ဇွန် ၁ ရက်မှစ၍ Free Permit ဖြင့် တင်သွင်းသော ကားများအပေါ် ဝင်ငွေရလမ်း မပြနိုင်ပါက ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန် ကောက်ခံမည်

ဇွန် ၁ ရက်မှစ၍ Free Permit ဖြင့် တင်သွင်းသော ကားများအပေါ် ဝင်ငွေရလမ်း မပြနိုင်ပါက ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန် ကောက်ခံမည်
Published 11 May 2016
ဖြိုးဝေ၊ အောင်မြတ်ကို

၂၀၁၆ ခုနှစ် ဇွန် ၁ ရက်မှ စတင်ကာ Free Permit ဖြင့် တင်သွင်းလာသည့် ကားများအပေါ် ဝင်ငွေရလမ်း မပြနိုင်ပါက ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရသည်။ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ဝင်ငွေရလမ်း မပြနိုင်ပါက ယာဉ်တန်ဖိုး ကျပ်သိန်း ၃၀၀ မကျော်လျှင် အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထိ ဆိုပါက ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း ၁၀၀၀ အထက် ဆိုပါက ရာခိုင်နှုန်း ၃၀ နှင့် 1800 CC အထက် ဗန်ကားများ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန် (Estate Wagon) ကားများနှင့် ကူပေး (Coupe) ကားများကို အထူးကုန်စည်ခွန် ဥပဒေအရ အခွန် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ထိုသို့ ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ် အမျိုးမျိုးအတွက် အသုံးပြုသည့် ငွေကြေးအဖြစ် အကောက်ခွန် စည်းကြပ်တန်ဖိုး၊ ကျသင့် အကောက်ခွန်၊ ကျသင့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပါဝင်သည့် စုစုပေါင်းတန်ဖိုးကို သတ်မှတ်ပြီး ယင်းတန်ဖိုးအပေါ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေအပေါ် ကောက်ခံရမည့် ဝင်ငွေခွန်နှုန်းဖြင့် ကြိုတင်ခွန်ကို တွက်ချက် ကောက်ခံသွားမည်ဖြစ်သည်။မော်တော်ယာဉ်ကို ဆိပ်ကမ်းမှ ရွေးယူစဉ် အကောက်ခွန် ဦးစီးဌာနတွင် ကြိုတင် ဝင်ငွေခွန် ပေးဆောင်ခဲ့ရသည့် ကိစ္စရပ်အတွက် တွက်ချက်ရသည့် အခွန်မှ ပေးဆောင်ခဲ့ရသော ကြိုတင်ဝင်ငွေခွန်ကို နုတ်၍ ကျန်အခွန်ငွေကို ထပ်မံ ပေးဆောင်ရမည်ဖြစ်သည်။ယာဉ်တင်သွင်းသူသည် ယာဉ်တန်ဖိုးအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်း ပြလိုပါက နေထိုင်ရာ မြို့နယ်ရှိ အခွန်ရုံးသို့ သွားရောက် တင်ပြပြီး သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးက သတ်မှတ် စုစုပေါင်း တန်ဖိုးအပေါ် ဝင်ငွေရလမ်း အထောက်အထားများကို စိစစ်လျက် အပြီးသတ် စည်းကြပ်ပေးမည်ဖြစ်သည်။ဝင်ငွေရလမ်း အပြည့်အ၀ တင်ပြနိုင်ခြင်းကြောင့် ဝင်ငွေခွန် ပေးသွင်းရန် လိုအပ်ခြင်း မရှိပါက ပေးသွင်းခဲ့သည့် ကြိုတင် ဝင်ငွေခွန်ကို အခွန်ရုံးက ပြန်အမ်းငွေအဖြစ် ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။ပြည်တွင်း၌ ပြန်လည်ရောင်းချရန် လုပ်ငန်းတွင် ပြန်လည် အသုံးပြုရန် ထုတ်ကုန်သွင်းကုန် လုပ်ငန်းများ၊ သမဝါယမ အသင်းများ၊ ကုမ္ပဏီများက တင်သွင်းခြင်းအတွက် မော်တော်ယာဉ်များ ဆိပ်ကမ်းရောက် တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကို ကြိုတင်ဝင်ငွေခွန်အဖြစ် ကောက်ခံမည်ဖြစ်ပြီး ထိုသို့ မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းစဉ် အကောက်ခွန် ဦးစီးဌာနက ကောက်ခံပေးထားသည့် ကြိုတင်ဝင်ငွေခွန်ကို လုပ်ငန်းအတွက် အပြီးသတ် စည်းကြပ်မှုအရ ကျသင့် အခွန်မှ နုတ်ပယ်ပေးမည်ဖြစ်သည်။“One Stop Services ကို မန္တလေး၊ နေပြည်တော် ကညနရုံးမှာ ဝင်ထိုင်ပေးမယ်။ ဘဏ်ရော ဘာရော။ ဆိပ်ကမ်းမှာလည်း ကညန အင်ဂျင်နီယာက ထိုင်ပေးမယ်။ ကုန်သွယ် လုပ်ငန်းခွန်တို့ 1800 CC အထက်ဆိုရင် အထူးကုန်စည်ခွန်တို့ အဲဒါတွေပါ ပေါင်းမှာ။ သိန်း ၃၀၀ မကျော်ရင် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် အထိက ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ တန်သွင်းရင် တစ်ယောက်ကို ကျပ် ၁၀ သိန်းကောက်မယ်။ ဥပမာ ဆောင်ထားတဲ့ ပိုက်ဆံက သိန်း ၃၀၀ ရှိတယ်ဆိုရင် ကျပ်သိန်း ၂၀၀ အပေါ်မှာ ကျပ်လေးသိန်း ကောက်ပြီး ကျပ်ခြောက်သိန်း ပြန်အမ်းမယ်။ ကျပ်သိန်း ၁၀၀၀ ကျော်ရင် ရာခိုင်နှုန်း ၃၀၊ အိမ်ခြံမြေ ဈေးနှုန်း အတိုင်းပဲ။ အိမ်ခြံမြေမှာပါတဲ့ ဇယားကွက် အတိုင်းပဲ။ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအဖြစ်၊ ဝင်ငွေရလမ်း မပြနိုင်တဲ့ ငွေအဖြစ် အခွန် ကောက်ခံသွားမှာပါ။ လောလောဆယ် ဘာမှ မလုပ်သေးဘူး ကြိုတင် အခွန် အနေနဲ့ ကောက်လိုက်မယ်။ ဥပမာ လုပ်ငန်းကနေ အမြတ်ငွေ ကျပ်သိန်း ၁၀၀၀ ငွေဖြူ ရှိတယ်။ ကားသွင်းလာတာက သိန်း ၁၀၀၀ ဖိုး ရှိတယ်။ ကား ၁၀ စီးသွင်းလာတယ်။ တစ်စီးကို ကျပ်သိန်း ၁၀၀ နဲ့ သိန်း ၁၀၀၀ ဖိုး ရှိတယ် ဆိုတာ ပြလိုက်။ လောလောဆယ် သေချာတယ်။ ၁၅ ရာခိုင်နှုန်းနဲ့ ၁၀ စီးစာ ကျပ်သိန်း ၁၅၀ ကောက်ထားမှာပဲ။ ပြီးမှ ကျပ်သိန်း ၁၀၀၀ လုံး ပြလိုက်ရင် သိန်း ၁၅၀ လုံး ပြန်အမ်းမှာ။ ဆိပ်ကမ်းမှာ ကောက်တာက အကောက်ခွန်က ကောက်တာ။ သူကတော့ ကုန်သွယ်လုပ်ငန်းခွန်တို့ အထူး ကုန်စည်ခွန်တို့။ ၁၅ ရာခိုင်နှုန်းက ဝင်ငွေခွန်ကောက်မှာ။ ကညနမှာ ဝင်ငွေခွန်ကောက်မှာ။ အကောက်ခွန်က သတ်မှတ်တဲ့ ဈေးနှုန်းမှာ 1800 CC အထက်ဆိုရင် အထူးကုန် စတတ တည်ခွန်အဖြစ် ကျသင့်မယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ပြောကြားချက်အရ ကားတန်ဖိုး၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် ကျသင့်သည့် အမျိုးအစား ဆိုပါက အထူးကုန်စည်ခွန် စသည်ဖြင့် ကျသင့်ငွေ စုစုပေါင်း တန်ဖိုးအပေါ် ဝင်ငွေရလမ်း မပြနိုင်ပါက ၁၅ ရာခိုင်နှုန်းနှင့် အထက် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကြိုတင်ဝင်ငွေခွန် ကောက်ခံမှုသည် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေ အဖြစ် တင်သွင်းသည့် မော်တော်ယာဉ်များ၊ နာရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဘာသာရေး ကုသိုလ်ရေး သက်သက် ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ နိုင်ငံတော်သို့ လှူဒါန်း ထောက်ပံ့သည့် ယာဉ်များ၊ လှူဒါန်းရန် တင်သွင်းလာသည့် ယာဉ်များ၊ သံတမန်များ၊ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများက တင်သွင်းလာသည့် ယာဉ်များနှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိသည့် ကာလအတွင်း တင်သွင်းသည့် ယာဉ်များအပေါ် ကြိုတင်ခွန် ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။“အခု ဒီအခွန်ကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန် သတင်းစာထဲ ပါမယ် ဆိုတာတောင် ရက်က ၁၅ ရက်၊ ၁၈ ရက်လောက်ပဲ ရှိတော့ ကပ်တော့ ကပ်တယ်။ တကယ်တော့ ပေါ်လစီတစ်ခု ပြောင်းမယ် ဆိုရင် အနည်းဆုံး နှစ်လ သုံးလလောက် အချိန်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့။ အခုတော့ လုပ်ရကိုင်ရတာ ကျပ်တည်းတယ်။ တချို့ ကားလေလံက မနေ့ကမှ လေလံအောင်တာ ဆိုရင်၊ ကားက ဒီလကုန် မရောက်ဘဲ နောက်လမှ ရောက်မယ်ဆိုရင် သူတို့ အနေနဲ့ ဘာမှ ရွေးချယ်စရာ မရှိတော့ဘူး။ ဒီအခွန်ကြီးကို ပေးကို ပေးရတော့မယ်။ တစ်ခုခု ဆိုရင် ကားဈေးက တက်ချင်လည်း တက်၊ ကျချင်လည်း ကျ။ ဒါပေမဲ့ ပုံစံတစ်ခု အနေနဲ့ ပေါ်လစီ ငြိမ်သွားတာကို ကျွန်တော်တို့က ပိုကြိုက်တယ်။ အခု ပေါ်လစီ မငြိမ်တော့ လုပ်ရကိုင်ရ ခက်တယ်။ ဈေးကွက်လည်း မငြိမ်တော့ဘူး” ဟု ကားဈေးကွက် ကျွမ်းကျင်သူ Distinct Trading Co., Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးထွဋ်ထိပ်က သုံးသပ်သည်။ယခုကဲ့သို့ ကားစီအိုင်အက်ဖ်တန်ဖိုး အပြင် ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အထူးကုန်စည်ခွန်များကိုပါ ထည့်သွင်း တွက်ချက်ထားသည့် တန်ဖိုးအပေါ် ကောက်ခံမည် ဆိုပါက အခွန်ပေးဆောင်ပြီးသည့် အပေါ် အခွန်ပေါ် အခွန်ဆင့်၍ ကောက်ခံမည့် ပုံစံလည်းဖြစ်ပြီး အခွန်ထမ်းများကို ပိုမို နစ်နာစေမည်ဖြစ်သည်။