အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 19 May 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား မေ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စား ကော်မတီအတွင်းရေးမှူး ဖားကန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို တင်သွင်းရသည့် ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်းပြီး လိုအပ်ပါက တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်များကို ချွေတာရန်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးတင်စိုးက ပြောကြားသည်။
ယင်းဥပဒေကြမ်းတွင် ပြင်ဆင်သည့်အချက်မှာ မူလအဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေတွင် ပါရှိသည့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင် ငါးဦးစီဆိုသည့် စကားရပ်ကို 'ငါးဦးစီထက်မပိုသော အဖွဲ့ဝင်များကိုဆိုသည့်' စကားရပ်ဖြင့် အစားထိုးပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်သည်။
"ငါးဦးစီထက်မပိုသော အဖွဲ့ဝင်များကိုဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ဆောင်ရွက်ခြင်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မိမိတာဝန်များကို ကျစ်လျစ်သိပ်သည်းစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်သလို နိုင်ငံတော် လိုအပ်ချက်အရ ၁၅ ဦးထက် မပိုသော ၁၅ ဦးအောက် လိုအပ်သော အရေအတွက်ဖြင့်သာ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ဖြင့် နိုင်ငံတော်၏ ဘတ်ဂျက် အသုံးစရိတ်များကို ခြိုးခြံချွေတာရာ ရောက်မည်ဖြစ်သောကြောင့် ဤဥပဒေကြမ်းကို တင်သွင်းရခြင်း ဖြစ်ပါတယ်" ဟု ဦးတင်စိုးက ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဖတ်ကြားတင်သွင်းသည်။
ဥပဒေကြမ်း၏ ခေါင်းစီးသည် ယခင်ပြင်ဆင်သည့် ဥပဒေတစ်ခု ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် "အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ" ဟုလည်းကောင်း၊ "အဖွဲ့ဝင်ငါးဦးစီကို" ဆိုသည့် စကားရပ်တွင် "ငါးဦးအား ဂဏန်းဖြင့် ၅ ဦး" ဟုလည်းကောင်း ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ကြောင်း ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအား ကော်မတီဝင် ဦးဉာဏ်လင်းက ဖတ်ကြားသည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီဝင် အများစုသည် သဘောတူကြပြီး အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေကြမ်းတွင် လူပုဂ္ဂိုလ် အရေအတွက်ကို တိကျစွာ ပြဋ္ဌာန်းသင့်သည်ဟု ဆွေးနွေးခဲ့ကြောင်း၊ ဥပဒေကြမ်းအား အတည်ပြုပေးရန် ကော်မတီဝင် ဦးဉာဏ်လင်းက ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက် တင်သွင်းဆွေးနွေး လိုသူများသည် ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို တိတိကျကျ ဖော်ပြ၍ မေ ၂၄ ရက် နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေအရ ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တရားစွဲဆို အရေးယူခဲ့သူ ကိုးဦး၊ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူသူ ၁၂၅ ဦး၊ စုံစမ်းဆဲ သုံးဦးနှင့် နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့သည့် အရေးယူမှုများသာ ဆောင်ရွက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိလိုက်စားမှုညွှန်းကိန်း ထုတ်ပြန်သည့် Transparency International ၏ သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင်  ၁၄၇ အဆင့်မှာသာရှိပြီး အာရှအဆင့်မှာသာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယား နိုင်ငံသာရှိကြောင်း သိရသည်။                

Most Read

Most Recent