ပါတီခွင့်ပြုချက် မရှိဘဲ ‘ဝ’ ဒေသသို့ သွားရောက် ဆွေးနွေးခဲ့သည့်အတွက် ပါတီအရေးကြီး တာဝန်များ ထမ်းဆောင်ခွင့် တစ်နှစ်ရပ်ဆိုင်း ခံရကြောင်းနှင့် လွှတ်တော်ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် အဖြစ်မှလည်း အစားထိုးခံရကြောင်း ကာယကံရှင် ပြည်သူ့လွှတ်တော် ...

ပါတီခွင့်ပြုချက် မရှိဘဲ ‘ဝ’ ဒေသသို့ သွားရောက် ဆွေးနွေးခဲ့သည့်အတွက် ပါတီအရေးကြီး တာဝန်များ ထမ်းဆောင်ခွင့် တစ်နှစ်ရပ်ဆိုင်း ခံရကြောင်းနှင့် လွှတ်တော်ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် အဖြစ်မှလည်း အစားထိုးခံရကြောင်း ကာယကံရှင် ပြည်သူ့လွှတ်တော် ...
Published 3 May 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပါတီခွင့်ပြုချက် မရှိဘဲ ‘ဝ’ ဒေသသို့ သွားရောက် ဆွေးနွေးခဲ့သည့်အတွက် ပါတီအရေးကြီး တာဝန်များ ထမ်းဆောင်ခွင့် တစ်နှစ်ရပ်ဆိုင်း ခံရကြောင်းနှင့် လွှတ်တော်ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် အဖြစ်မှလည်း အစားထိုးခံရကြောင်း ကာယကံရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး ပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ခွင့်ပြုချက်မရှိဘဲ ‘ဝ’ ဒေသသို့ သွားရောက်ဆွေးနွေး ခဲ့သည့်အတွက် ပါတီ၏ အရေးကြီးတာဝန်များ ထမ်းဆောင်ခွင့်မှ တစ်နှစ်ရပ်ဆိုင်း ခံရကြောင်းနှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကိုလည်း အကြောင်းကြားခြင်း မရှိသည့်အတွက် အဖွဲ့ဝင် အဖြစ်မှလည်း အစားထိုးခံရကြောင်း ကာယကံရှင် ကရင်ပြည်နယ်၊ ကော့ကရိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက နေပြည်တော်တွင် မေ ၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်က ‘ဝ’ ဒေသကို ကြိုတင်ခွင့်ပြုချက် မတောင်းဘဲနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အချက်အလက်နဲ့ သွားရောက်ပြီးတော့ လေ့လာခဲ့တယ်။ အဲဒီအတွက် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ငြိစွန်းတယ်။ ဒါကြောင့်မို့လို့ ကော်မတီတာဝန်ကနေ လူစားထိုးပြီးတော့ တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့ အယူအဆကတော့ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ကတော့ ကော်မတီတာဝန်ကတော့ သီးခြားတာဝန်ပေါ့လေ။ ကျွန်တော့်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေး ကော်မတီဝင် အဖွဲ့တွေကို ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကျွန်တော်တွေ့ရှိရတဲ့ အချက်အလက်တွေကိုတော့ အကြံပေးပြီးတော့ တင်ပြလို့ရပါတယ်။ ကော်မတီမှာ တိုက်ရိုက်ကြီး တာဝန်မရှိတော့ဘူး။ ဒါပေမဲ့ ကော်မတီဝင်တွေကို ကျွန်တော်က ဝန်းရံပေးလို့တော့ ရပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်က ရှိသေးတာကိုး။ ကျွန်တော့် နယ်မြေရော ကျွန်တော်တို့ နိုင်ငံတော် အတွက်ကော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်ကတော့ ပါတီက ကျွန်တော့်ကို မရုပ်သိမ်းဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပေးတယ်လို့ပဲ ခံယူထားတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ နာမည်နဲ့ ကျွန်တော်က ဒီလွှတ်တော်ကိုယ်စားလှယ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့တာပဲ” ဟု ဦးစိုးဌေးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘ဝ’ ဒေသသို့ သွားရောက်ရာတွင် NLD ပါတီကို ခွင့်ပြုချက် မတောင်းခဲ့ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် ဖွဲ့ထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကိုလည်း မပြောခဲ့ကြောင်း ဦးစိုးဌေးက ပြောကြားသည်။
“အဲဒီဒေသမှာ ၁၉၈၉ ခုနှစ်ကစပြီးတော့ ဒီနေ့အထိ သေနက်သံ မကြားရတော့ပါဘူး။ ငြိမ်းချမ်းပါတယ်။ အဲဒီအချိန်တုန်းကလည်း ‘ဝ’ ဒေသကို ရောက်ဖူးပါတယ်။ တပ်မ ၉၉ ဒုတပ်မမှူး၊ ခေတ္တတပ်မမှူးဘဝနဲ့ မိုင်းမောအထိ ရောက်ဖူးပါတယ်။ ပန်ဆန်း အထိတော့ မရောက်ဖူးဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့ သွားရမယ်ဆိုရင် ရဲဘော်တွေက ကျွန်တော်တို့ကို သေနတ်ကြီးနဲ့ ထောက်ပြီးတော့မှ ကျွန်တော်တို့ကို မယုံကြည်ဘူးပေါ့ဗျာ။ အဲလိုဖြစ်တယ်။ ဒီနေ့သွားတဲ့ အချိန်မှာတော့ ဒါအင်မတန် လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုပြီးတော့ ဘာမှလည်း ကျွန်တော်တို့ကို စစ်လား၊ ဆေးလား မရှိဘူး။ ကျွန်တော်တို့ သွားတာတော့ ပါတီကိုယ်စားလှယ်အနေနဲ့ သွားတာမဟုတ်ဘဲနဲ့ ဒါပေမဲ့ ကျွန်တော် NLD ပါတီဝင် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပါတီဝင် အနေနဲ့သွားတာ ဖြစ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ သွားတာဖြစ်ပါတယ်” ဟု ဦးစိုးဌေးက ဆက်လက်ပြောကြားသည်။
မေ ၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကို အဖွဲ့ဝင် ကရင်ပြည်နယ်၊ ကော့ကရိတ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးနေရာတွင် ကရင်ပြည်နယ်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်ကို အစားထိုးကာ ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။
“ကော်မတီအဖွဲ့အနေနဲ့ သွားတာ မဟုတ်ဘဲနဲ့ ကော်မတီမှာ တင်ပြဖို့အတွက် အချက်အလက်တွေ စုဆောင်းတာပေါ့။ ကျွန်တော်တို့က စာတွေ့၊ လက်တွေ့ ဒီစာအုပ်ပဲ ဖတ်ပြီးတော့မှ ဆွေးနွေးမယ် ဆိုတာထက် နယ်မြေကို ဆင်းပြီးတော့ အချက်အလက် ရှာဖွေတာက ပိုပြီးတော့ သင့်တော်တယ်လေ။ ကိုယ်ရဲ့ ယုံကြည်ချက်နဲ့ သွားတာပေါ့” ဟု ဦးစိုးဌေးက ပြောကြားသည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက “အခုဟာက ပါတီက အရေးယူတာပါ။ ပါတီက အရေးယူလို့ လွှတ်တော်ကလည်း အရေးယူတဲ့ သဘောပါ။ ပါတီက တစ်နှစ် ကျွန်တော့်ကို အရေးကြီး တာဝန်ကနေ ရပ်ဆိုင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်ခုနက ပြောသလို ဝန်းရံပေးလို့တော့ ရပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဝန်းရံပေးဖို့ တာဝန်လည်း ရှိပါတယ်။ ပါတီဝင်အဖြစ်က ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ ပါတီရဲ့ အရေးကြီး တာဝန်အဖြစ်ကနေ ထမ်းဆောင်ခွင့် ရပ်ဆိုင်းတဲ့ သဘောပါပဲ။ တစ်နှစ်ပေါ့။ အယူခံ ဝင်လို့ရပါတယ်။ အယူခံ မဝင်တော့ပါဘူး။ ပါတီကပေးတာကို လိုက်နာပါမယ်” ဟု ရှင်းလင်းပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးသည် ‘ဝ’ ဒေသသို့ ဧပြီ ၂၅ ရက်မှ ၂၉ ရက်အထိ သွားရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ‘ဝ’ အဖွဲ့နှင့် ဆွေးနွေးရန် NLD ပါတီမှ စေလွှတ်ထားခြင်း မရှိကြောင်း ပြောကြားထားသည်။      

Most Read

Most Recent