ဆေးတံတို

ဆေးတံတို
Published 3 May 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁) ငယ်ငယ်က ကာတွန်းမောင်လွင်၏ ‘ငတက်ဖြား’ ကာတွန်းရုပ်ပြတို့ကို ဖတ်ခဲ့စဉ်က “နှပ်တစ်ညှစ်ခန့် အကြာတွင်”၊ “ကွမ်းတစ် ယာညက်ခန့် အကြာတွင်” စသည်ဖြင့် ရေးထားသောစာတို့ကို လှိုင်လှိုင်ကြီး တွေ့ခဲ့ရဖူးသည်။ ဖတ်ခါစက ဘာကိုဆိုလိုမှန်း နားမလည်လှသော်လည်း ‘အချိန်ကာလ အတိုအရှည် ကိစ္စကို ပြောချင်တာပါလား’ ဟု ဖတ်ရင်းဖတ်ရင်း သဘောပေါက်လာရသည်။မြန်မာ့ဆိုရိုးစကား အစဉ်၌ “ဆေးတစ်အိုးကျွမ်း၊ ကွမ်းတစ်ယာညက်” ဆိုသည့် စကားလုံး အတွဲတစ်ခု ရှိသည်။ “ဆေးတစ်အိုးကျွမ်း” ဆိုသည်က ဆေးတံထဲ ထည့်သောက်သည့် ဆေးများ ကျွမ်းသွား,ကုန်သွားသည့် အခိုက်အတန့် ကာလကို ဆိုလိုရင်းဖြစ်မည် ထင်ပါ၏။ ဆေးတံနှင့် အလှမ်းဝေးခဲ့မည် ဆိုပါက ‘ဆေးတစ်အိုးကျွမ်း’ ၏ အနက်သွားကို နားလည်ဖို့ ဝေးကောင်းဝေးမည် ဖြစ်သော်လည်း မိမိကတော့ ဆေးလိပ်၊ ဆေးတံတို့နှင့် မဝေးရုံမျှမက အတော်လေးပင် နီးစပ်ခဲ့ဖူးသည်။ ပြောကြစတမ်းဆိုလျှင် ဆေးလိပ်ဆိုတာ ‘ဘာ’ ဟု မသိနားမလည်ခင် ကာလကတည်းက ဆေးတံနှင့် ရင်းနှီးသူတစ်ယောက် ဖြစ်ခဲ့ရပါ၏။(၂) သာမဏေငယ် ဘဝဖြင့် ရွာအရှေ့ကျောင်း၌ နေခဲ့စဉ်က ကိုရင်ကလည်း ပြေးကြည့်မှ ဒီတစ်ပါးတည်း ရှိသည်မို့လားမသိ။ ဆရာဘုန်းကြီးကလည်း အလိုလိုက်ထားသည်။ ဘုန်းကြီးက အဂ္ဂိရတ်ထိုးတာ ဝါသနာပါသည်။ တူရာတူရာ စုမိကြသည့် လောကသဘောအရ ရွာထဲက အဂ္ဂိရတ် ဝါသနာပါသည့် ဘကြီးဘသန်းကလည်း ကျောင်းကို နေ့တိုင်းလိုလို ရောက်လာတတ်သည်။ အဂ္ဂိရတ်ထိုးရင်း သူတို့ပြောနေကြသည့် စကားတွေကို ကြားရသည်က အင်မတန် အားရစရာ ကောင်းလှသည်။ မကြာမကြာ ကြားရလေ့ရှိသည့် စကားတစ်ခွန်းက “သံသေ-တစ်ပြည်ဝ” တဲ့။ ဖိုထဲက ဓာတ်လုံးက နက်ဖြန်သဘက် ရွှေဖြစ်တော့မည့် အတိုင်း။ ဓာတ်လုံး၏ အစွမ်းဖြင့် တိုင်းပြည်ကြီးက နေ့ချင်းညချင်း ထပြီးချမ်းသာတော့မည့် အတိုင်း။ဘကြီးဘသန်းက ဆေးတံသမား ဖြစ်သည်။ မိမိ၏ ဖခင်လည်း အစကတော့ ဆေးတံသမားပင်။ နောက်တော့မှ ဆေးလိပ်ကိုပြောင်း သောက်သွားခြင်းဖြစ်သည်။ ဘဝ၌ ပထမဆုံး မြင်ဖူးသည့် ဆေးတံက အဖေသောက်သည့် ဆေးတံဖြစ်သည်။ ထိုဆေးတံ၏ အရိုးက ဖြောင့်စင်းစင်း ဖြစ်သော်လည်း ဘကြီးဘသန်းလက်၌ ယခုတွေ့လိုက်ရသည့် ဆေးတံရိုးက ကောက်ကောက်ကော့ကော့လေး ဖြစ်သည်။ ဖားဖိုအနားမှ ထလာချိန်၌ ဘကြီးဘသန်းက သူ့ဆေး တံကောက်ကြီးကို သွားဖြင့်ကိုက်ခဲကာ သံဘူးလေးထဲက ဆေးကိုဖြည့် မီးညှိပြီး သကာလ အားရပါးရ ရှိုက်ဖွာလိုက်သော ဟန်ပန်ကို မိမိက အတော်လေး သဘောကျနေမိသည်။တစ်နေ့ သူတို့ ဓာတ်လုံးနှင့်သူတို့ အလုပ်ရှုပ်နေကြစဉ် မိမိက သူ့ဆေးတံကြီးကို သွားဖြင့်ကိုက်ကာ မီးညှိပြီး သောက်နေလိုက်သည်။ ဒါကိုသူမြင်သွားတော့ “အိုး...ကိုရင်လေးက ဆေးတံမသောက်ရဘူးလေ” ဆိုပြီး ဖိုဆွဲရင်းတန်းလန်း လှမ်းအော်သည်။ မိမိက သောက်မြဲ။ သူ့ကိစ္စ ပြီးချိန်၌ နေရာမှထလာပြီး ဆေးတံအိုးကို မှောက်ကာ လက်ကျန်ဆေးမှုန့် အဟောင်းတို့ကို တတောက်တောက်နှင့် ခါချသည်။ ချေးဖြစ်နေသည့် ဆေးမှုန့်မည်းမည်းများကို တုတ်ချောင်း သေးသေးလေးဖြင့် ခြစ်ထုတ်သည်။ ဆေးတံအိုး၌ တပ်ထားသည့် အမင်းတံလေးကို ဆွဲချွတ်ပြီး ချေးတွေကို လေမှုတ်ပြီးရှင်းသည်။ ပြီးတော့ ဆေးတစ်ဆုံ အသစ်ဖြည့်ကာ မီးခြစ်ပြီး သောက်လိုက်သည်။ မိမိက သူ့လှုပ်ရှားမှုတွေကို ကြည့်နေရင်း ဆေးတံ၏ တည်ဆောက်ပုံကိုပါ နားလည်ပြီး ဖြစ်သွားတော့သည်။‘ကိုရင်လေး ဆေးတံမသောက်ရဘူး’ ဟု သူကဆိုသော်လည်း မိမိက မသောက်ဘဲ မနေနိုင်။ သူတို့ အလုပ်ရှုပ်နေပြီလားဆို သူ့ဆေးတံထဲက ဆေးမှုန့်အဟောင်းတွေကို ခေါက်ချ၊ ဆေးအသစ်ဖြည့်၊ မီးခြစ်ကို ကောက်ကိုင်စသည်ဖြင့် သူလုပ်သည့် အတိုင်းလုပ်ရင်း ဆေးတစ်အိုး မကုန်မချင်း ဖွာနေလိုက်တော့သည်။ အရသာ သိလှ၍ကားမဟုတ်။ ဆေးတံကို မီးညှိရသည်က ဆေးလိပ်ကို ညှိရသလောက် မလွယ်။ ဆေးတံအိုးကို ခပ်ငိုက်ငိုက်ကလေး စောင်း၊ မီးညွန့်နှင့် ဂဟေဆက်ပြီး အားပြင်းပြင်းနှင့် ရှိုက်ယူရသည်။ ကြားထဲမှာ ဆေးချေးတွေ ပိတ်ဆို့နေလျှင် ပါးစပ်က ‘လေ’ က အဖျားအထိ မရောက်။ ထိုအခါမျိုး၌ အမင်းကိုဖြုတ်ပြီး ဆေးချေးတွေကို ခြစ်ထုတ်,ခေါက်ထုတ်ရသေးသည်။တစ်နေ့သ၌ ကျောင်းသို့ ဆွမ်းအုပ်လာ ပို့သောအမေက မိမိ ဆေးတံသောက်နေသည်ကို မြင်သွားသည်။ အမေက မိမိကိုလည်း ဆူသည်။ ဘကြီးဘသန်းကိုလည်း ‘မတားရကောင်းလား’ ဆိုပြီး ဆူသည်။ ‘ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးသောက်ရင် ရုပ်ကြီးက ရင့်သွားလိမ့်မည်’ ဟု အမေကပြောသည်။ အမေ့ရှေ့၌ ‘ဟုတ်ကဲ့ပါ’ ဆိုပြီး ငြိမ်နေလိုက်သည်။ နောက်တော့လည်း သောက်မြဲ။ စစ်ကိုင်းတောင်ရိုးကို ရောက်သွားမှ ဆေးတံနှင့် အဆက်ပြတ်သွားရခြင်း ဖြစ်သည်။(၃) မြန်မာစာရေး ဆရာကြီးများ၏ ဓာတ်ပုံဟောင်း များစွာတို့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ပူးတွဲတွေ့ရတတ်သည့် အရာက ကွမ်းအစ်ကြီးဖြစ်၍ ဆရာကြီး ရွှေဥဒေါင်းနှင့် ပူးတွဲတွေ့ရလေ့ရှိသည့် အရာက ဆေးတံကြီးဖြစ်၏ဟု မိမိထင်သည်။ ဆရာကြီး ရွှေဥဒေါင်းက သူ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကြီး၌ “ကျွန်ုပ်နှင့်ဆေးတံ” ဟု ခေါင်းစဉ်ငယ် တစ်ခုတပ်၍ ရေးခဲ့သည်အထိ ဆေးတံအပေါ် အစွဲအလမ်း ကြီးမားခဲ့သည့် ဆရာကြီးဖြစ်သည်။“မောင်စံရှားကို အားကျပြီး ၁၉၁၇ ခုနှစ်မှစ၍ ဆေးတံသောက်ဖို့ အလေ့အကျင့် ပြုခဲ့သည်” ဆိုသော စကားကိုထောက်၍ ဆရာကြီးအသက် ၂၈ နှစ်သား အရွယ်၌ ဆေးတံကို စသောက်ခဲ့ကြောင်း နားလည်ရပါ၏။ ဆရာကြီးက ၁၈၈၉ ခုနှစ်ဖွား ဖြစ်ပါသည်။ သုံးလေးကျပ်တန် ဆေးတံများဖြင့် ဆေးတံသောက်ခြင်းကို စတင်ခဲ့သူ ဆရာကြီးသည် ထိုဆေးတံများ ကျပျောက်သွားချိန်၌ ၁၀ ကျပ် ၈ ပဲ ပေးရသည့် (Under Bore) ဆေးတံကို ‘ရိုးတိုက်’ မှဝယ်ပြီး သောက်ခဲ့၏ဟု ဆိုသည်။ အန်ဒါဘိုး ဆေးတံ ကျပျောက်သွားချိန်၌ သူ့ထက် အဖိုးတန်သော ဆေးတံကို ဝယ်သောက်ဦးမည်ဆိုကာ အင်္ဂလန်ပြည်မှ (Dunhill) ဆေးတံကို စာတိုက်မှမှာပြီး ဝယ်သောက်ခဲ့သည်။ ဒန်ဟီးဆေးတံက အဖိုးတန်လှသည်။ ထိုခေတ်ကငွေဖြင့် ၂၅ ကျပ် ၈ ပဲ ပေးရ၏ဟု ဆိုပါသည်။ ထိုမျှသာမကသေး သူ့ဆေးတံကို တန်ဖိုးမြှင့်သည့် အနေဖြင့် အမင်း၌ ရွှေဒင်္ဂါးကွပ်ထား လိုက်သေးသည်တဲ့။ ဆရာကြီး ရွှေဥဒေါင်းတို့ ဆေးတံအပေါ် တယုတယ ရှိခဲ့ပုံကတော့ လက်ဖျားခါလောက်သည်။ရှေးမြန်မာကြီးများ၏ ခေတ်က ဆေးတံသောက်သုံးသည့် အလေ့အထ များစွာထွန်းကားခဲ့ဟန်တူသည်။ မိမိတို့ငယ်စဉ်က မြေဆေးတံ အကျိုးလေးများကို ဟိုအိမ်သည် အိမ်၌ တွေ့ခဲ့ဖူးသည်။ အိုးပုတ်တမ်း ကစားကြရင်း ထိုပစ္စည်းလေးများ ပျောက်ဆုံးသွားခဲ့ပုံရသည်။ ယခု မတွေ့ရတော့ချေ။ မကွေးမြို့နယ် ဖိုးလေးလုံးရွာ၏ မြောက်ဘက် သုံးမိုင်ခန့် အကွာ၌ ပျူလူမျိုးတို့ နေထိုင်ခဲ့သည်ဟု ယူဆရသည့် ကုန်းတစ်ခု၌ ဗိဿနိုးမြို့မှ အုတ်ချပ်ကြီးများနှင့် အရွယ်အစားတူသည့် အုပ်ချပ်များ၊ ဆေးတံ၊ ပုတီး၊ ကြေးလင်ပန်း၊ ကြေးရုပ်တု စသည့် ရှေးဟောင်းပစ္စည်းတို့ကို တွေ့ရှိရကြောင်း မှတ်တမ်းတစ်ခုက ဆိုသည်။ ထိုအဆိုအရ ပျူခေတ်ကတည်းက မြေဆေးတံတို့ ထွန်းကားနေခဲ့ပြီဟု နားလည်ရပါသည်။လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှေးမြန်မာကြီးများသည် ဆေးတံ သောက်သုံးခြင်းကို အဆောင်အယောင် တစ်ခုအဖြစ် အမြတ်တနိုး သုံးစွဲခဲ့ကြကြောင်း၊ ဆေးတံသည် မေတ္တာတရား၏ သင်္ကေတတစ်ခု ဖြစ်ကြောင်း၊ တစ်စုံတစ်ယောက်၏ အပြစ်ကို          “ခွင့်လွှတ်ပါသည်” ဟု ပြလိုသည့် အခါမျိုး၌ ဆေးတံကမ်းခြင်း သို့မဟုတ် ဆေးတံလက်ဆောင်ပေးခြင်း အလေ့အထမျိုး ရှိခဲ့ကြောင်း ကုန်းဘောင်ခေတ် မှတ်တမ်းအချို့၌ ဖော်ပြထားသည်။(၄) နှောင်းခေတ်ကာလ၌ ဆေးတံလုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကြီးသော အရပ်က ‘ရွာလွတ်’ ဖြစ်သည်။ ရွာလွတ်သည် မော်လမြိုင် တစ်ဖက်ကမ်း ဘီလူးကျွန်း ချောင်းဆုံမြို့နယ် အတွင်းမှ အိမ်ခြေထောင်ကျော်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ရွာသားအများစုက ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာခဲ့သည့် လက်မှုလုပ်ငန်းဖြင့် အသက်မွေးကြသည်။ အထူးသဖြင့် ရွာလွတ်မှ ထုတ်လုပ်သည့် မြန်မာ့ဆေးတံက အရည်အသွေး ကောင်းမွန်သလို လက်ရာကလည်း သေသပ်လှပသည်။ သို့ရကား ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများသို့ပါ ဆယ်စုနှစ်ပေါင်းများစွာ တင်ပို့ရောင်းချခြင်းဖြင့် ဒေသ၏ စီးပွားရေးကို အထောက်အကူ ပြုနေခဲ့သည်။သို့သော် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလရောက်သော် ရွာလွတ်ဆေးတံများ ပြည်ပသို့ တိုက်ရိုက်တင်ပို့မှုကို အစိုးရက ပိတ်ပင်ခဲ့သည်။ Export လုပ်ငန်းများကို ထိန်းချုပ်လာခဲ့သည်။ ထို၏ အကျိုးဆက်သည်ကား ရွာလွတ်ရွာသား အတော်များများ ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်။ လက်ရာကောင်းသည့် မြန်မာ့ဆေးတံ လုပ်ငန်း၏ အရေးပါသည့် အစိတ်အပိုင်းများက နိုင်ငံခြားကို ရောက်သွားခဲ့သည်။ ထို့ကြောင့် ပြည်ပဝယ်လိုအားက တစ်စတစ်စ ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။ယခင်က ရွာလုံးကျွတ်နီးပါး အိမ်ခြေ ၇၀၀ ကျော်မျှ ဆေးတံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သည့် ရွာလွတ်ရွာကလေးသည် ၂၀၀၇ ခုနှစ်ဝန်းကျင်သို့ အရောက်၌ အိမ်ခြေ ၂၀ လောက်သာ လုပ်ငန်းလည်ပတ်နိုင်သည့် အခြေအနေသို့ ဆိုက်ခဲ့ရသည်။ ဆေးတံအော်ဒါများ ဆက်တိုက် ကျဆင်းလာမှုကြောင့် ၂၀၀၉ ခုအရောက်၌ ဆေးတံလုပ်သည့်အိမ် သုံးအိမ်မျှသာ ကျန်တော့၏ဟု သိရသည်။(၅) မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်၌ နန်းတက်သော ဘိုးတော်ဘုရား လက်ထက်တော်က ‘စာဆိုတော်မယ်ခွေ’ ရေးဖွဲ့ခဲ့သည့် ‘ဆေးတံတို တစ်ညိုလောက်၊ ရော့သောက်တော့ပေး၊ မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်၊ သောက်စေချင်၊ ခုတင်တွင် ထောင်ခဲ့ကွဲ့၊ ညိုနွဲ့ရဲ့လေး’ ဆိုသည့်ကဗျာက လူတိုင်းနှုတ်ဖျား၌ ရေပန်းစားခဲ့သည့် ဆေးတံတို ကဗျာတစ်ပုဒ်ဖြစ်သည်။ ရှေးခေတ်မြန်မာ မိန်းကလေးအချို့က ဆေးတံသောက်ကြသည်။ ယခုလည်း အချို့ဒေသတို့၌ ထိုအလေ့က ရှိနေဆဲ။ ကိုယ့်အပေါ် မေတ္တာရှိသူတစ်ဦးက ပေးလာသည့် ဆေးတံကို ယူလိုက်ရမည်လား၊ ငြင်းလိုက်ရမည်လား ဗျာများနေသူ တစ်ဦး၏ ပုံရိပ်ကို ထိုကဗျာ၌ တွေ့ရသည်။ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုပါက ဆေးလိပ်ကိုပဲ သောက်သောက်၊ ဆေးရွက်ကြီးကိုပဲ ငုံငုံ၊ ဆေးတံကိုပဲ ဖွာဖွာ ဘယ်အရာကမှ ကောင်းကျိုးပေးနိုင်၏ဟု မမြင်မိပါ။ သို့သော် ဆေးတံ၏ အကျိုးကို ပြဆိုထားသည့် ရှေးဟောင်းသံပေါက်စာ၌ ‘ခံတွင်း, သွား, အံ၊ ပုတ်ညှီနံ၊ ဆေးတံကွပ်တုံမင်း’ ဟု ရေးထားသည်ကို တွေ့ရပါ ၏။ လောကကို အကောင်းမြင်ထောင့်မှ ရှုမြင်လေ့ရှိသည့် ရှေးမြန်မာကြီးတို့၏ နှလုံးသားကို ထင်ဟပ်စေသည့် စာတစ်ပိုဒ်ဖြစ်၏ဟုသာ မိမိက နားလည်မိပါသည်။