၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု အောက်တွင် အလိုအလျောက် ရှိနေခဲ့ပြီး အဆိုပါ အခြေအနေကို ပြန်လည်သုံးသပ် သင့်ကြောင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်မှ ရက် ၂၀ အတွင်း ရှယ်ယာဈေး အတက်အကျ မြင့်မားသည့် ကမောက်ကမ ဖြစ်စဉ်များ ရှိနေခဲ့ကြောင်း မေ ၅ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် ကျင်းပခဲ့သည့် Oxford Business Group ၏ 'The Impact of the establishment of the YSX on the financial services industry' ဆွေးနွေးပွဲတွင် တက်ရောက်သူများက ပြောကြားသည်။
ငွေမည်းခဝါချမှု ပြဿနာကြုံလာနိုင်သည်ဟု ဝေဖန်ခံနေရသည့် ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုဒဏ် ခံနေရသည့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်နေမှုကြောင့် အလိုအလျောက်ပင် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် ပါဝင်သွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန်- မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီ လီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင် ဖွဲ့စည်းခဲ့ကာ ခွင့်ပြုမ,တည်ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁၀၀ နှင့် ထည့်ဝင်ရင်းနှီးငွေမှာ ၃၂ ဘီလျံ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်သည်။
"မြန်မာ့စီးပွားရေးဘဏ်နဲ့ ပတ်သက်ပြီး စဉ်းစားသင့်တာက ရေရှည်မှာတော့ စတော့အိတ်ချိန်းကရှိဖို့ သင့်ချင်မှသင့်မယ်။ အစပိုင်းမှာတော့ လုပ်မယ့်သူ မရှိလို့ အစိုးရက စလုပ်ခဲ့ပေမယ့် ရေရှည်မှာတော့ စဉ်းစားသင့်တာပေါ့။ စီးပွားရေးဘဏ် အနေနဲ့ ဆက်လုပ်ဖို့ လိုသေးလား။ Professional Management ကိုအပ်ပြီး စီမံခန့်ခွဲမလား။ အများပိုင်အဖြစ် ရပ်တည်သွားမလား စဉ်းစားသင့်ပါတယ်" ဟု Thura Swiss မှ CEO ဒေါက်တာ အောင်သူရက သုံးသပ်ပြောကြားသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်းမှ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက "အဲဒါက ကျွန်တော်တို့ နည်းနည်းလေး အန္တရာယ်ရှိတယ်။ မပြောပါရစေနဲ့" ဟု ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်တွင် ရှယ်ယာစတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment, First Private Bank၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့သည်။ အဆိုပါ ရွေးချယ်သည့် ကုမ္ပဏီများအနက် FMI က ရှယ်ယာစတင် ရောင်းချခွင့်ရရှိခဲ့ပြီး စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၁၀၀၀ ဖြင့် ရောင်းချခဲ့ပြီး မတ် ၂၉ ရက်တွင် ကျပ် ၄၁၀၀၀ အထိ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း မတ် ၃၀ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၁၀၀၀ အထိ ကျဆင်းခဲ့ကာ ပိတ်ရက်များပြားသည့် ဧပြီတွင် ရှယ်ယာဈေးမှာ ကျပ် ၃၀၀၀၀ ဝန်းကျင်သာ ရှိနေခဲ့ပြီး မေ ၅ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၂၈၅၀၀ သာ ရှိခဲ့သည်။ နိုင်ငံတကာရှိ စတော့ရှယ်ယာ ဈေးနှုန်းများကဲ့သို့ မဟုတ်ဘဲ အတက်အကျ ကြမ်းလွန်းနေသည့် အခြေအနေ ဖြစ်သောကြောင့် ကမောက်ကမ ဖြစ်စဉ်များ ရှိနေခဲ့ခြင်းဖြစ်သည်။
"စတော့အိတ်ချိန်းဟာဆို ဒီနေ့မှာ ရက် ၂၀ မြောက် ရောက်လာပါပြီ။ အစောပိုင်းကာလမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သိပ်နားမလည်တဲ့ အခြေအနေကြောင့် ကမောက်ကမတွေ ဖြစ်ခဲ့ရတယ်။ အခုဆိုရင် တတိယအပတ်ထဲ ရောက်လာပြီ။ ရှယ်ယာရှင်တွေ အနေနဲ့ ယခင်ထက်ပိုပြီး နားလည်လာတာကို တွေ့ရသလို သတိပြုရောင်းချ လာတာကိုလည်း တွေ့ရပါတယ်။ မကြာခင် ဒုတိယသီလဝါကိုလည်း ရောင်းချတော့မှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေ ပိုများလာမှာပါ" ဟု ဦးသက်ထွန်းဦးက ဆိုသည်။
ထိုသို့ ကမောက်ကမ ဖြစ်စဉ်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စတော့ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုမှာ လာအို၊ ကမ္ဘောဒီးယား အစရှိသည့် မြန်မာ့စတော့အိတ်ချိန်းထက် စတော့ဈေးကွက် စာရင်းဝင် ကုမ္ပဏီ များပြားသည့် စတော့အိတ်ချိန်းများထက် ပိုမိုရောင်းချရသည်ဟု ဦးသက်ထွန်းဦးက ဆက်လက် ပြောကြားသည်။
အဆိုပါ ကမောက်ကမ ဖြစ်စဉ်များမှာ ဈေးကွက်အတွင်း လက်ဝါးကြီးအုပ်မှုများ ရှိနေသောကြောင့် ဖြစ်နိုင်ပြီး ကဏ္ဍအလိုက် တာဝန်ယူထားသည့် စတော့အိတ်ချိန်းရှိ ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ကုမ္ပဏီများ အနေဖြင့် စနစ်တကျ ထိန်းချုပ်နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေမှာ စတင်ဖွင့်လှစ်စ အချိန်သာ ဖြစ်နေသည့်အတွက် ခန့်မှန်းရန် အချိန်စောနေသေးကြောင်း ဒေါက်တာအောင်သူရက ဆက်လက် ပြောကြားသည်။
"လောလောဆယ်က ရှယ်ယာကလည်း အများကြီး မရှိသေးဘူး။ ရှယ်ယာအရောင်းအဝယ်က အရမ်းပါးတဲ့ အချိန်မှာ တစ်ယောက်က အော်ဒါများတယ်ဆိုရင် ဈေးက ပြောင်းလဲနိုင်တယ်။ စတော့အိတ်ချိန်း ရှယ်ယာတွေ ပိုများလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ များလာမယ် ဆိုရင်တော့ ပိုပြီးငြိမ်လာနိုင်တာပေါ့။ ကမောက်ကမ ဖြစ်တယ်လို့တော့ အရမ်းကြီး ပြောလို့မရဘူး" ဟု ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း အနေနှင့် လက်ရှိ အခြေအနေတွင် အားရစရာ အခြေအနေ ဖြစ်နေသော်လည်း အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူများအကြား စတော့အိတ်ချိန်းဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန် လုပ်ဆောင်ခြင်း၊ နည်းဥပဒေနှင့် ဥပဒေများ ခိုင်မာစေရန်၊ ပြည်သူလူထုအကြား ရန်ကုန်စတော့ အိတ်ချိန်းအပေါ် ပြည်သူများ ယုံကြည်မှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် စသည့်အချက်များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း Oxford Business Groupo ၏ အာရှဒေသဆိုင်ရာ Managing Director ဖြစ်သူ Mr. Paulius Kuncinas က သုံးသပ် ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်မှ ရက် ၂၀ အတွင်း ရှယ်ယာဈေး ကမောက်ကမဖြစ်စဉ်များ ရှိနေပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုအောက် အလိုအလျောက် ရောက်ရှိနေသည့် အခြေအနေကို ပြန်လည် စဉ်းစားသင့်ကြောင်း သုံးသပ်မှုများ ရှိနေ