ဧည့်သည်

ဧည့်သည်
Published 3 May 2016
ဒေါက်တာခင်မောင်ညို

ကိုဘသစ် ပြောပြပါသည်။ တစ်နေ့တွင် ဝန်ကြီးတစ်ပါးသည် သူ့ကိုတာဝန်ပေးကြောင်း အကြောင်းကြားပြီးတဲ့နောက် သူသည် သတ်မှတ်ထားသော ဝန်ကြီးအိမ်ကို ရောက်ခဲ့သည်။ အဲဒီအိမ်ရောက်တော့ နည်နည်းလည်း အချိန်လင့်နေပြီပေါ့လေ။ သူအိမ်ထဲ ဝင်လိုက်တော့ ‘ဗုဒ္ဓေါ’ ဟု အော်မိမတတ် ဖြစ်သွားခဲ့သတဲ့။ အိမ်က မီးချောင်းတွေလည်း မရှိဘူး။ ဒါကိစ္စတော့ မရှိပါဘူး။ သို့သော် သူအိပ်ဖို့အတွက် ခုတင်လေး တစ်လုံးတလေတောင် မရှိဘူးတဲ့။ ဒါနဲ့ တပည့်တွေကို ပြောရသည်။ “ငါ့အတွက် ကွပ်ပျစ်လေး တစ်လုံးတလေလောက် ရှာပေးပါ” တဲ့။ကိုဘသစ်က ကွပ်ပစ်ရ မရ မပြောပြပါ။ သို့သော် ကိုဘသစ်ပြောတော့ ကျွန်တော် ပြုံးခဲ့မိပါသည်။ တကယ့် အဖြစ်အပျက်ပါဆိုတော့ အံ့သြသွားသည်။ “အင်း ဒါကတော့ မဖြစ်သင့်ပါဘူး” လို့ ကျွန်တော်ပြောတော့ ကိုဘသစ်က “ဒါဟာ သိပ်တော့လည်း မဆိုးပါဘူး။ လောကဓံလို့ ပြောရမှာပဲလေ” တဲ့။သူကဆက်ပြီး ကျွန်တော့်ကို မေးသည်။ “လောကဓံကို သိလား” တဲ့။“လောကဓံတရား ရှစ်ပါးကို ပြောတာလား။ သိပါတယ်။ အကောင်းလေးခု မကောင်းတာ လေးခုရှိတယ်။ လာဘ်ပေါများခြင်း၊ အခြံအရံ အကျော်ဇော ဂုဏ်သတင်းကောင်းခြင်း၊ ချီးမွမ်းခံရခြင်း၊ ဓနဥစ္စာ ချမ်းသာခြင်းတို့ပေါ့။ ဒါတွေရဲ့ ပြောင်းပြန်လေးခု ရှိတယ်။ လာဘ်မရခြင်း။ အခြံအရံ အကျော်ဇော ဂုဏ်သတင်း ကင်းခြင်း၊ ကဲ့ရဲ့ဆဲဆိုခံရခြင်း၊ ဆင်းရဲခြင်းတို့ပဲပေါ့”“ဆရာညိုပြောတာ မှန်ပါတယ်။ ကျွန်တော်က လောကဓံကို ဖွင့်စေချင်တာ။ လောကဓံဆိုတာ လောကဓမ္မပါပဲ။ တကယ်တော့ လောကဓံဆိုတဲ့ စကားဟာ လောကဓမ္မပါပဲ။ လောကရဲ့ ဖြစ်စဉ်ကို ပြောတာပဲပေါ့”“အင်းဒီဝန်ကြီး လောကဓံ တရားကို မြင်သွားမှာပဲ”“အရင်က အစိုးရအဖွဲ့ဝင်တွေ ဒီနေရာမှာ နေသွားကြတယ် မဟုတ်လား။ သူတို့ကို အပြစ်တင်ချင်သူတွေ အများကြီးပဲ”“ဟုတ်တယ်လေ။ သူတို့အနေနဲ့ ဒီမှာရှိတဲ့ ပစ္စည်းတွေကို မထားခဲ့ဘူးပဲ”“သူတို့မထားခဲ့တာ သူတို့ကိစ္စလေ။ ကိုယ်ရောက်တော့ လုပ်ရမှာက ကိုယ့်ကိစ္စပေါ့ ဆရာညိုရဲ့”“မှန်တော့မှန်တယ်။ ဒါပေမဲ့ ခက်တယ်”“ခင်ဗျားတို့က မျှော်လင့်ထားကြတာကိုး”“ဘာလို့လဲ”“အစိုးရ အဖွဲ့ဝင် တစ်ယောက်ဖြစ်လာရင် ဒါရသင့်တယ် ဟိုဟာရသင့်တယ်ဆိုပြီး ထင်နေကြတယ်။ ထင်တာထက်ကို မျှော်လင့်နေကြတယ်။ အိမ်ထောင်ကျကာစ သမီးရည်းစားလိုပေါ့။ အထူးသဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေးက သူ့ကို အမြဲတမ်း ပြုစုယုယလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေး အနေနဲ့ သူ့ကိစ္စနဲ့သူ လုပ်စရာတွေ အများကြီး ရှိတယ်။ ဒီတော့ ခင်ပွန်းဖြစ်သူရဲ့ မျှော်လင့်သလို ဖြစ်မလာဘူး။ ဒီနေရာမှာ သူတို့အပေးအယူ မမျှတော့ဘူး။ ပြဿနာတွေ ဖြစ်လာတော့တာပဲ။ ဒီလို ပြဿနာတွေကို အိမ်ထောင်တိုင်းမှာလိုလို တွေ့ရတယ်”“ဒါဆိုရင် ကိုဘသစ်ပြောသလို မမျှော်လင့်ထားရဘူး ဆိုတာပေါ့။ ဟုတ်လား”“ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇင်ဗုဒ္ဓဘာသာရဲ့ ပုံပြင်လေးကို သတိရတယ်”“ပြောပါဦး။ သူတို့ဆီက ပုံပြင်တွေဟာ လူတွေကို တစ်နည်းနည်းနဲ့ ပညာပေးတယ်”“တစ်ခါက ဘုန်းကြီးတစ်ပါးဟာ ခရီးသွားရင်းနဲ့ တောထဲမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို သွားတွေ့တယ်။ ဒါနဲ့ သူဟာ ဝမ်းသာအားရ ကျောင်းထဲကို ဝင်သွားတယ်။ အထဲမှာ ထိုင်နေတဲ့ ဆရာတော်ကြီးကိုတွေ့တော့ ဝတ်ပြုတာပေါ့။“အရှင်ဘုရား ဘယ်နှပါး နေထိုင်လဲ”“ငါတစ်ပါးတည်းပါကွာ”“အရှင်ဘုရား တပည့်တော်ကို တစ်ညလောက် တည်းခိုခွင့်ပြုပါ”“ရပါတယ်။ တည်းပေါ့”ဧည့်သည်ဘုန်းကြီးဟာ သူရဲ့ပစ္စည်းကို ထောင့်တစ်နေရာ သွားထားပြီး ဘုရားဝတ်ပြုတယ်။ ပြီးတော့ ဆရာတော်ထံ ပြန်လာတယ်။“အရှင်ဘုရား ခုတင်ကော”“ခုတင်ဟုတ်လား။ ဘာလုပ်ဖို့လဲ”“အိပ်ဖို့ပါဘုရား။ ခုတင်မရှိလည်း ကွပ်ပျစ်လေးလုပ်ပါ”“ငါ့ဆီမှာ ခုတင်မရှိဘူးကွ”“ကွပ်ပျစ်ကော”“ကွပ်ပျစ်လည်း မရှိဘူး”ဧည့်သည်ဘုန်းတော်ကြီးဟာ ခေါင်းကိုပွတ်ကာ ဆက်မေးပြန်တယ်။“မှန်ပါ။ ဒါဆိုရင် တပည့်တော်ကို အိပ်ရာပေးပါ”“ငါ့ဆီ အိပ်ရာလည်း မရှိဘူး”သေရော။ အိပ်ရာမရှိရင် ငါဘယ်လို အိပ်ရမလဲ။ ကြမ်းကလည်း မာကျောနေတာပဲလို့ စဉ်းစားတယ်။ ပြီးတော့ ဆရာတော်ကို ဆက်ပြီးလျှောက်ပြန်တယ်။“အို အဲ ဘုရား။ ရာသီဥတုကအေးတော့ အရှင်ဘုရား စောင်အပိုများ ရှိပါသလား”“မရှိဘူး”ဒီအခါ ဧည့်သည်ဘုန်းတော်ကြီးဟာ အတော်လေး ကသိကအောက် ဖြစ်သွားတယ်။ ဒီဆရာတော်ကြီးဟာ ငါ့ကို ဘာလို့ဒီလောက်တောင် စေတနာ နည်းရတာလဲဆိုပြီး စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ဒါကြောင့် ဆရာတော်ကြီးကို လျှောက်လိုက်တယ်။“အရှင်ဘုရားမှာ ခုတင်လည်းမရှိဘူး။ အိပ်ရာလည်း မရှိဘူး။ စောင်လည်းမရှိဘူး”“အင်းလေ”“ဘာဖြစ်လို့ ဒီလိုမရှိတာလဲ”ဆရာတော်ဟာ ဧည့်သည်ဘုန်းကြီးကို ကြည့်ပြီး“ဒါဆိုရင် ကိုယ်တော့်မှာရော ခုတင်တို့၊ အိပ်ရာတို့၊ စောင်တို့၊ ဘာလို့မရှိရတာလဲ”“တပည့်တော်က ဧည့်သည်လေ ဘုရား”“အေး  ငါကရော ဘာထူးလို့လဲ”“ဘုရား”“ငါကဧည့်သည်လေကွာ” တဲ့။“ကိုဘသစ် ပုံပြင်လေးဟာ အတော်ကောင်းတာပဲ”“ကောင်းဆို လောကကြီးမှာ ရောက်လာတဲ့ တို့တစ်တွေ အားလုံးဟာ ဧည့်သည်ဆိုတာကို မေ့နေကြတာကိုး”“အင်း  ဒီပုံပြင်က မရှိတာကို အရှိထင်နေကြတဲ့ လောကကြီးကို တရားပြထားတယ်”“လောကဓံတရားပါ”“အေးဗျာ ဝန်ကြီးရဲ့ အိမ်မှာဖြစ်တာက ဒီသဘောလို့ စဉ်းစားလို့ရတယ်”“ဘာကိုပြောတာလဲ”“သူနေဖို့ အိမ်ရတော့ သူအိပ်ဖို့အတွက် ခုတင်လေး တစ်လုံးတလေတောင် မရှိဘူးဆိုတာ သဘာဝပဲဆိုတာ”“တပည့်တွေကို ကွပ်ပျစ်လေး စီစဉ်ခိုင်းတယ် မဟုတ်လား”“ဒါက အရေးပါတာ မဟုတ်ဘူးလေ။ သူကိုယ်တိုင်က ဧည့်သည်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်”“ဧည့်သည်အနေနဲ့ လူဖြစ်လာတယ်ပေါ့။ ဟုတ်လား”“ဧည့်သည်အနေနဲ့ ကက်ဘိနက်ကို ရောက်တယ်။ ဧည့်သည်အနေနဲ့ လွှတ်တော်ကို ရောက်တယ်”“ဝန်ကြီးဟာ ဒီငါးနှစ်ကို နေပြည်တော်မှာနေပြီး နိုင်ငံတော်ကို စီမံခန့်ခွဲမယ့် ကက်ဘိနက် အဖွဲ့ဝင်လေ”“ဟုတ်ပ။ ပြည်ထောင်စုဝန်ကြီးဟာ အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်အဆင့် ၁၅ မှာ ရှိတယ်”“ဘာကိုပြောတာလဲ”“ဧပြီ ၂၉ ရက်က သမ္မတရုံးက ထုတ်ပြန်တဲ့ Myanmar President Facebook မှာ တွေ့တဲ့ ထုတ်ပြန်ချက်မှာ ပါတယ်။ ဦးထင်ကျော်က အမှတ်စဉ် (၁)၊ ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် (၂) တဲ့”“ဒါကတော့ ဟုတ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) မှာ ‘နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်လို့’ ဆိုထားတာပဲ”“ဒီအစိုးရအဖွဲ့ဟာ ငါးနှစ်တာကာလမှ ဧည့်သည်ပေါ့”“ဟုတ်ပါတယ်။ ငါးနှစ်လည်း ဧည့်သည်။ အနှစ် ၅၀ လည်း ဧည့်သည်ပါပဲ။ ဒါပေမဲ့ ဒီနေရာ ရောက်တဲ့သူတွေဟာ ထာဝစဉ်အိမ်ရှင် လုပ်သွားကြတော့မယ်လို့ ထင်နေကြတယ်”ကိုဘသစ် ပြန်ခါနီး ပြောသွားသည့် စကားများသည် မှတ်သားစရာ ကောင်းလှပါသည်။“တကယ်တော့ အရင်အဲဒီအိမ်မှာ နေသွားတဲ့သူတွေက သူတို့ပိုင်တယ်ထင်တဲ့ ပစ္စည်းတွေကို သူတို့ဖြုတ်ယူသွားကြတယ်”“သူတို့အပိုင်တွေ မဟုတ်လား”“အင်း သူတို့ပိုင်ချင်ပိုင်မှာပေါ့လေ။ ပြည်သူနဲ့လည်း ဆိုင်ချင်ဆိုင်မှာပဲ။ ဒါပေမဲ့ သူတို့က အဲဒါကို သူတို့ယူသွားလို့ရတယ် ထင်နေတာ”“ယူသွားလို့ မရဘူးလား”“ဘယ်ယူသွားလို့ ရပါ့မလဲ။ အမတ်ကြီး ဦးပေါ်ဦးသေတဲ့အခါ အခေါင်းအပြင်ဘက်ကို လက်နှစ်ဖက်ထုတ်ပြီး အသုဘချခိုင်းတာပဲ မဟုတ်လား”“ကြားဖူးပါတယ်။ အဓိက,က ဘာအကြောင်းလဲ”“ဦးပေါ်ဦး အနေနဲ့ သူဟာနန်းတော်မှာ အကြာကြီး အမှုထမ်းခဲ့ပေမယ့် သေလွန်တဲ့အခါ ‘လက်ချည်းဗလာ’ ဘာမှမပါဘူးဆိုတာ ပြတာပါပဲ”“ဘာမှပါမသွားသလို ဘာမှမထားခဲ့တော့ ဆိုးပါတယ်”(လွှတ်တော်မှာ ဖတ်ကြဖို့ ပုံပြင်များမှ)