လယ်ယာမြေ ကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းများမှ တိုင်ကြားစာ ၃၀၀ ခန့် ရောက်ရှိနေကြောင်း လွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား

လယ်ယာမြေ ကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းများမှ တိုင်ကြားစာ ၃၀၀ ခန့် ရောက်ရှိနေကြောင်း လွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 29 May 2016
စိုးမင်းထိုက်

လယ်ယာမြေ ကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်ကြားစာ စောင်ရေ ၃၀၀ ခန့် ရောက်ရှိနေကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းက မေ ၂၈ ရက်တွင် ပြောကြားသည်။ဦးဘမျိုးသိန်းက “ကော်မတီကို တိုင်ကြားစာစောင်ရေ ၃၀၀ ခန့် ရောက်ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစုံကနေ တိုင်ကြားထားတာတွေ ရောက်ရှိနေပါတယ်။ ကဏ္ဍတွေလည်း စုံတယ်။ စုံတယ်ဆိုတာက အစိုးရ စီမံကိန်းကြီးတွေ၊ လမ်း၊ တံတား၊ ဘူတာ ဆောက်လုပ်ရာမှာ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ စိုက်ပျိုးမွေးမြူရေး စီမံကိန်းတွေပေါ့။ တပ်မတော်က သိမ်းထားတဲ့ ကိစ္စတွေလည်း ပါတယ်။ မြို့သစ်၊ ရွာသစ် တည်ဆောက်ရေး ကိစ္စတွေလည်း ပါတယ်။ တောင်သူ အချင်းချင်း အငြင်းပွားတဲ့ ကိစ္စ စတဲ့ တိုင်ကြားစာတွေ ရောက်နေပါတယ်” ဟု ပြောကြားသည်။တိုင်းဒေသကြီး ပြည်နယ်အလိုက် ရောက်ရှိလာသည့် တိုင်ကြားစာများအား တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲခြားနေကြောင်း၊ တိုင်ကြားစာ အများဆုံး ရောက်ရှိနေသည့် ဒေသများမှာ မန္တလေး၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ စသည့် ဒေသများမှ အများဆုံး ရောက်ရှိနေကြောင်း၊ ပြင်ဦးလွင်၊ ပုသိမ်ကြီးတွင် တပ်မတော်မှ သိမ်းယူထားသည့် ကိစ္စမျိုးများ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။“ကော်မတီကို ရောက်လာတဲ့ တိုင်ကြားစာတွေကို စနစ်တကျ လုပ်ထားပါတယ်။ ဒုတိယ သမ္မတ ဦးဆောင်တဲ့ အဖွဲ့ကလည်း မြေယာပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ်မယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွေရော၊ အဲဒီအရင် ကိစ္စတွေရော ကိုင်တွယ်မယ်လို့ သိရတယ်။ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဘမျိုးသိန်းက ပြောကြားသည်။ယခင် လွှတ်တော်သက်တမ်းတွင် လယ်ယာမြေစုံစမ်းရေး ကော်မရှင်က ကျန်ခဲ့သည့် အမှုတွဲ ၆၀၀၀ ကျော်ရှိကြောင်း၊ ယင်းအမှုတွဲများကိုလည်း ကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ ယခင် စုံစမ်းရေး ကော်မရှင်က အကြံပြုချက်များ အပေါ် အခြေခံပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဘမျိုးသိန်းက ပြောကြားသည်။လယ်ယာမြေ လျော်ကြေးများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခင်လွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းခဲ့သည့် လယ်ယာမြေ ကော်မရှင်တွင်လည်း ယင်းကိစ္စများ ပေါ်ပေါက်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် ပြေလည်ရန် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။    

Most Read

Most Recent