၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း ရှိရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ဒေါ်လာ ၃၂၀ ဘီလျံ ရင်းနှီး မြှုပ်နှံရမည်ဟု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့ ပူးပေါင်း ဆောင်ရွက်သည့် Financing Infrastructure Development and Public-Private Partnership (PPP) Framework for Myanmar လေ့လာ ဆန်းစစ်ချက် စာတမ်းတွင် သုံးသပ်ထားသည်။မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ အဆင့်အတန်း မြှင့်တင်ရေးအတွက် လူနေ အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံ လိုအပ်ချက်များ၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး ပေးဝေနိုင်ရန် လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း လမ်းတံတားများ တိုးချဲ့ ဖောက်လုပ်မှုနှင့် အဆင့်မြှင့်တင်ရေး လိုအပ်ချက်များကို အဓိက ဆောင်ရွက်သွားရမည် ဖြစ်သည်။JICA နှင့် DICA တို့၏ လေ့လာ ဆန်းစစ်ချက်အရ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ဒေါ်လာ ဘီလျံ ၃၂၀ အနက် ဒေါ်လာ ၁၉၂ ဘီလျံ ဝန်းကျင်ကို လူနေ အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံများတွင် မြှုပ်နှံရန်၊ ဒေါ်လာ ၆၆ ဒသမ ၆ ဘီလျံကို တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် အသုံးပြုရန်နှင့် လမ်းတံတားများ နိုင်ငံတကာ အဆင့်မီ အသုံးပြုနိုင်ရန် ဒေါ်လာ ဘီလျံ ၄၀ ကျော် မြှုပ်နှံရန် လိုအပ်မည်ဟု သုံးသပ်ထားသည်။ထိုသို့ အခြေခံ အဆောက်အအုံ စီမံကိန်းများ အဆင့်အတန်း ပြည့်မီရန် ဆောင်ရွက်သည့် စီမံကိန်းများတွင် နိုင်ငံတော် ဘဏ္ဍာငွေ၊ မိတ်ဖက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများ၊ ချေးငွေများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ၊ ချေးငွေများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု၊ အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန် အကြံပြုထားသည်။မြန်မာနိုင်ငံ အနေဖြင့် ဝင်ငွေ အလယ်အလတ် အဆင့်ရှိသော နိုင်ငံ ဖြစ်လာစေရန် တစ်ဦးချင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ဒေါ်လာ ၃၀၀၀ နှင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (Gross National Product-GNP) ဒေါ်လာ ဘီလျံ ၁၈၀ ရှိရန် DICA က ရေးဆွဲထားသော အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (NCDP) တွင် အခြေခံ မျှော်မှန်းချက် အဖြစ် ရည်မှန်းထားကြောင်း သိရသည်။ယင်းစီမံကိန်းတွင် ၂၀၁၃ ခုနှစ်၏ Per Capita GDP US$ 915 (IMF မှ ထုတ်ပြန်သော စာရင်းများအရ) ကို အခြေပြုပြီး တိုးတက်နှုန်း ၇ ဒသမ၂၃ ရာခိုင်နှုန်းဖြင့် ရည်မှန်းချက်သို့ ရောက်အောင် ရေးဆွဲထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ စာရင်းများ အရ Per Capita GDP တိုးနှုန်း ၇ ဒသမ ၂၃ ရာခိုင်နှုန်း ရရှိရန် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ပျမ်းမျှ ရှိရမည်ဖြစ်သည်။မြန်မာနိုင်ငံ အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနှုန်း မျှော်မှန်းချက်ကို အနိမ့်ဆုံး ၂ ဒသမ ၆ ဆမှ အမြင့်ဆုံး ၅ ဒသမ ၅ ဆအထိ အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင် အမြင့်ဆုံးအဆင့် ရရှိရန် လျာထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လက်ရှိ ဝင်ငွေ အလယ်အလတ် ရရှိသော အနေအထား ရောက်အောင် ရည်မှန်းပြီး အမြင့်ဆုံး GDP တိုးတက်နှုန်း ၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိပါက Per Capita တိုးနှုန်း အမြင့်ဆုံး ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဒေါ်လာ ၄၀၀၀ ရရှိရန် မျှော်မှန်းထားသည်။အလယ်အလတ်အဆင့် ဝင်ငွေ ရရှိနိုင်ရန် မြန်မာနိုင်ငံ၏ GDP နှစ်စဉ် ပျမ်းမျှ တိုးနှုန်းသည် ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိရမည်ဖြစ်ပြီး ယင်းနှုန်းအရ ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် GNP ပမာဏမှာ ဒေါ်လာ ၁၈၀ ဘီလျံ ရှိမည်ဖြစ်သည်။ ယင်းအခြေခံ မျှော်မှန်းချက် ပြည့်မီနိုင်စေရန် မြန်မာနိုင်ငံသည် စိန်ခေါ်မှု ရှိနေသော ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီနိုင်ငံ ဖြစ်စေရန် စီးပွားရေး အဆောက်အအုံ၏ အဓိက ကဏ္ဍများ ဖြစ်သော လယ်ယာ၊ စက်မှု၊ တည်ဆောက်ရေး၊ ငွေရေးကြေးရေး၊ စွမ်းအင်၊ သတ္တုနှင့် ခရီးသွားလာရေး ကဏ္ဍများကို တိုးတက်မှု ရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
၂၀၃၀ ပြည့်နှစ် အထိ ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း ရှိရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ဒေါ်လာ ဘီလျံ ၃၂၀ ရင်းနှီး မြှုပ်နှံရမည်ဟု JICA သုံးသပ်