်လွန်နေပြီး နိုင်ငံရေ ဆွေးနွေးပွဲ အဆင့်ဆင့်မှာ အားလုံး ပါဝင်ရေး မူကိုလည်း  ဆန့်ကျင်သလို ဖြစ်နေပါတယ်။နိုင်ငံရေး ဆွေးနွေးမှု မူဘောင် အပိုဒ် ၁၇ မှာ ဖော်ပြထားချက်အရ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွေကို ပြင်ဆင်လို့ ရပါတယ်။ ဒါပေမဲ့ အဲဒီ ပြင်ဆင် ဖြည့်စွက်မှုဟာ NCA စာချုပ်မှာ ပါရှိတဲ့ သဘော တူညီချက်တွေနဲ့ ဆန့်ကျင်ခြင်း မရှိစေရဆိုတဲ့ ဖွင့်ဆိုချက် ပါဝင်နေပါတယ်။ အထူးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အခြေခံဖြစ်တဲ့ “အားလုံး ပါဝင်ရေးမူ” ကို ဘေးဖယ်ထားလို့ မရပါဘူး။ 
■ ထင်ရှားတဲ့ လုပ်ဆောင်မှု နှစ်ရပ်NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြေလှမ်းသစ်ကို ကြည့်ရင် ထင်ရှားတဲ့ လုပ်ဆောင်မှု နှစ်ရပ်ကို တွေ့နိုင်ပါတယ်။ပထမ တစ်ခုက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်နိုင်သူ အရေအတွက်ကို လျှော့ချချင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် CSO တွေကို ညီလာခံမှာ ပါဝင်ခွင့် မပေးတော့ဘဲ ‘စင်ပြိုင် ဖိုရမ်’ ဆိုတဲ့ နေရာသစ် တစ်ခု ဖန်တီးပြီး ဘေးထုတ်ဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာမှ မနိုင်တဲ့ နိုင်ငံရေး ပါတီတွေကို ညီလာခံမှာ ပါဝင်ခြင်း ခွင့်မပြုဘဲ ဖယ်ထုတ်လိုက်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ CSO တွေကို ဘေးဖယ်ပြီး တရားဝင် နိုင်ငံရေး ပါတီတွေရဲ့ ပါဝင်မှုကို ကန့်သတ်လိုက်ခြင်းက ဖက်ဒရယ် အရေးနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အစဉ်တစိုက် ပါဝင်ခဲ့သူတွေကို ပစ်ပယ်ရာ ရောက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ် ထိုးနှက်ချက် ဖြစ်စေပါတယ်။ဥပမာအားဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဟာ ညီလာခံ ပါဝင်ခွင့် မရှိတော့သလို တိုင်းရင်းသား ကိုယ်စားပြု CSO တွေလည်း ညီလာခံမှာ မပါနိုင်တော့ပါဘူး။ ဒီအတိုင်းပဲ AAPP လို နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့၊ အခြားနိုင်\ကျဉ်းဟောင်း အခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပါဝင်ခွင့် မရှိတော့ပါဘူး။ဒါ့အပြင် ရွေးကောက်ပွဲမှာ အနိုင် မရခဲ့တဲ့ ပါတီတွေကို ညီလာခံမှာ ပါဝင်ခွင့် မပြုတဲ့အတွက် ချင်းပြည်နယ်နဲ့ ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီတွေ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီလို နိုင်ငံရေး ပါတီက လူတွေ ညီလာခံမှာ ပါဝင်ခွင့် ရှိမှာ မဟုတ်တော့ပါဘူး။ဒီကန့်သတ်ချက်အပြင် ဆွေးနွေးမယ့် အကြောင်းအရာကို ကန့်သတ်ချင်တာက ဒုတိယ တစ်ခု ဖြစ်ပါတယ်။ မူလက ရေးဆွဲခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အရ ကဏ္ဍခြောက်ခု ဆွေးနွေးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးနဲ့ လုံခြုံရေးကိုပဲ ဆွေးနွေးချင်တဲ့ ပုံစံ ပြောခဲ့ပါတယ်။ ဒါက နိုင်ငံရေး ဆွေးနွေးပွဲမှာ လွှတ်တော်နဲ့ စင်ပြိုင်ဖြစ်မှာကို ကြိုရှောင်ချင်တဲ့ သဘော ဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတ ကိစ္စတွေကို လွှတ်တော်ကပဲ ဆုံးဖြတ်စေချင်တဲ့ သဘော ဖြစ်ပါတယ်။ ဒါကလည်း နောင်တစ်ချိန်မှာ အခက်ကြုံလာနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတဆိုင်ရာ ကိစ္စရပ်တွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၉၆၊ ဇယား (၁) ပါခွင့် ပြုချက်တွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ မဆွေးနွေးဘဲ တပ်မတော်နဲ့ NLD ပါတီ ကိုယ်စားပြု ဗမာတိုင်းရင်းသား အများစု ကြီးစိုးထားတဲ့ လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ကြမယ် ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ ဆန္ဒအမှန်နဲ့ ကင်းကွာမှုတွေ ဖြစ်စေနိုင်ပါတယ်။ 
■ ဘာကြောင့် ကျော်လွန်ချင်သလဲအခြေခံအားဖြင့် NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ခြေလှမ်းသစ်ဟာ အရင် ရှိထားတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ပြင်ဆင်ပြီး NCA စာချုပ် ပေးထားချက်ကိုပါ ကျော်လွန် လုပ်ဆောင်မယ့် သဘောရှိပါတယ်။ညီလာခံမှာ ပါဝင်နိုင်သူ အရေအတွက်ကို လျှော့ချလိုခြင်းက ဇန်နဝါရီမှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အခင်းအကျင်းကြောင့်လို့ ယူဆနိုင်စရာ ရှိပါတယ်။ဇန်နဝါရီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ အဖွဲ့က ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ NCA လက်မှတ် ရေးထိုးတားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့က ကိုယ်စားလှယ် ၁၅၀၊ တရားဝင် နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦးနဲ့ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ၇၀၀ တက်ရောက်ဖို့ နိုင်ငံရေး ဆွေးမှုဆိုင်ရာ မူဘောင်အရ သတ်မှတ်ခဲ့ပါတယ်။ ညီလာခံမှာ ဆုံးဖြတ်ချက်ချတဲ့အခါ ဒီလူ ၇၀၀ ရဲ့ မဲပေးမှုအပေါ် အခြေခံမှာ ဖြစ်ပါတယ်။နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် အပိုဒ်ခွဲ ၆-၂ အရ “ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေး လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် (SSR) တွေ၊ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး ကိစ္စရပ် (DDR) တွေ အပါအဝင် အရေးကြီး ကိစ္စရပ်တွေ” ကို ဆုံးဖြတ်တဲ့ အခါ ညီလာခံ တက်လာသူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ ရရှိပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမဲရမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။အပိုဒ်ခွဲ ၆-၂ ပါ အချက်တွေက လွဲပြီး ကျန်တဲ့ ကိစ္စတွေကို ဆုံးဖြတ်တဲ့ အခါ ညီလာခံ တက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံမဲ ရရှိပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဆုံးဖြတ်ခွင့် ရှိမှာပါ။ဒါကြောင့် အပိုဒ်ခွဲ ၆-၂ ပါ ဆုံးဖြတ်ချက်အတွက် အကြမ်းဖျင်း တွက်ရင် ကိုယ်စားလှယ် ၇၀၀ မှာ ၅၂၅ ဦး ထောက်ခံမှ ဆုံးဖြတ်နိုင်မှာ ဖြစ်သလို အပိုဒ်ခွဲ ၆-၂ မဟုတ်တဲ့ ကျန် ကိစ္စရပ်တွေကို ဆုံးဖြတ်တဲ့ အခါ အကြမ်းဖျင်း ကိုယ်စားလှယ် ၇၀၀ မှာ ၄၅၅ ဦးအထက် သဘောတူမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဒါဟာ အစိုးရ အဖွဲ့ဟောင်းရဲ့ အခင်းအကျင်းဖြစ်ပြီး အဲဒီ အခင်းအကျင်း အရ NLD အတွက် အခက်ကြုံစရာ ဖြစ်စေပါတယ်။ ဒီအတွက် ညီလာခံမှာ ပါဝင်သူ အရေအတွက်ကို လျှော့ချပြီး NLD အစိုးရ ဘက်က ပါဝင်မှု ပိုများအောင် လုပ်ဆောင်ချင်ပုံ ရပါတယ်။ဒီလို လုပ်တဲ့အခါ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်အရ အားလုံး ပါဝင်ရေး မူကိုလည်း ဆန့်ကျင်နေမယ်၊ တပ်မတော်ဘက်က ပါဝင်မှု အချိုး လျော့ကျခြင်းလည်း မရှိဘူး၊ NLD အစိုးရဘက်က ပါဝင်သူ အရေအတွက်က ပိုများနေမယ်၊ NLD နဲ့ တပ်မတော် နှစ်ရပ်ပေါင်း ကိုယ်စားပြု ဗမာ အရေအတွက်က တိုင်းရင်းသား ကိုယ်စားပြု အရေအတွက်ထက် ပိုများပြီး မဲစနစ်နဲ့ ချုပ်ကိုင်နိုင်တဲ့ ပမာဏ ဖြစ်နေမယ်ဆိုရင် ညီလာခံ ရလဒ်ဟာ အငြင်းပွားစရာတွေ ဖြစ်လာပါလိမ့်မယ်။ 
■ တာထွက် အခြေအနေဇူလိုင်လကုန်မှာ လုပ်နိုင်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်နိုင်ဖို့ NLD အစိုးရက လမ်းဖွင့်ပေးထားတဲ့ ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက် ရှိနေပါတယ်။ အဲဒီ ကန့်သတ်ချက် အရ NCA စာချုပ်မှာ လက်မှတ် မထိုးဘူး ဆိုရင် ညီလာခံကို တက်ခွင့်ရှိမှာ မဟုတ်ပါဘူး။လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့မှာ ရှစ်ဖွဲ့ပဲ NCA ကို လက်မှတ် ထိုးထားပါတယ်။ ‘ဝ’ သွေးစည်း ညီညွတ်ရေး ပါတီ (UWSP/UWSA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့က လက်မှတ် မထိုးထားပါဘူး။ တစ်ဖက်မှာလည်း ရခိုင်တပ်မတော် (AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA/PSLF)၊ ကိုးကန့်အဖွဲ့ MNDAA အပါအဝင် လက်နက်ကိုင် ခြောက်ဖွဲ့ကို အသိအမှတ် မပြုထားပါဘူး။ ဒီလို အသိအမှတ် မပြုခြင်းကပဲ ကျန်တဲ့ အဖွဲ့တွေ လက်မှတ် မထိုးခဲ့တာ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာ တပ်မတော်ကလည်း သူတို့ရဲ့ သဘောထားကို ပြောင်းလဲခြင်း မရှိသေးပါဘူး။ AA၊ TNLA၊ MNDAA တို့နဲ့ ပတ်သက်ပြီး သဘောထား တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ မူလက ချမှတထားတဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ခြောက်ချက်ကို ဆက်လက် ကိုင်စွဲထားပါတယ်။ အဲဒီမူ ခြောက်ချက်က (၁) ထာဝရ ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန် (၂) သဘောတူစာချုပ်များ အတိုင်း ကတိတည်ရန် (၃) ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ် အမြတ် မထုတ်ရန် (၄) ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် (၅) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများ အပေါ် တိတိကျကျ လိုက်နာရန် (၆) ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ ကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း လိုက်ပါ ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။NCA လက်မှတ် မထိုးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ရဲ့ သဘောထား ပြောင်းလဲမှု မရှိသေးချိန်မှာ NLD အစိုးရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ-၂ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးလှမောင်ရွှေ၊ အဖွဲ့ဝင် ဦးခင်ဇော်ဦးတို့ ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လဆန်းမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို သွားခဲ့ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီ တွေ့ဆုံမှုမှာ DPN အဖွဲ့ဘက်က မေးတဲ့ မေးခွန်းတွေကို အစိုးရ ကိုယ်စားလှယ်တွေဘက်က တိတိကျကျ မဖြေနိုင်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ဒီမေးခွန်းတွေထဲမှာ NCA စာချုပ်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဘယ်လို ချိတ်ဆက်မလဲ၊ တစ်ချို့ အဖွဲ့တွေက NCA စာချုပ် လက်မှတ်ထိုးပြီးမှ ညီလာခံ တက်ခွင့် ရှိမယ်၊ တစ်ချို့ အဖွဲ့တွေက NCA စာချုပ် လက်မှတ် ထိုးစရာ မလိုဘူး ပြောတာ ဘယ်အပိုင်းတွေလဲ၊ ကိုးကန့်၊ တအာင်းနဲ့ AA ကိစ္စ အပေါ် ဘယ်လို သဘောထားလဲ စတဲ့ မေးခွန်းတွေကို အစိုးရ ကိုယ်စားလှယ်တွေဘက်က အတိအကျ မဖြေနိုင်ခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြပေးမယ် ဆိုတဲ့ အဆင့်နဲ့ ပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NCA စာချုပ် လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေ အားလုံး တက်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ အဖြေတစ်ခု ရတယ်လို့ အစိုးရ ကိုယ်စားလှယ်တွေက ဆိုပါတယ်။  ဒီနေရာမှာ NCA လက်မှတ် မထိုးသေးရင်လည်း Review Meeting တွေ တက်ဖို့ ဖိတ်ခေါ်သွားမယ့် သဘောထားရှိကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ဆပ်ကော်မတီ-၂ ရဲ့ ကနဦး ကြိုးပမ်းမှု ခြေလှမ်းဟာ အပြည့်အ၀ အောင်မြင်ခဲ့ခြင်း မရှိခဲ့သလို အစိုးရဟောင်း ကြိုးပမ်းမှု ကတည်းက ရှိခဲ့တဲ့ ဆက်ထုံး မပြေခဲ့ပါဘူး။ဘယ်လိုပဲ ဖြစ်ဖြစ် နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့ ဆိုတာ တစ်ထိုင်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစု ပင်လုံညီလာခံလို့ အမည်တပ်ထားတဲ့အတွက် မူလပင်လုံ အခြေခံ မူတွေနဲ့ ကိုက်ညီမှ ပြည့်စုံပါလိမ့်မယ်။ ပင်လုံ အခြေခံမူဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တန်းတူရေး ဖြစ်ပါတယ်။ ဒီအတွက် ဆွေးနွေးမှုတိုင်းမှာ တန်းတူရေးက အရေးကြီးဆုံး ဖြစ်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ရှေ့ခရီး ဆက်ဖို့ဆိုရင် NCA စာချုပ်အပေါ် အခြေခံလုပ်တာ ဖြစ်တဲ့အတွက် NCA စာချုပ်ပါ ပေးထားချက် တွေကို ကျော်လွန်လို့ မရပါဘူး။ ဒီအတိုင်းပဲ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်မှာ အားလုံး ပါဝင်ရေးမူကို ချိုးဖျက်လို့ မဖြစ်နိုင်ပါဘူး။ ညီလာခံမှာ ပါဝင်သင့်သူတွေ ပါဝင်ခြင်း မရှိဘဲ တပ်မတော်နဲ့ NLD ကိုယ်စားပြု ဗမာတိုင်းရင်းသားတွေပဲ ကြီးစိုးထားမယ် ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အဖြေရှာနိုင်ဖို့ အခက်ကြုံနိုင်ပါတယ်။