နာဂစ် မုန်တိုင်း . . . ရှစ်နှစ် ပြည့်ခဲ့ပြီ

နာဂစ် မုန်တိုင်း . . . ရှစ်နှစ် ပြည့်ခဲ့ပြီ
Published 2 May 2016
မင်းသူဝင်းထွဋ်

နာဂစ် ဒုက္ခသည်များကို နေရာ ချထားပေးခဲ့သည့် လပွတ္တာမြို့ သုံးမိုင်ရှိ အောင်ချမ်းသာ ကျေးရွာနေ ပြည်သူတို့၏ လူနေမှု မြင်ကွင်းကို ဧပြီ လကုန်ပိုင်းက တွေ့ရစဉ်“ဒီနှစ်က ရှစ်တန်းအောင်တယ်။ ကျောင်းဆက် မတက်နိုင်ဘူး။ ငွေရေး ကြေးရေးပေါ့။ သမီးကတော့ တက်ချင်တယ်။ အိမ်က မထားနိုင်ဘူး။ သမီးတို့ ကျောင်းမှာ ရှစ်တန်း အောင်တာ ရှစ်ယောက် ရှိတယ်။ သူတို့လဲ ဆက်တက်ချင်ကြတယ်။ မိဘတွေက မထားနိုင်တော့ မတက်ရတော့ဘူးတဲ့။ ကျောင်းမတက်ရတော့ မိန်းကလေးတွေ စက်ချုပ်မယ်။ ယောက်ျားလေးတွေကတော့ ပိုက်ထဲမှာ ဝင်လုပ်မယ်လို့လဲ ပြောကြတယ်။ ကျောင်းဆက်တက်မယ်ဆိုရင် ၁၀ သိန်းကျော်လောက် ကုန်မယ်လို့ ပြောကြတယ်။ သမီးသာ ကျောင်းဆက်တက်ခွင့် ရမယ်ဆိုရင် ကျောင်းဆရာမ လုပ်ချင်တယ်။ ကျောင်းဆရာမ ဖြစ်ရင် ရွာမှာပဲ စာသင်ပေးမယ်. . . .”နာဂစ်မုန်တိုင်းဒဏ် သင့်ခဲ့ရတဲ့ လပွတ္တာမြို့နယ် ကွင်းသုံးဆင့် ကျေးရွာနေ အဋ္ဌမတန်း ကျောင်းသူတစ်ဦးဖြစ်သူ မသဲဆုအောင်က ဆိုင်ကလုန်း နာဂစ်ကနေ ဖျက်ဆီးခဲ့မှုမှာ မိသားစု ရပ်တည်မှု အတွက် ခက်ခဲသွားရတဲ့ စီးပွားရေး လုပ်ငန်းများ အတွက် ရပ်နားလိုက်ရတော့မယ့် ပညာရေး အနာဂတ်ကို ဝမ်းနည်းစွာ ပြောပြနေခြင်းပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သဘာ၀ ဘေးအန္တရာယ်များအနက်မှ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးနဲ့ လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရမှုမှာ နံပါတ် (၁) ဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေ ၂ ရက်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆိုရင် ရှစ်နှစ်တိုင်တိုင် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် နံပါတ်(၁) ဖြစ်ခဲ့သလို ကမ္ဘာမှာ ကြုံတွေ့ခဲ့ရတဲ့ သဘာ၀ ဘေးအန္တရာယ်များ အနက် နံပါတ် (၈) အဆင့်အထိ စာရင်းဝင်ခဲ့ရတဲ့ ဆိုင်ကလုန်း မုန်တိုင်းကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ ပြည်သူများနဲ့ ရင်ဆိုင် ဖြတ်ကျော်ခဲ့ရတဲ့ ပြည်သူများစွာဟာ ယနေ့အထိ မမေ့နိုင်ကြသေးပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများ အနေနဲ့ကတော့ ယနေ့ထိတိုင် အိပ်မက်ဆိုးကြီးတွေ မက်နေရဆဲ ဖြစ်ကာ ဘဝတစ်ခုကို ပြန်လည် ထူထောင်ဖို့ကိုလဲ အခက်အခဲများစွာ ကြုံတွေ့နေရတုန်းပါပဲ။ထိုစဉ်က အစိုးရရဲ့ တရားဝင် ထုတ်ပြန်မှုအရ လူပေါင်း ၁၃၈၀၀၀ ကျော် အသက် ဆုံးပါးခဲ့ပြီး အိမ်ရာ အဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ကျပ် ၁၁ ဒသမ ၈ ထရီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံများကတော့ ဒါကို လက်မခံကြပါဘူး။ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးခဲ့တဲ့ ဒေသများမှာရှိတဲ့ ဆားကွင်းတွေ၊ လယ်ယာတွေ၊ ရေလုပ်ငန်းတွေမှာ အဝေးနေရာများကနေ လာရောက် လုပ်ကိုင်နေကြတဲ့ စာရင်းမဝင် အိမ်ထောင်စုမဲ့ လုပ်သားများစွာဟာလဲ နာဂစ်မုန်တိုင်းနဲ့အတူ ကွယ်ပျောက်သွားကြရတာကြောင့်ပါပဲ။ ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီးတော့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၃၀ ခန့်ရှိပြီး အချင်းဝက်အကျယ် မိုင် ၁၉၀၊ တောင် မြောက် အကျယ် ၂၅၅ မိုင်ခန့်ရှိတဲ့ နာဂစ်မုန်တိုင်းဟာ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြို့များကို ဖြတ်သန်းပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူများရဲ့ အသက်ပေါင်းများစွာ၊ ပိုင်ဆိုင်မှုများစွာကို ဖျက်ဆီးသွားခဲ့ပါတယ်။ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ မြို့နယ်ကတော့ လပွတ္တာမြို့နယ်ပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးကို နာဂစ်မုန်တိုင်းဟာ အမှောင်ဖုံးစေခဲ့ပါတယ်။ထိုစဉ်က နာဂစ်ဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးများ လုပ်ဖို့ နောက်ကျခဲ့ခြင်းများ၊ အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာများကို အမှန်တကယ် မပေးခဲ့ခြင်းများကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသူများလည်း များစွာ ရှိခဲ့ပါတယ်။“အဲဒီ အချိန်က စားစရာ မရှိဘူးလို့ ဆိုတဲ့ ပြည်သူတွေကို အတင်းခိုင်းတာတွေ အစာမကျွေးဘဲ ဆဲဆိုခိုင်းတာတွေ လုပ်ခဲ့တယ်။ လေယာဉ်နဲ့ လာချပေးတဲ့ အထုပ်တွေကို လေယာဉ်ကွင်းကနေ သူ့တို့ အဆောက်အအုံကို အတင်း သယ်ခိုင်းတယ်။ ထမင်းလဲ မကျွေးဘူး။ ဗိုက်အရမ်း ဆာလွန်းလို့ တောင်းစားတော့ အာဟာရ အစုံ ပါတယ်ဆိုတဲ့ ဘီစကစ် ဝိုင်းဝိုင်းလေး တစ်ခုပဲ ကျွေးတယ်။ ရဲကလည်း စက်လှေကြီးနဲ့ ရေတွေ သယ်ပြီးလာတော့ ပျော်တာပေါ့။ ရေသောက်ရပြီလို့ ရေတစ်ယောက် တစ်ခွက်ပဲ တိုက်ပြီးတော့ ပြန်သွားတယ်။ လေယာဉ်ဆိုလို့ လေယာဉ်ဆင်းဖို့ကွင်းကို ကျွန်တော်တို့ပဲ လုပ်ပေးခဲ့ရတာ။ အုန်းတုံးကြီးတွေ ဖြတ်ပြီးတော့ ခင်းပြီးတာနဲ့ သဲတွေ ခင်းပေးရတယ်။ မလုပ်ချင်လို့ မရဘူး။ အဲဒီအချိန်မှာ သင်္ဘောကြီးနဲ့ ဆန်အိတ် ၂၆၄ အိတ်လာချတယ်။ ကျွန်တော်တို့က စားရပြီ ဆိုပြီးတော့ ထမ်းပိုးပေးတယ်။ ဒါပေမဲ့ တပ်ရင်းက အလှူလုပ်တဲ့ ဆန်အိတ်သုံးအိတ်ပဲ မြင်လိုက်ရပြီးတော့ ကျန်တဲ့ အိတ်တွေကို ပြန်သယ်ချခိုင်းလို့ ပြန်သယ်ပေးခဲ့ရတယ်။ ကောင်လေးတစ်ယောက်ဆိုရင် ခြေထောက်သံစူးထားလို့ မသယ်နိုင်တာကို သူတို့က အတင်းသယ်ခိုင်းတယ်။ သယ်နေရင်းနဲ့ပဲ မူးတယ်ဆိုပြီး အသက်ထွက်သွားတယ်။ ဒီလိုပဲဗျ အိမ်တွေမှကျန်တဲ့ သစ်တိုင်တွေကို လိုက်ပြီးတော့ နုတ်ခိုင်းပြီး စုခိုင်းလို့ လုပ်ပေးရသေးတယ်။ ဘာလုပ်တယ်ထင်လဲဗျ။ သူတို့ သင်္ဘောပေါ် တင်ခိုင်းပြီးတော့ ပြင်ရွာဆိုတဲ့ နေရာကို သယ်သွားတယ်။ ကူညီတယ်ဆိုတာ ရုပ်ရှင်ထဲမှာ အဲဒီ အချိန်တုန်းက ကျွန်တော်တို့ကို နှိပ်စက်ခဲ့တာ။ ကံကောင်းလွန်းလို့ မသေခဲ့တာ” ဟု စလူဆိပ် ကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ယခုအချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျေးရွာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဦးကျော်မြင့်က နာဂစ်မုန်တိုင်း ပြီးချိန်တွင် ကြုံတွေ့ခဲ့ရသည်များကို ပြောပြပါတယ်။ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ပြီးတော့ လပွတ္တာမြို့ပေါ်ကို ရောက်ရှိလာတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေး စခန်းများစွာ ဖွင့်လှစ်ပြီးတော့ ကူညီပေးခဲ့တယ် ဆိုပေမယ့် ပထမ ရက်ပိုင်းများစွာမှာ တကယ် ကူညီပေးခဲ့တာ ဒေသခံများပါ။ လပွတ္တာမြို့ပေါ်က စေတနာရှင်များကနေ ဆန်ပြုတ်များ ဝေငှခဲ့ပြီး ဒုက္ခသည်များကို အသက်ဆက်စေခဲ့တာ အားလုံး အသိပါပဲ။ ထိုအချိန်က တာဝန်ယူမှု တာဝန်ခံမှု ပြည့်ဝတဲ့ နိုင်ငံများစွာက၊ အဖွဲ့အစည်း များစွာက အကူအညီ အထောက်အပံ့များကို ထိုအချိန် အစိုးရက လက်မခံခဲ့တာဟာ သမိုင်းမှာ အဆိုးရွားဆုံးသော အမည်းစက် တစ်ခုပါ။ ထိုအချိန်က ပျက်စီးဆုံးရှုံးမှုကို ဖုံးကွယ်ပြီး အရှင့် ဘုန်းတော်ကြောင့် အေးမြကြောင်းပါလို့ သတင်းအမှားတွေပဲ အထက်အဆင့်ဆင့်ကို တင်ပြမှု အတော်ကို လွဲခဲ့ပါတယ်။“အဲဒီ အချိန်က လပွတ္တာ ဆိုတာ မြောင်းမြခရိုင် လက်အောက်မှာလေ။ နာဂစ်ပြီးတော့ မနက်ပိုင်းလည်း ကျရော ကျွန်တော့်ကို ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးကိုယ်တိုင်က သတင်းသွားယူဖို့ လွှတ်လို့ ကြေးနန်းစက်တွေကလည်း ပျက်ကုန်လို့ ကိုယ်တိုင် သတင်းသွားယူရတယ်။ လူတွေသေတာ သိတယ်။ ဒါကို ကျွန်တော် ဆိုင်ကယ်တစ်စီးနဲ့ မရမက သတင်း သွားယူပြီးတော့ ကြေးနန်း ပြန်တင်ပြတော့ သူတို့က အမှန် မတင်တော့ဘူး။ သတင်းကို ဖုံးကွယ်ခဲ့ကြတယ်” ဟု အငြိမ်းစား ရဲဝန်ထမ်း တစ်ဦးက ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရမှုကို ပြောပြဖူးပါတယ်။ပြန်လည် ထူထောင်ရေး ကာလ အတွက်တော့ နိုင်ငံတကာက ထောက်ပံ့မှုတွေ၊ အလှူရှင်များရဲ့ ထောက်ပံ့မှုတွေဟာ လက်သင့်ရာ စားတော်ခေါ်ပြီးတော့ ပေးအပ်ခဲ့မှုတွေ၊ အဆင့်ဆင့်သော ဖြတ်တောက်မှုတွေကြောင့် ဒုက္ခသည်များ လက်ဝယ်ကို ရောက်ရှိနိုင်မှု နည်းပါးခဲ့ပြီးတော့ ဒုက္ခသည်တွေ အမှန်တကယ် ရပ်တည်နိုင်ဖို့အတွက် တကယ် လိုအပ်နေတဲ့ ပစ္စည်း အမျိုးအစားများ မဟုတ်ခဲ့တာကလဲ နာဂစ်ဒဏ်သင့် ပြည်သူတွေ ဘဝပြန်လည် ရပ်တည်ဖို့က အခုချိန်ထိကို ခက်ခဲခဲ့ပါတယ်။ ကောက်ရိုးမီး ကူညီမှုများနဲ့ စိတ်ဒဏ်သင့် ဒုက္ခသည်များကို ဆွေးနွေးဖြေသိမ့်ပေးဖို့ စိတ်ဓာတ်ပြန်လည် တည်ဆောက်နိုင်ဖို့ မလုပ်ဆောင်ပေးတာဟာ အလွဲ တစ်ခုပါပဲ။ 
■ ရေငန်ဖောက် လယ်ယာများနဲ့ ဆုတ်ယုတ်လာတဲ့ သယံဇာတများနာဂစ် မုန်တိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ ဒေသများရဲ့ အဓိက အသက်မွေးဝမ်းကျောင်းမှုဟာ လယ်ယာလုပ်ငန်း၊ ရေထွက်ကုန် လုပ်ငန်းများနဲ့ ဆားလုပ်ငန်းပါပဲ။ အမြင့်ပေ ၂၀ ကျော်လောက် ရှိတဲ့ ပင်လယ် ဒီရေလှိုင်းတွေ ဖုံးလွှမ်းခံခဲ့ရတဲ့ နာဂစ်ဒဏ်သင့် ဒေသများအတွက် အခုချိန်ထိအောင် လိုအပ်တဲ့ မြေဆီ မြေလွှာ စစ်ဆေး တိုင်းတာပေးမှုတွေ မြေဆီ မြေလွှာ အရည်အသွေးအရ စနစ်တကျ စိုက်ပျိုးပေးစေတဲ့ နည်းစနစ် ဖြန့်ဝေပေးမှုတွေ၊ မြေဆီလွှာ ပြန်လည် ကောင်းမွန်လာပေမယ့် ပျက်စီးနေတဲ့ ရေငန်တားတာများ လက်ရှိအချိန်အထိ လိုအပ်သည့် နေရာတွင် တည်ဆောက်ပေးခြင်း မရှိသေးသည့် ရေငန်တား တာများကြောင့် လုပ်ရင်းရှုံးရင်း စားလိုက်နဲ့ လယ်ပိုင် ဘဝကနေ မြို့ကြီးများပေါ်ကို တက်ပြီးတော့ ကြုံရာကျပန်း လုပ်ကိုင်နေတဲ့ သူများဟာလဲ မနည်းလှတော့ပါဘူး။ နာဂစ် မဖြစ်ခင် အချိန်က မိဘ ဘိုးဘွား အစဉ်အဆက် စုစည်းစုဆောင်း လာခဲ့သမျှတွေဟာ တစ်ညတာတည်းနဲ့ ပျက်သုဉ်းခဲ့ရတဲ့ အတွက် ကိုယ်ထူကိုယ်ထ ပြန်လည် ရပ်တည်ဖို့ ဆိုတာ အထောက်အကူ မဲ့ခဲ့တဲ့အတွက် ရှစ်နှစ်တာ အချိန်လေးနဲ့ ရပ်တည်မှု တစ်ခုကို ပြန်လည် မမွေးဖွားနိုင်သေးကြပါဘူး။“ကျွန်တော်က နာဂစ် မတိုင်ခင်တုန်းက လယ်လုပ်တာ။ နာဂစ်လည်း ပြီးရော လယ်တွေက ဘယ်လိုမှ ဆက်လုပ်လို့ မရဘူး ဖြစ်ကုန်တယ်။ အပင်တွေက ဖြစ်တော့မယ် ထင်လိုက်၊ မဖြစ်လိုက်နဲ့ နှစ်တိုင်း ရှုံးတာ။ ရေငန် ဖုံးတာလည်း မဟုတ်ဘူး။ ဒီအတိုင်း သေကုန်တာ။ မြေတွေ ပျက်ကုန်တယ်လို့ ထင်တာပဲ။ နာဂစ်ပြီးတော့ ဘယ်ကလဲ မသိပါဘူး။ နိုင်ငံခြားသား တစ်ယောက် လာပြီးတော့ မြေတွေကို လာတူးပြီး လေ့လာမယ် ဆိုပြီးတော့ လာသွားသေးတယ်။ နောက်တော့ ဘာသံမှ မကြားရတော့ပါဘူး။ အခုဆို ကျွန်တော် ပိုက်ကလေးပဲ လိုက်ထောင်နေရတာ ပိုက်ကလည်း ထိလိုက် မထိလိုက်ပါပဲ။ အဲဒီတုန်းက မိန်းမနဲ့ သမီးကတော့ မုန်တိုင်းနဲ့ ပါသွားတယ်” ဟု ရေငန်များ ဖုံးလွှမ်းခံရမှုကြောင့် ယနေ့အထိ လယ်ယာများ ပျက်စီးနေခဲ့ရသည့် ဒေါင့်ကြီးကုန်း ကျေးရွာမှ ဒေသခံ ဦးစိုးဦးက ပြောကြားတယ်။ 
■ ပင်လယ်ပျော်များရဲ့ ချောင်းမြောင်းအတွင်းက ဖြစ်ရပ်နာဂစ်ဒဏ် သင့်ခဲ့တဲ့ ဒေသ အများစုက ရေလုပ်သားများဟာ ပင်လယ်ပျော်တွေပဲ ဖြစ်ပါတယ်။ အခုချိန်မှာ မြို့ပျက်တစ်ခုလို ဖြစ်နေခဲ့တဲ့ ပြင်စလူ မြို့နယ်ခွဲဆိုတာ တစ်ချိန်က ပင်လယ်ထွက် ငါးဖမ်းလှေကြီး များစွာနဲ့ မြို့ကြီး တစ်ခုနဲ့ မခြား စည်ကားတဲ့ နေရာ တစ်ခုပါ။ တံမြက် လှည်းသလို ဖျက်ဆီးသွားတဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မသက်ဆိုင်လှတဲ့ ထောက်ပံ့မှုတွေ၊ ကောက်ရိုးမီး ကူညီမှုများကြောင့် အခုချိန်မှာတော့ ပျက်စီးသွားခဲ့ ရပါပြီ။“နာဂစ်မှာ လှေတွေရော၊ ပိုက်တွေရော ပါသွားတယ်။ အစိုးရက ပြန်ကူညီတယ်။ ကူညီတယ် ဆိုပေမယ့် ကျွန်တော်တို့ တကယ် အသုံးတည့်တဲ့ ပိုက်တွေ၊ လှေတွေ မဟုတ်ဘူး။ သူတို့ ပေးတာလေးနဲ့က ကျွန်တော်တို့မှာ ချောင်းထဲမှာ ငါးပိ ငါးခြောက်အတွက် ဖမ်းလို့ ရရုံလေးပဲ ရှိတယ်။ ငွေစကလည်း မရှိတော့ ငွေရှင်တွေဆီကနေ ရှစ်ကျပ်တိုးလောက်နဲ့ ယူသုံးရတယ်။ အဲဒီတော့ ကုန်ချိန် တစ်ရာလောက်မှ ငါးသောင်းလောက်ပဲ ပြန်ရတယ်။ အပြင်မှာသာ ရောင်းရမယ် ဆိုရင် ခုနစ်သောင်းလောက် ရမှာကို အပြင်မှာလဲ ရောင်းလို့ မရဘူး ငွေရှင်တွေဆီက ပိုက်တွေ လှေတွေ ယူရတာလေ” ဟု စလူဆိပ်ကျေးရွာမှ ရေလုပ်သားတစ်ဦး ဖြစ်သူ ကိုကျော်ဇင်လတ်က ပြောကြားတယ်။ 
■ အထည်ကြီးပျက် ဆားဖိုသူကြီးများနာဂစ်မုန်တိုင်း မတိုင်ခင်က ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ ပိုက်သူကြီးနဲ့ ဖိုသူကြီးဆိုရင် လူတိုင်းက မော်မကြည့်ဝံ့တဲ့ သူဌေးမင်းများပဲ ဖြစ်ပါတယ်။ ဆားကွင်း တစ်ခုကို လုပ်သားပေါင်း များစွာနဲ့ ကျေးရွာ တစ်ခုလို တည်ပြီး နေကြခဲ့တာဟာ သက်သေ တစ်ခုပါပဲ။ နာဂစ်မုန်တိုင်းပြီးချိန်က စပြီးတော့ ဆားကြမ်းဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာမှု၊ ပြည်ပဆားများကို အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုခဲ့မှုတွေကြောင့် လုပ်တိုင်းရှုံးရင်း ဆားမပေါ်ခဲ့တဲ့ ဆားဖိုသူကြီးများဟာ အခုချိန်မှာတော့ လုပ်ငန်းတချို့ကို ရပ်နားလိုက်ရပါပြီ။“ဆားဈေးတွေ မတည်မြဲတာက ကျွန်တော်တို့ အလုပ်တွေကို ရပ်သွားစေတာပါ။ နှစ်တိုင်းဈေးက ကျလိုက်နေတော့ အလုပ်တွေ မလုပ်နိုင်တော့ဘူး။ ထိုင်းဆားတွေကလည်း ဆက်တိုက် ဝင်နေတယ်လေ။ ဆားကြမ်းဈေးသာ ကြမ်းခင်းဈေးလေး ရှိမယ်ဆိုရင် အရည်အသွေး ပြည့်မီဖို့ ဆိုတာလည်း ကျွန်တော်တို့ လုပ်နိုင်မှာပါ” ဟု သင်္ကန်းကြီးကျေးရွာမှ ဆားတောင်သူ တစ်ဦးဖြစ်သူ ကိုစိုးနိုင်ဝင်းက ပြောကြားတယ်။ 
နာဂစ်ဒုက္ခသည်များကို နေရာချထားပေးခဲ့သည့် လပွတ္တာမြို့ သုံးမိုင်ရှိ အောင်ချမ်းသာကျေးရွာနေ ပြည်သူတို့၏ လူနေမှုမြင်ကွင်းကို ဧပြီလကုန်ပိုင်းက တွေ့ရစဉ်
■ ဝင်ငွေ နိမ့်ကျမှုအောက် လိုက်ပါခဲ့တဲ့ ကလေးများရဲ့ အနာဂတ် ပညာရေးငါ့ဝမ်းပူဆာ မနေသာဆိုတဲ့ ဆိုရိုး စကားအတိုင်း ဝမ်းရေးအတွက် ခက်ခဲနေချိန်မှာ ပညာရေး ဆိုတာကို အလေး မပေးနိုင်ခဲ့ကြတာဟာ ပြည်သူများကို အပြစ်ဖို့လို့တော့ မရနိုင်ပါဘူး။ နိမ့်ကျတဲ့ ဝင်ငွေနဲ့ ရှားပါးတဲ့ အလုပ်အကိုင်များကြောင့် နာဂစ်ဒဏ် သင့်ခဲ့တဲ့ ကျေးရွာတိုင်း နီးပါးက ကလေးငယ်များဟာ တစ်ဝက်တစ်ပျက် ပညာရေး များစွာနဲ့ပဲ ရပ်တည်နေကြရပါတယ်။ ခက်ခဲတဲ့ ဒေသ ဖြစ်တာကြောင့် ဆရာ၊ ဆရာမ ရှားပါးမှုများကလည်း သူတို့အတွက် ပညာရေးကို နိမ့်ကျစေပါတယ်။ နာဂစ် မဖြစ်ခင် အချိန်က လပွတ္တာမြို့ပေါ်က ဘော်ဒါဆောင် အကောင်းစားကြီးတွေမှာ ကလေးငယ်များကို နေစေပြီးတော့ ပညာ သင်ကြားစေတဲ့ မိဘများအတွက်တော့ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို မှတ်မိနေရုံထက် မပိုတော့ပါဘူး။တစ်ချိန်က ငါးဖမ်းသင်္ဘောကြီး များစွာကို ပိုင်ဆိုင်ခဲ့တဲ့ ရေလုပ်ငန်းရှင် တစ်ဦးရဲ့ မြေးလေးက “သမီးက ဒီနှစ် ဆယ်တန်း တက်ရမှာပါ။ တက်မယ်ဆိုရင် မြို့မှာ သွားတက်ရမယ်။ တက်ဖို့ကို ၁၀ သိန်းလောက် ကုန်မယ်တဲ့။ သမီးက ကျောင်းမှာဆိုရင် အတော်ဆုံး ၁၀ ယောက်ထဲမှာ နှစ်တိုင်းပါတယ်။ သမီးက သူနာပြု ဖြစ်ချင်တာ။ သူနာပြုဖြစ်ရင် သူများတွေ မနေချင်တဲ့ ရွာတွေကို သွားမယ်။ သူနာပြု ဆရာမတွေက ရွာတွေမှာ အမြဲ နေချင်ကြတာ မဟုတ်ဘူး။ သမီးတို့ ရွာလေးမှာ ဆိုရင် နေမကောင်းရင် ဘာလုပ်ရမှန်း မသိဘူး။ ဒီနှစ်တော့ ကျောင်းဆက်တက်ဖြစ်မယ်လည်း မထင်ဘူး။ တက်တော့ တက်ချင်တယ်။ အဖေကလည်း ကြိုးစားနေတယ်။ သူနာပြုကြီး ဖြစ်ချင်ပါတယ်” ဟု ပြောပြမှုတွေဟာ နိမ့်ကျနေတဲ့ နာဂစ်ဒေသ ပြည်သူများရဲ့ ပညာရေးကို မြင်ယောင်စေမှာပါ။ 
■ သူတို့ ဘယ်ရောက်ကုန်ကြလဲနာဂစ်ဒဏ် သင့်ခဲ့ရပြီး နောက်ပိုင်း ပြန်လည် တည်ဆောက်ပေးခဲ့တဲ့ ကျေးရွာတွေ အားလုံးမှာ နေအိမ်များ တစ်ဝက်လောက်ဟာ ဆွေးမြည့်ကာ နေအိမ်တံခါးများ ပိတ်ထားတာကို မြင်ရပါလိမ့်မယ်။ ပျက်စီးနေတဲ့ နေအိမ်များအတွက် လူတိုင်းမေးမိမယ့် မေးခွန်းကတော့ သူတို့ ဘယ်ရောက်ကုန်ကြတာလဲ ဆိုတာပဲ ဖြစ်မှာပါ။ အလုပ်အကိုင် ရှားပါးမှု၊ ဒေသကြမ်းတမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် လေသံမိုးသံ ကြားပြီ ဆိုတာနဲ့ ကြောက်ရွံ့နေကြရတဲ့ သူတွေဟာ မပြည့်စုံတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို သူတို့ အားမကိုးရဲကြပါဘူး။ ဒါကြောင့် ဒေသ အသီးသီးက ဒေသခံ တစ်ဝက်ခန့်ဟာ မြို့ကြီးများကို သွားရောက်ပြီးတော့ အထည်ချုပ်စက်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကြုံရာကျပန်းတွေပဲ လုပ်ဆောင်ဖို့ ဒေသကို လူငယ်အများစုဟာ တစ်ဦးချင်းရော၊ မိသားစုလိုက်ပါ စွန့်ခွာ သွားကြပါတယ်။ ကျားကြောက်လို့ ရှင်ကြီး ကိုးခဲ့ပေမယ့် မြို့ပြများရဲ့ လူနေမှု ကုန်ကျစရိတ် ရှင်ကြီးကျားများကြောင့် မပြေလည်ပေမယ့် နေရပ်ကိုတော့ သူတို့ မပြန်လိုကြတော့ပါဘူး။“မရှိတော့ဘူးလေ။ ဒီမှာက အလုပ် မရှိတော့ မြို့တွေပေါ် တက်ပြီးတော့ အလုပ်တွေ သွားလုပ်ကြတာပဲ။ ရွာမှာက အလုပ်မှ မရှိတာ။ ဘယ်လုပ်ငန်းရှင်မှလည်း လာပြီးတော့ မရင်းနှီးကြတော့ အရင်းအနှီးလည်း မရှိတော့ မြို့ပေါ်ကို ပြောင်းသွားကြတာပဲ။ တချို့တော့ အိမ်တွေကို ပြန်ပို့ပေးကြတယ်။ မပို့နိုင်တာ များပါတယ်။ တချို့လည်း မိသားစုလိုက် ရန်ကုန်တက်ပြီး အလုပ်လုပ်ကြတာ။ အိမ်တွေကို ဒီအတိုင်း ထားခဲ့ကြပေါ့။ ဒီမှာ အလုပ်ရှားရတဲ့ ကြားထဲ မိုးသံလေသံ ဆိုတာနဲ့ ကြောက်နေကြရပြီ။ ပြီးတော့ ရွာမှာ အခုထိ မုန်တိုင်းခံ အဆောက်အအုံဆိုတာ မရှိဘူး။ လာလည်း ဆောက်မပေးကြဘူး။ အခုမှ ရွာက တတ်နိုင်သလောက်လေး လယ်ကူလိုက်လုပ်လို့ရတဲ့ ပိုက်ဆံလေးတွေ စုပြီးတော့ မုန်တိုင်းဒဏ်လည်း ခံနိုင်ဖို့အတွက် ဘုန်းကြီးကျောင်းလေး ဆောက်နေတာ။ နာဂစ်တုန်းကတော့ တံမြက်လှည်း လိုက်သလိုပါပဲ” ဟု ရေဝေကျေးရွာက ဦးလှမြင့်က ဒေသရဲ့ မပြည့်စုံမှုကို ရှင်းပြပါတယ်။ရန်ကုန်မြို့ကြီးကိုသာ အားကိုးတကြီး သွားကြပြီးတော့ အလုပ်ရှာကြတဲ့ နာဂစ်ဒဏ်သင့် ပြည်သူများဟာ မြို့ပြကြီးတွေရဲ့ ကုန်ကျစရိတ် မြင့်မားမှုကြောင့် နေအိမ်များ ငှားရမ်း မနေနိုင်ကြဘဲ။ ကျူးကျော်ဆိုတဲ့ ဘဝတွေကို ဒုက္ခသည် ဘဝကနေ ပြောင်းလဲ ခံယူထားရတယ် ဆိုတာကို ဒေသခံ အချို့ရဲ့ ပြောပြချက်အရ သိရတာကြောင့် ကျူးကျော်များကို စဉ်းစားပေးမယ် ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ နာဂစ် ဒုက္ခသည်များကို ညှာတာပါလို့ပဲ တောင်းဆိုရတော့မှာပါပဲ။ 
■ အားကိုးပါရစေ ပြည်သူ့ အစိုးရနိုင်ငံတော် အေးချမ်းသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသည် ပြည်သူများကို ထိုအချိန်က စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လူထုဆန္ဒခံယူပွဲလောက် အရေးပေး မခံရတာလဲ နာဂစ်ဒဏ်သင့် ပြည်သူများအတွက် အမှတ်ရစရာတွေပါပဲ။ နာဂစ်အပြီး ၂၇ ရက်အကြာမှာ ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း အမေ့ခံ အဖြစ်နဲ့ ဖြတ်သန်းပြီးတဲ့ နောက်မှာ ယနေ့ အချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရ လက်ထက်မှာ အမေ့လျော့ခံ နိမ့်ကျဆဲ ဘဝတွေကို ပြေလည်စေဖို့ ပြည်သူ့ အစိုးရကို နာဂစ်ဒဏ်သင့် ပြည်သူများက အားကိုးလိုကြပါပြီ။ရွာကျောင်းက အတန်းကုန်တာနဲ့ ပညာကုန်သွားခဲ့ရတဲ့ ကလေးငယ်များအတွက် ပညာဆက်လက် သင်ကြားခွင့်ကို ပညာရေး အဆင့်မြှင့်တင်လိုတဲ့ ပြည်သူ့အစိုးရ အနေနဲ့ မဖြစ်မနေ စဉ်းစားပေးရမယ့် အချက်ပါပဲ။ နိမ့်ကျတဲ့ စီးပွားရေး အခြေအနေများကြောင့် မြို့ပေါ်ကျောင်းများကို သွားရောက် ပညာသင်ကြားဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကလေးငယ်များအတွက် လပွတ္တာ သုံးမိုင်မြို့သစ်လို မြေနေရာအလွတ် အများအပြား ရှိတဲ့ နေရာမှာ ပြည်သူ့ အစိုးရ အနေနဲ့ နာဂစ်ဒေသ ပညာရည် မြင့်မားရေးအတွက် အထူးစီမံချက်မျိုး ရေးဆွဲပြီး အစိုးရ အဆောင်များ ဆောက်လုပ်ကာ သက်သာသော နေထိုင်စားသောက် စရိတ်များနဲ့ ကလေးငယ်များ ပညာဆက်လက်သင်ကြားဖို့ အခွင့်အရေးသာ လမ်းဖွင့်ပေးမယ် ဆိုရင် နာဂစ်ဒဏ်သင့် ပြည်သူများက ဝမ်းသာအားရ သက်တော်ရာကျော် ရှည်စေကြောင်း ဆုတောင်းပေးကြမှာ မလွဲပါဘူး။ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ငွေကြေးထောက်ပံ့တဲ့ ပုံစံ မဟုတ်ဘဲ။ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ဖန်တီပေးတဲ့ ပုံစံနဲ့ စီမံပေးသွားမယ် ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ အနေနဲ့လည်း ငွေကြေးမလို အလုပ်သာလိုတဲ့ နာဂစ်ဒဏ်သင့် ပြည်သူများကို ကူညီဖို့ အတွက် ဝန်ပိစေမယ်လို့ မထင်မိပါဘူး။ လုပ်ငန်းခွင်များ အမှန်တကယ် ပြန်လည် လည်ပတ်နိုင်ရေး ယခင်ဘ၀ အခြေအနေများကို ပြန်လည် ရောက်ရှိရေးအတွက် ရေငန်တိုးလို့ တံစဉ်လွတ်ရတဲ့ တောင်သူများအတွက် ရေငန်တားတာတွေ၊ ရေငန် ဖုံးခဲ့မှုကြောင့် ပျက်စီးခဲ့ရတဲ့ လယ်ယာမြေများအတွက် မြေယာပြန်လည် ပြုပြင်ပေးရန် သုတေသနပြု ကူညီမှုတွေ၊ မတည်ငြိမ်သော ဈေးကွက်ကြောင့် ရပ်နားလိုက်ရတဲ့ ဆားလယ်များအတွက် ခိုင်မာတဲ့ ဆားဈေးကွက် တစ်ခု ဖန်တီးပေးမှုတွေ၊ ရေလုပ်သားများအတွက် အမှန်တကယ် လိုအပ်မယ့် လှေ၊ ပိုက်များကို အရစ်ကျ စနစ်နဲ့ စနစ်တကျ လက်ဝယ်အရောက် ရောင်းချပေးမှုတွေကို ပြည်သူ့အစိုးရ အနေနဲ့ ဆောင်ရွက်ပေးမယ်လို့လဲ ယုံကြည်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလမှာ နာဂစ်ဒေသ ပြန်လည် ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲ အောင်နိုင်ပြီးပါက အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားပါမယ်လို့ ကတိပြု ပြောကြားထားမှုတွေ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့လည်း ပြောကြား မဲဆွယ်ခဲ့မှုများကို မမေ့မလျော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ် ဆိုတာကို ယုံကြည်ရင်း၊ နာဂစ်ဒဏ်သင့် ပြည်သူများရဲ့ ရှစ်နှစ်တာ အချိန်အထိ ကြာရှည်ခဲ့ရတဲ့ ဒဏ်ရာများကို ကုစားပေးနိုင်မယ့် ပြည်သူ့ အစိုးရကို အားကိုးလိုက်ပါတယ်။