စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ပေးတဲ့ မေတ္တာစာ

စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ပေးတဲ့ မေတ္တာစာ
Published 1 May 2016
နေထွန်းနိုင်

မေ ၃ ရက်ဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် (World Press Freedom Day) ဖြစ်ပါတယ်။ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ရောက်တိုင်း မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အကြောင်း ပြောလေ့ ရှိကြပါတယ်။ပြီးခဲ့တဲ့ ငါးနှစ် ကာလအတွင်း မြန်မာ့ မီဒီယာ နယ်ပယ်မှာ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်က အကောင်းဘက်ကို မရောက်သေးပါဘူး။နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ (CPJ) ရဲ့ သတ်မှတ်ချက်အရ သတင်း လွတ်လပ်ခွင့် ထိန်းချုပ်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်း အဆင့် ၉ မှာ မြန်မာနိုင်ငံ ရပ်တည်နေပါတယ်။Freedom House အဖွဲ့က ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံကို သတင်း လွတ်လပ်ခွင့် မရှိသေးတဲ့ နိုင်ငံ စာရင်းမှာ ထည့်သွင်း ထားပါတယ်။ပိုဆိုးတာက မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းဟာ အရင်နှစ်ကထက် ကျဆင်းသွားတာ ဖြစ်ပါတယ်။“နှစ်အတန်ကြာ ပြုပြင် ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေ ရှိခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ မီဒီယာတွေအတွက် အခြေအနေ အရပ်ရပ်ကို လွှမ်းခြုံပြီး ကြည့်ရင် ပိုမို ဆိုးရွားလာတယ်” လို့ Freedom House က မြန်မာနိုင်ငံ အကြောင်း ရေးသားထားတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။  မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုးရွားလာမှုကို ပြောတဲ့ အခါမှာ Freedom House က အချက် နှစ်ချက်ကို ပြောခဲ့ပါတယ်။ပထမ အချက်က အငြင်းပွားဖွယ် မီဒီယာ ဥပဒေ နှစ်ရပ် အတည်ပြုခဲ့တယ်၊ ဒါ့အပြင် စစ်အုပ်ချုပ်ရေး ခေတ်က ပြင်းထန်တဲ့ ဥပဒေတွေ ပါနေတဲ့ အခြား ဥပဒေတွေ လွှတ်တော်ကို ဖြတ်သန်း အတည်ပြုဖို့ ပြင်ဆင် နေတာကို ထောက်ပြတာပါ။ဒုတိယ အချက်ကတော့ မြန်မာ့ မီဒီယာ ကဏ္ဍဟာ တက်တက်ကြွကြွ ဆက်သွားနေတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာတွေ ဆက်လက် ရပ်တည်နိုင်ဖို့ ဘဏ္ဍာရေး အရ ရုန်းကန်နေရတယ်။ ဂျာနယ်လစ်တွေ ဘက်မှာလည်း တရားစွဲဆို ခံရတာတွေ၊ ခရီးသွားလာမှု ကန့်သတ် ခံရတာတွေနဲ့ အကြမ်းဖက်တဲ့ ပုံစံနဲ့ ဖိအားပေးမှု တိုးမြှင့်လာတာကို ရင်ဆိုင်နေရတယ်လို့ ထောက်ပြခဲ့ပါတယ်။သူတို့ ပြောဆိုခဲ့တဲ့ အချက်နှစ်ချက်က မြန်မာ့ မီဒီယာ လောကမှာ  ဖြစ်နေတဲ့ အခြေအနေကို အနီးစပ်ဆုံး ချဉ်းကပ်ခဲ့တာပါ။ သူတို့လိုပဲ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (CPJ)၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) အပါအဝင် ကမ္ဘာ့ သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အဖွဲ့ (WAN-IFRA) တွေက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ အကြောင်း ရေးသားမှုတွေမှာလည်း တူညီတဲ့ အချက်တွေ မြင်ရပါတယ်။
■ နိမ့်ပါးရခြင်း အချက် သုံးချက်စာနယ်ဇင်း လွတ်လပ်ခွင့် ရှိခြင်း၊ မရှိခြင်း ဆိုတာ သတင်းတွေ လွတ်လပ်စွာ ရေးခွင့် ရခြင်း၊ မရခြင်း တစ်ခုတည်းနဲ့ အကဲဖြတ်ကြတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာတွေ (Independent Media) အားကောင်းသလား၊ ဘယ်လောက် ရှင်သန်မှု ရှိသလဲ ဆိုတာ ကြည့်ကြပါတယ်။ မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကဲဖြတ်ရာမှာလည်း ဒီနည်းကို အခြေခံပါတယ်။စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက် အုပ်ချုပ်ရေး ပြောင်းသွားတာ တစ်ခုတည်းနဲ့ အဲဒီနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ကောင်းသွားပြီလို့ မသတ်မှတ်ပါဘူး။ အဲဒီလို ပြောင်းသွားတဲ့ နိုင်ငံမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာတွေ လွတ်လွတ်လပ်လပ် အားကောင်းမောင်းသန် အလုပ်လုပ်နိုင်ပြီလား ဆိုတဲ့ အပေါ် အခြေခံပါတယ်။နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းတွေက မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို နှိမ့်ချ သတ်မှတ်ရတဲ့ အဓိက အကြောင်းရင်း သုံးခု ရှိပါတယ်။ပထမ တစ်ခုက မီဒီယာ အများစုကို ခရိုနီ လုပ်ငန်းရှင်ကြီးတွေကပဲ ပိုင်ဆိုင်ထားတာပါ။ ဒါဟာ မီဒီယာလောက လက်ဝါးကြီး အုပ်မှုကို ဖြစ်စေပြီး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေ ဆက်လက် ရပ်တည်ဖို့ ဘဏ္ဍာရေးအရ အခက်အခဲ ဖြစ်စေပါတယ်။ဒုတိယ အချက်က အစိုးရပိုင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့ ဘဏ္ဍာငွေကို အသုံးပြုပြီး ပုဂ္ဂလိက မီဒီယာတွေနဲ့ (သတင်းရပိုင်ခွင့် အပါအဝင် စီးပွားရေး အရပါ) ယှဉ်ပြိုင်ပြီး ဖိနှိပ်တာ ဖြစ်ပါတယ်။တတိယ အချက်က ဥပဒေပိုင်း ဖြစ်ပါတယ်။ လက်ရှိ အချိန် မြန်မာ့ မီဒီယာ လောကမှာ ဥပဒေ သုံးခု ရှိခဲ့ပါပြီ။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ၊ သတင်း မီဒီယာ ဥပဒေနဲ့ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ပါတယ်။ ဒီ သုံးခုစလုံး အငြင်းပွားစရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာပဲ အစိုးရ သတင်းစာတွေကို အသွင်ပြောင်းဖို့ ပြင်ဆင်တဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ပြီး ရုပ်သိမ်းသွားပါတယ်။ဒါပေမဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ သုံးရပ်လုံးက ဂျာနယ်လစ်တွေကို ထိရောက်တဲ့ အကာအကွယ် ပေးထားခြင်း မရှိတဲ့ အပြင် လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ သတင်းဌာနတွေ ပေါ်ထွန်းအောင် အားပေးထားခြင်း မရှိပါဘူး။ဒီသုံးချက်နဲ့ ဆက်စပ်ပြီး ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်လို လုပ်ခဲ့သလဲ ဆိုတဲ့ သာဓကတွေ ရှိပါတယ်။ 
■ ဖြေလျှော့ခြင်းနှင့် ဖိနှိပ်ခြင်း   ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန် အစိုးရ တက်လာပြီး ဒုတိယမြောက် ပြောခဲ့တဲ့ သမ္မတ မိန့်ခွန်းမှာ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုကြောင်း ပြောခဲ့ပါတယ်။ စာနယ်ဇင်းတွေက ပြည်သူတွေ သိဖို့ အချက်တွေကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းတွေရဲ့ အကြံပြုချက်ကိုလည်း အလေးထားဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ရဲ့ အစောပိုင်း မိန့်ခွန်းနှစ်ရပ်ဟာ ချီးကျူးသံတွေ ညံခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်ထိပဲ ခံခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဆိုးဘက်ကို ဦးတည်တဲ့ ခြေလှမ်းတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ဦးရဲထွဋ်က ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပါတယ်။ စာနယ်ဇင်းတွေနဲ့ ပွတ်တိုက်မှုတွေ ရှိလာခဲ့သလို ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ ဝန်ကြီး ဦးအောင်ကြည်ကို အနားပေးလိုက်ပြီး ဦးရဲထွဋ်ကို အစားထိုး တာဝန်ပေးလိုက်ပါတယ်။ ဒီအချိန်နောက်ပိုင်း ဂျာနယ်လစ်တွေနဲ့ ဦးရဲထွဋ် အကြား ပဋိပက္ခတွေ ဆိုက်တိုက် ဖြစ်လာခဲ့သလို စာနယ်ဇင်း လွတ်လပ်ခွင့် နိမ့်ပါးဖို့ ဖြစ်စေခဲ့တဲ့ အချက် သုံးချက်လုံးရဲ့ တာဝန်ရှိသူဟာ ဦးရဲထွဋ် ဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် မြန်မာ ဂျာနယ်လစ်တွေ ရုန်းကန် ခဲ့ရတာကို တွေ့နိုင်မှာပါ။၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အဆိုးဆုံး ဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံရဲ့ နောက်ဆုံး အဆင့်မှာ ရှိနေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အထိ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှာ အဆင့်တက်ခဲ့ပြီး လာအိုနဲ့ ဗီယက်နမ်တို့ရဲ့ အပေါ် ရောက်ခဲ့ပါတယ်။၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ရက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက စာပေ စိစစ်ရေးကို ဖျက်သိမ်းပေးလိုက်ပါတယ်။ သတင်း ဂျာနယ်တွေ စာပေ စိစစ်ရေး တင်စရာ မလိုဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့် ပြုလိုက်တယ် ဆိုပေမဲ့ ‘မလုပ်ရ’ ဆိုတဲ့ ညွှန်ကြားချက်တွေနဲ့ ခွင့်ပြုလိုက်တာပါ။တစ်ဖက်မှာလည်း သတင်း ဂျာနယ် ထုတ်ဝေသူတွေကို ထိန်းချုပ်တဲ့ ဥပဒေတွေ ရှိနေပါတယ်။ ထိန်းချုပ်မှု ပိုလုပ်နိုင်အောင်လည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ မူကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် မတ် ၇ ရက်မှာ လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။ ဒီအပေါ်မှာလည်း ဂျာနယ်လစ်တွေရဲ့ ကန့်ကွက်မှု ဖြစ်ခဲ့ပါတယ်။လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေကို အစိုးရပိုင်းက ဖိနှိပ်ချင်တဲ့ လက္ခဏာဟာ ၂၀၁၂ ခုနှစ်မှာ ထင်သာမြင်သာ တွေ့လာရပါတယ်။ အထူးသဖြင့် ဦးရဲထွဋ် သြဇာ တက်လာပြီးတဲ့ နောက်ပိုင်း ပိုဖြစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ အစိုးရပိုင် မီဒီယာတွေကို ချဲ့ထွင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ခြေလှမ်း ပြင်ခဲ့ပါတယ်။၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ မြန်မာ့အလင်း သတင်းစာ၊ ဒီဇင်ဘာ ၅ ရက်မှာ The New Light of Myanmar သတင်းစာ၊ ဒီဇင်ဘာ ၁၅ ရက်မှာ ကြေးမုံ သတင်းစာတွေကို (ဖြန်ချိဈေး ကျပ် ၅၀ ဖြင့်) ဈေးနှုန်း မပြောင်းလဲဘဲ ရောင်စုံ သတင်းစာအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ၂၀၁၃ ခုနှစ် ရောက်ချိန်မှာလည်း ဈေးနှုန်း မပြောင်းဘဲ အချပ်ပို ရောင်စုံ စာမျက်နှာ ရှစ်မျက်နှာ တိုးပြီး မူလ ၁၆ မျက်နှာကို ၂၄ မျက်နှာ၊ ၃၂ မျက်နှာအထိ တိုးချဲ့ပါတယ်။ဒီ လုပ်ဆောင်မှုတွေက ပုဂ္ဂလိက သတင်းစာတွေ မပေါ်ခင်မှာ ပြည်သူ့ဘဏ္ဍာငွေ အသုံးပြုပြီး (ဈေးကွက်အရ) အသာစီးယူဖို့ ဦးရဲထွဋ်တို့ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ကြိုတင် ပြင်ဆင်ခဲ့တာပါ။ 
■ ပုဂ္ဂလိက သတင်းစာများ၏ ရုန်းကန်မှု  ၂၀၁၃ ခုနှစ် မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ၂၀၁၂ ခုနှစ် အခြေအနေထက် ပိုထူး မလာခဲ့ပါဘူး။၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ ပုဂ္ဂလိက သတင်းစာတွေ ထွက်လာပါပြီ။ အဲဒီ အချိန်ကစလို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ ထုတ်ဝေခွင့် ရခဲ့တဲ့ ပုဂ္ဂလိက သတင်းစာ ၃၃ စောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အမှန်တကယ် ထုတ်ဝေနေတဲ့ ပုဂ္ဂလိက သတင်းစာ ကိုးစောင် (အင်္ဂလိပ် သတင်းစာ တစ်စောင် အပါအဝင်) ပဲ ရှိပါတယ်။ပထမဆုံး ထုတ်ဝေခွင့် ရရှိခဲ့တဲ့ ပုဂ္ဂလိက သတင်းစာ လေးစောင်မှာ ပါဝင်တဲ့ ရွှေနိုင်ငံသစ် သတင်းစာဟာ တစ်နှစ် မပြည့်ခင်မှာ ရပ်နားလိုက်ရသလို လပိုင်းနဲ့ ထုတ်ဝေမှု ရပ်ဆိုင်းရတဲ့ ပုဂ္ဂလိက သတင်းစာတွေ ရှိခဲ့ပါတယ်။ ၁၅ စောင်ထက် မနည်း ပုဂ္ဂလိက သတင်းစာတွေ လုံး၀ ထွက်ရှိလာခြင်း မရှိပါဘူး။ ဆက်လက် ရပ်တည်နေဆဲ ဖြစ်တဲ့ အချို့ သတင်းစာတွေကို ခရိုနီ လုပ်ငန်းရှင်တွေက တစ်ဖက်လှည့် ငွေကြေး ထည့်ဝင်ပေးပြီး ထိန်းချုပ်ခဲ့ပါတယ်။ဥပမာအားဖြင့် ဒီမိုကရေစီတူဒေး သတင်းစာဟာ စတင် ထွက်ရှိချိန်မှာ ဘယ်သူ ပိုင်ဆိုင်တယ် ဆိုတာကို ရှင်းလင်းခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ သတင်းစာ နောက်မှာ ဦးကျော်ဝင်းရဲ့ ရွှေသံလွင် Sky Net ရှိတယ်ဆိုတဲ့ အချက်ကို လက်ခံခဲ့ကြပါတယ်။၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာ နှစ်ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ ပုဂ္ဂလိက သတင်းစာ ၃၃ စောင်၊ ဂျာနယ် ၄၀၄ စောင်၊ မဂ္ဂဇင်း ၃၁၇ အုပ်၊ အထွေထွေ ၈၉၇ စောင်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေခွင့် ပေးခဲ့ပါတယ်။ဒီလို ထောင်ချီ ရှိတဲ့ ထုတ်ဝေခွင့် ရခဲ့သူတွေထဲမှာ ဈေးကွက်အတွင်း ရပ်တည်နိုင်သူက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နယ်ပယ် တစ်ခုချင်းစီ အလိုက် လက်ဆယ်ချောင်း မပြည့်ခဲ့ပါဘူး။ငွေကြေးအရ ပုဂ္ဂလိက သတင်းစာတွေ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်တဲ့ နေရာမှာ ကြော်ငြာဝင်ငွေ ပိုရအောင် ဈေးကွက် အသာစီး ယူတဲ့ နည်းလမ်းကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာနက သုံးပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၅ နှစ် ဧပြီအထိ အချိန် ငါးလအတွင်းမှာ အစိုးရပိုင် သတင်းစာတွေရဲ့ ကြော်ငြာခကို သုံးကြိမ်အထိ လျှော့ချပြီး ပုဂ္ဂလိက မီဒီယာတွေရဲ့ ကြော်ငြာဈေးကွက်ကို လက်ဝါးကြီး အုပ်ရယူပါတယ်။ ဒီလို ယူတဲ့ နေရာမှာ အမေရိကန် ဒေါ်လာနဲ့ လက်ခံတဲ့ ကြော်ငြာတွေကို မြန်မာ ကျပ်ငွေနဲ့ ပြောင်းပြီး လက်ခံတာလည်း ပါဝင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ “ပြည်သူ ဗဟိုပြု” မူဝါဒအဖြစ် ကြွေးကြော်ပြီး ပြည်သူ့ ဘဏ္ဍာငွေနဲ့ ထုတ်ဝေခဲ့တဲ့ အစိုးရပိုင် သတင်းစာတွေက ပုဂ္ဂလိက သတင်းစာတွေကို (၁) သတင်းစာ ဈေးနှုန်းအရ ချိုးနှိမ်၊ (၂) ကြော်ငြာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ပြီး နာလန် မထူနိုင်အောင် လုပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ပြည်သူ့ငွေကို သုံးပြီး အစိုးရ မီဒီယာတွေကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။ ငါးနှစ်တာ ကာလ အတွင်းမှာ ပြည်သူ့ ဘဏ္ဍာငွေကို အသုံးပြုပြီး 4 Hi Tower 2 Unit ရောင်စုံ ပုံနှိပ်စက် နှစ်လုံး၊ 4 Hi Tower 4 Unit ရောင်စုံ ပုံနှိပ်စက် နှစ်လုံး၊ CTP (Computer to Plate) ငါးလုံး၊ သတင်းစာ ဖြန့်ချိရေးအတွက် မော်တော်ယာဉ်သစ် ၂၈ စီး၊ သတင်း ရိုက်ကူးရေး အတွက် ကင်မရာ ၃၅ လုံး၊ ကွန်ပျူတာ ၁၄၅ လုံးကို ပြန်ကြားရေး ဝန်ကြီးဌာနက ဝယ်ယူခဲ့ပါတယ်။ မြို့ကြီး ခုနစ်မြို့မှာ ရှိထားပြီး ဖြစ်တဲ့အပြင် မော်လမြိုင်နဲ့ မုံရွာမြို့တွေမှာ ကိုယ်ပွား သတင်းစာတိုက်တွေ ထပ်ဖွင့်ခဲ့ပြီး၊ စစ်တွေမှာလည်း ရောင်စုံ သတင်းစာတွေ ရိုက်နှိပ်ဖို့ ပုံနှိပ်စက် တပ်ဆင်တာတွေကို ပြည်သူ့ငွေ သုံးပြီး လုပ်ခဲ့ပါတယ်။ 
■ အကြမ်းနည်းဖြင့် ဖိအားပေးခြင်းလွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေကို ငွေကြေးအရ ယိုင်နဲ့အောင် လုပ်ထားချိန်မှာပဲ သတင်း ရယူမှု အပိုင်းမှာ အခက်အခဲ တွေ့အောင် အကြမ်းနည်းနဲ့ ဖိအား ပေးတာတွေလည်း ရှိခဲ့ပါတယ်။ပထမဆုံး သမ္မတ ဦးသိန်းစိန်ရဲ့ သိန်း ၅၀၀ စာနယ်ဇင်း ကောင်စီ (ယာယီ)ကို ခုတုံး လုပ်ပြီး မီဒီယာ ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ထုတ်ဝေသူတွေကို ထိန်းချုပ်ထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကို အတည်ပြုဖို့ ပြင်နေချိန်မှာပဲ မီဒီယာ ဥပဒေကို ပြဌာန်းဖို့ ကြိုးစားခဲ့တာပါ။ ဒီဥပဒေ နှစ်ရပ်လုံးကို ဂျာနယ်လစ်တွေက ကန့်ကွက်ခဲ့ပါတယ်။ဒီလို ကန့်ကွက်မှုတွေ ရှိတဲ့ ကြားကပဲ (လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ပါဝင်တဲ့) စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ကြားဝင် ဆွေးနွေးမှုတွေနဲ့ (ဂျာနယ်လစ်တွေရဲ့ တောင်းဆိုချက် အပြည့်အစုံ ပါခြင်း မရှိတဲ့) ဥပဒေ နှစ်ရပ်ကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။သတင်း မီဒီယာ ဥပဒေ ဖြစ်လာပေမယ့် ဥပဒေရဲ့ အကာအကွယ်ကို ဂျာနယ်လစ်တွေ အခုထိ မရသေးပါဘူး။ အထူးသဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၁ နဲ့ ဥပဒေ ပုဒ်မ ၂၃ တို့ကြောင့် ဒီလို ဖြစ်ခဲ့တာပါ။သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၁ မှာ “နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်”၊ ပုဒ်မ ၂၃ မှာ “ပုဒ်မ ၂၂ အရ ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်း ဖြေရှင်းရာတွင် ပြေလည်မှု မရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှု မရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့် အညီ တရား စွဲဆိုနိုင်သည်” လို့ ဖော်ပြထားပါတယ်။ပုံမှန်အားဖြင့် ဂျာနယ်လစ် တစ်ဦးကို တရား စွဲဆိုချင်တယ် ဆိုရင် သတင်း မီဒီယာ ဥပဒေ အရပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဥပဒေ ပုဒ်မ ၂၁ အရ တရား စွဲချင်တယ် ဆိုရင် စာနယ်ဇင်း ကောင်စီကို တိုင်ကြားနိုင်(နိုင်)သည်လို့ပဲ ဖော်ပြထားပါတယ်။ တိုင်ကြားရ(ရ) မည်လို့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။အကယ်၍ ဥပဒေမှာ တိုင်ကြားရမည်လို့ ဖော်ပြမယ် ဆိုရင် ဂျာနယ်လစ်တွေကို တရားစွဲဆိုတဲ့ အခါ စာနယ်ဇင်း ကောင်စီကို မလွဲမသွေ ဖြတ်ရမှာ ဖြစ်သလို သတင်း မီဒီယာ ဥပဒေရဲ့ အကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။ဒါပေမဲ့ တိုင်ကြားနိုင်သည်လို့ပဲ ဖော်ပြ ထားတာကြောင့် (ဖိနှိပ် လိုသူတွေက) သတင်းရေးသား ဖော်ပြချက်တွေနဲ့ စာနယ်ဇင်း ကောင်စီကို မတိုင်ကြားဘဲ အဆင့် ကျော်လွန်ပြီး ဂျာနယ်လစ်တွေကို တိုက်ရိုက် ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချတာတွေ ဖြစ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ Eleven Media Group ရဲ့ ကယားပြည်နယ် သတင်းထောက် မခိုင်ကို ပုဒ်မ ၄၄၁၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၂၉၄ တို့နဲ့ ထောင်သုံးလ ချမှတ်ခံရပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှာ DVB သတင်းထောက် ကိုဇော်ဖေကို ပုဒ်မ ၃၅၃၊ ပုဒ်မ ၄၄၁ တို့နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။ ၂၀၁၄ ဇူလိုင်မှာ ယူနတီ ဂျာနယ်လစ် ငါးဦး ဖြစ်တဲ့ ဦးတင်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနဲ့ ကိုလူမော်နိုင်တို့ကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ၃(၁)(က)/၉ နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။ဒီနောက်ပိုင်းမှာ Bi မွန်းတည့်နေ သတင်းဂျာနယ်က ထုတ်ဝေသူ ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်းထွန်း၊ သတင်းထောက် မင်းဝဿန်၊  အယ်ဒီတာ ကိုဝင်းတင်၊ ကိုသူရအောင်တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်နှစ်နှစ် ချခဲ့ပါတယ်။ ဒီအတိုင်းပဲ မြန်မာပို့စ် သတင်းဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူ၊ ဒုတိယ သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်းတို့ကို အသေရေဖျက် ပုဒ်မ ၅၀၀ နဲ့ ထောင်နှစ်လ ချမှတ်ခဲ့ပါတယ်။Weekly Eleven သတင်းဂျာနယ်နဲ့ The Daily Eleven သတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်း၊ သတင်း ဆောင်းပါးတွေနဲ့ ဆက်စပ်ပြီး Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် အပါအဝင် မန်နေးဂျင်း ဒါရိုက်တာ၊ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်နဲ့ အမှုဆောင် အယ်ဒီတာတို့ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက နေပြည်တော်မှာ တရား စွဲဆိုခဲ့ပါတယ်။ဒါ့အပြင် မြန်မာ သံတော်ဆင့် သတင်းဂျာနယ် အယ်ဒီတာချုပ် အပါအဝင် ဖြန့်ချိရေး ဝန်ထမ်းအထိ ပါဝင်တဲ့ ၁၁ ဦးကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးက တရားလို ပြုလုပ် တရားစွဲခဲ့တာ ရှိပါတယ်။ဒီလို တရားစွဲခဲ့တဲ့ ဖြစ်စဉ်တွေမှာ မြန်မာ သံတော်ဆင့် တရားစွဲဆို ခံရတဲ့ ဖြစ်စဉ် တစ်ခုက လွဲပြီး ကျန်တဲ့ တရားစွဲဆိုမှု အားလုံးကို သတင်း မီဒီယာ ဥပဒေနဲ့ စွဲဆိုခဲ့တာ မဟုတ်ပါဘူး။ တချို့ အမှုတွေက သတင်း မီဒီယာ ဥပဒေ မပေါ်သေးခင်မှာ ဖြစ်ခဲ့တာ မှန်ပေမယ့် သတင်း မီဒီယာ ဥပဒေ ပေါ်ပြီးချိန်မှာ သတင်း မီဒီယာ ဥပဒေကို မသုံးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။Freedom House က ထုတ်ပြန်ခဲ့သော အင်တာနက် ထိုးဖောက်မှုနှုန်းနှင့် ၂၀၁၆ ခုနှစ် စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့် သတ်မှတ်ချက် ဖော်ပြမှုတွင် ဇယား အောက်ခြေ၌ မြန်မာနိုင်ငံ ရှိနေသည်ကို တွေ့ရစဉ်
ဥပမာ Bi မွန်းတည့်နေ သတင်းဂျာနယ် အမှုဖြစ်ချိန်မှာ သတင်း မီဒီယာ ဥပဒေ ရှိနေပါပြီ။ ဒီအတိုင်းပဲ Eleven Media Group က ငါးဦးကို တရားစွဲဆို ချိန်မှာလည်း သတင်း မီဒီယာ ဥပဒေ ရှိနေပါပြီ။ ဒါပေမဲ့ သတင်း မီဒီယာ ဥပဒေကို မသုံးဘဲ အခြား ထောင်ဒဏ် ကျခံရနိုင်တဲ့ ဥပဒေ ပုဒ်မတွေကို တရားစွဲ အဖွဲ့အစည်းတွေက သုံးစွဲ ခဲ့ပါတယ်။ငါးနှစ်တာ အတွင်း ဂျာနယ်လစ်တွေ ဖိနှိပ် ခံရတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့ အခါ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ရဲ့ လုပ်ဆောင်မှု အားလျော့ ခဲ့တာကို အထင်အရှား တွေ့နိုင်ပါတယ်။အခြေခံ အားဖြင့် ဂျာနယ်လစ်တွေ ဖိနှိပ် ခံရချိန်မှာ အပြင်းအထန် ကန့်ကွက်တာ မရှိပါဘူး။ ကြေညာချက် ထုတ်ပြန်ချိန်မှာလည်း နောက်ကျတာ၊ တွန့်ဆုတ်တာ၊ မပြတ်သားတာတွေ ရှိခဲ့ပါတယ်။ နောက် တစ်ချက်က အငြင်းပွားဖွယ် ဥပဒေ နှစ်ရပ်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းခဲ့တာ ရှိပေမယ့် ဂျာနယ်လစ်တွေကို အကာအကွယ် ပေးနိုင်တဲ့ ဥပဒေ ဖြစ်အောင် ထိရောက်တဲ့ ဖိအား ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။ဒီအခါမှာ စာနယ်ဇင်းကောင်စီ (ယာယီ)အပေါ် ယုံကြည်မှု ကင်းမဲ့ ခဲ့ကြသလို ဂျာနယ်လစ်တွေ ဘက်မှာလည်း ဖိအားပေး ခံရမှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။ဒီလို ဖိအားပေး ခံရမှုတွေ ဖြစ်နေချိန်မှာ အလွတ်တန်း သတင်းထောက် ကိုပါကြီး သတ်ဖြတ် ခံရတဲ့ ဖြစ်စဉ် ပေါ်ခဲ့ပါတယ်။ ဒီအတိုင်းပဲ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်လည်း မြို့လယ်ခေါင် လူမြင်ကွင်းမှာ တိုက်ခိုက် ခံရပါတယ်။ ဒီဖြစ်စဉ် နှစ်ရပ်လုံးဟာ တပ်မတော်နဲ့ ဆက်နွှယ် ပတ်သက်နေပြီး နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းတွေ ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ သိန်း ၅၀၀ စာနယ်ဇင်း ကောင်စီ(ယာယီ) က ဒီကိစ္စတွေအပေါ် ဝင်ရောက် ပြောဆို ပေးခဲ့တာ မရှိပါဘူး။ ပြန်ကြားရေး ဝန်ကြီးဌာန ကလည်း ဘာတစ်ခုမှ ဝင်မပြောခဲ့ပါဘူး။ဒီလို မပြောတဲ့ အပြင် Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ပြန်ကြားရေး ဝန်ကြီးဌာနကပဲ ပြည်ပ ထွက်ခွာခွင့် ပိတ်ပင် ခဲ့ပါတယ်။ Eleven Media Group က အယ်ဒီတာ ၁၇ ဦးကို နေပြည်တော် အမှုကိစ္စ သတင်းဖော်ပြမှုနဲ့ ဆက်စပ်ပြီး တရား စွဲခဲ့တာလည်း ပြန်ကြားရေး ဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။သေချာတာကတော့ သတင်း ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းသွားနိုင်တဲ့ အထိ ဂျာနယ်လစ်တွေကို အစုလိုက် အပြုံလိုက် တရား စွဲဆိုတာဟာ ပြန်ကြားရေး ဝန်ကြီး(ဟောင်း) ဦးရဲထွဋ် လက်ထက်မှာ အဆိုးရွားဆုံး ဖြစ်ခဲ့တာပါ။ကိုယ့်စိတ်ကြိုက် လိုအပ်ချက်တွေကို အသာစီး ယူပြီး ပုံနှိပ် မီဒီယာ ဥပဒေ နှစ်ခုကို ကန့်ကွက်မှုတွေ ကြားက အတည်ပြုဖို့ ကြိုးစားခဲ့တာလည်း ဦးရဲထွဋ်ပဲ ဖြစ်ပြီး ဥပဒေ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး ဂျာနယ်လစ်တွေကို တရား စွဲဆို ခဲ့တာလည်း ဦးရဲထွဋ်ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနပဲ ဖြစ်ခဲ့ပါတယ်။ 
■ ခရိုနီ၊ အစိုးရနှင့် တပ်ပိုင် မီဒီယာ အင်ပါယာပုဂ္ဂလိက ပုံနှိပ် မီဒီယာ လောက ခေါင်းမထောင်နိုင်အောင် ပြည်သူ့ဘဏ္ဍာငွေ သုံးပြီး ငွေကြေး အားဖြင့်၊ လုပ်ပိုင်ခွင့် အာဏာသုံးပြီး ဥပဒေ အားဖြင့် ထိန်းချုပ် ထားချိန်မှာ ရုပ်သံလွှင့် မီဒီယာ နယ်ပယ်ကို အစိုးရ၊ တပ်မတော်နဲ့ ခရိုနီတွေက ဈေးကွက် လက်ဝါးကြီး အုပ်ထားပါတယ်။  ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှာ ရုပ်သံအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့ ရေဒီယို ရှိပါတယ်။ ပုံနှိပ် မီဒီယာပိုင်း ဖြစ်တဲ့ သတင်းစဉ် (MNA)၊ ကြေးမုံ၊ မြန်မာ့အလင်းတို့ကို သူတို့ပဲ ကိုင်ပါတယ်။ အင်္ဂလိပ် သတင်းစာ The New Light of Myanmar ကို The Global New Light of Myanmar အမည်ပြောင်းပြီး ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုနဲ့ အကျိုးတူ လုပ်ဆောင်ပါတယ်။တပ်မတော် လက်အောက်မှာ ရုပ်သံအဖြစ် မြဝတီ ရုပ်မြင်သံကြား ရှိပါတယ်။ သဇင် FM ကလည်း တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ ရေဒီယိုလိုင်း ဖြစ်ပါတယ်။ ပုံနှိပ် မီဒီယာ အဖြစ် မြဝတီ သတင်းစာကို ထုတ်ဝေပါတယ်။ခရိုနီ ပိုင်းမှာ အဓိက ချုပ်ကိုင်ထားသူ နှစ်ဦးပဲ ရှိပါတယ်။ ဒီနှစ်ဦးမှာ Forever ဦးဝင်းမော်က MRTV-4၊ Channel 7 အခမဲ့ ရုပ်သံလိုင်းတွေနဲ့ 4 TV အခပေး ရုပ်သံလိုင်းတွေ ထုတ်လွှင့်ခွင့် ရရှိထားသူ ဖြစ်ပါတယ်။ ရေဒီယိုပိုင်းမှာ မန္တလေး FN ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပဉ္စဝတီ FM ကလည်း သူတို့နဲ့ ဆက်နွှယ်ပါတယ်။နောက်တစ်ဦးက ရွှေသံလွင် ဦးကျော်ဝင်း ဖြစ်ပါတယ်။ ရုပ်သံပိုင်းမှာ MITV၊ Channel 9၊ MNTV အစရှိတဲ့ အခမဲ့ ရုပ်သံလိုင်းတွေကို ထုတ်လွှင့်ခွင့် ရထားပြီး Sky Net အခပေး ရုပ်သံလိုင်းတွေ ထုတ်လွှင့်ခွင့် ရရှိ ထားသူပါ။ ပုံနှိပ် မီဒီယာပိုင်းမှာ ဒီမိုကရေစီတူဒေး သတင်းစာနဲ့ ဆက်နွှယ်မှု ရှိပြီး ရွှေ FM ရေဒီယိုဟာ ဦးကျော်ဝင်း ပိုင်ဆိုင်တဲ့ ရေဒီယိုလိုင်း တစ်ခု ဖြစ်ပါတယ်။သူတို့ အပြင် ကျန်တဲ့ ခရိုနီ အများစု ကလည်း FM ရေဒီယိုတွေ ရယူထားပါတယ်။ ဦးတေဇရဲ့ ထူးအုပ်စုက ပုဂံ FM ကို ပိုင်ထားသလို ရွှေတောင် ကုမ္ပဏီက ပတ္တမြား FM လိုင်း ထုတ်လွှင့်ခွင့် ရထားပါတယ်။ ဦးခင်ရွှေရဲ့ ဇေကမ္ဘာ မိသားစု၊ သူရဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းက ချယ်ရီ FM ထုတ်လွှင့်ခွင့် ရထားပါတယ်။ City FM ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းပြီး လုပ်နေပါတယ်။ 
■ ထိန်းချုပ် မခံရသော ခရိုနီပိုင်များလွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ပုဂ္ဂလိက ပုံနှိပ် မီဒီယာတွေ ခေါင်းမထောင်နိုင်အောင် ပြန်ကြားရေး ဝန်ကြီးဌာနက နည်းမျိုးစုံသုံး ထိန်းချုပ်ခဲ့ပေမယ့် ခရိုနီပိုင် ရုပ်သံလိုင်းတွေကို ထိန်းချုပ်ခြင်း မရှိခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲ အခွင့်ထူး အကျိုးခံစားခွင့်ကို ခရိုနီပိုင် ရုပ်သံ ကုမ္ပဏီတွေပဲ ရခဲ့ပြီး သူတို့ ရရှိတဲ့ အကျိုးအမြတ်ပိုင်းမှာ ထိုက်သင့်တဲ့ အခွန် ပေးဆောင်မှု မရှိခဲ့ပါဘူး။ဥပမာ အားဖြင့် နိုင်ငံတော်ပိုင် ပစ္စည်းတွေကို ငှားရမ်း အသုံးပြုပြီး လုပ်ကိုင်ခဲ့တဲ့ Sky Net ရုပ်သံလိုင်းတွေရဲ့ တစ်နှစ် ဝင်ငွေ ပျမ်းမျှ ကျပ် ၃၆ ဘီလျံ ရှိနေချိန်မှာ နိုင်ငံတော်က တစ်နှစ် ၀ ဒသမ ၄၈ ဘီလျံပဲ ရရှိပါတယ်။ ဒါကလည်း ပြန်ကြားရေး ဝန်ကြီး(ဟောင်း) ဦးရဲထွဋ် လက်ထက်မှာ ပြန်ပြင် ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ နစ်နာမှု ဖြစ်ခဲ့တာပါ။Forever Group ဆိုရင်လည်း ဒီအတိုင်းပါပဲ။ Forever ပိုင်ရှင် ဦးဝင်းမော်ဟာ ပြန်ကြားရေး ဝန်ကြီး အဆက်ဆက်နဲ့ ရင်းနှီးမှု ရှိခဲ့သူ ဖြစ်ပါတယ်။ သူတို့ထဲက အချို့ ဝန်ကြီးတွေရဲ့ သားသမီး၊ မိသားစုဝင်တွေကို Forever Group မှာ ဒါရိုက်တာ၊ အစု ရှယ်ယာဝင် အဖြစ် နေရာပေးပြီး အကျိုးမြတ် ခွဲဝေပေးတာတွေ ရှိခဲ့ပါတယ်။ဦးဝင်းမော်ရဲ့ Forever နဲ့ ပတ်သက်ရင် အခွန် ပေးဆောင်မှုကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် မြန်မာ့ မီဒီယာ လောက ရုပ်သံ၊ ပုံနှိပ် နယ်ပယ်မှာ ကြော်ငြာဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကျော် ရှိခဲ့ပါတယ်။ ဒီထဲက ရာခိုင်နှုန်း ၇၀ ဟာ  ရုပ်သံ မီဒီယာဘက်က ရရှိတဲ့ ဝင်ငွေ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာ ၁၅၄ သန်းကျော်ကို ရုပ်သံ မီဒီယာက ရရှိပါတယ်။ဒီလို ရရှိတဲ့ ရာခိုင်နှုန်း ၇၀ ထဲမှာ ကြော်ငြာဝင်ငွေ အများဆုံး ရရှိသူက ဦးဝင်းမော် ပိုင်ဆိုင်တဲ့ Channel 7 နဲ့ MRTV-4 အုပ်စု ဖြစ်ပါတယ်။ သူ့နောက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် MRTV ရုပ်သံလိုင်းနဲ့ တပ်မတော်ပိုင် MWD ရုပ်သံလိုင်းတို့ ရှိပါတယ်။ဒါကြောင့် Forever Group အနေနဲ့ ရုပ်သံကြော်ငြာ တစ်ခုတည်းက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝင်ငွေ ရှိခဲ့တယ် ဆိုရင် အခွန်ငွေ ကျပ် ငါးဘီလျံကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရုပ်သံ ကြော်ငြာ ဝင်ငွေ တစ်ခုတည်းကို တွက်ချက်ထားတာ ဖြစ်ပြီး မန္တလေး FM အပါအဝင် 4 TV စက်အလုံးရေ တန်ဖိုး၊ လစဉ်ကြေး ပေးသွင်းမှုတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါတွေကိုပါ ထည့်သွင်း တွက်ချက်ရင် Forever Group ရဲ့ အခွန်ငွေ ပေးဆောင်မှုဟာ အနည်းဆုံး ကျပ်ငွေ ငါးဘီလျံ အထက်မှာ ရှိနေမှာပါ။ ဒါကို တကယ် ပေးဆောင်ခဲ့ပြီ ဆိုရင် ထိပ်တန်း အခွန်ထမ်း စာရင်းမှာ ဦးဝင်းမော် ပါဝင်ရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်နဲ့ ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ် ထိပ်တန်း အခွန်ထမ်း စာရင်းမှာ Forever Group အမည် ပါဝင်ခြင်း မရှိပါဘူး။ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ် အခွန်ထမ်း ၁၀၀၀ စာရင်းမှာ ပါခဲ့ပြီး ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာ Forever Group အမည် မပါတော့ပါဘူး။ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်နေတဲ့ ပုဂ္ဂလိက ရုပ်သံ ကုမ္ပဏီ အုပ်စု နှစ်ခု စလုံးဟာ အစိုးရရဲ့ မျက်နှာသာ ပေးမှုကို ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံး ရခဲ့ပါတယ်။ဒီကြားထဲမှာပဲ Forever ရော၊ ရွှေသံလွင် Sky Net နှစ်ခု စလုံးဟာ နိုင်ငံတော်ပိုင် စက်ခန်း၊ တာဝါတိုင်က အစ နိုင်ငံပိုင်မြေတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ငှားရမ်းခွင့် ရထားပါတယ်။ဥပမာ - Forever Group ဆိုရင် ရေကူး အသံလွှင်ရုံ ဝင်းထဲမှာ မြေနှစ်ဧကကို တစ်လ ကျပ်သိန်း ၅၀ နဲ့ ငှားခွင့် ရထားသလို မြေနီကုန်း၊ ရှင်စောပုလမ်းက MEP နေရာကိုလည်း တစ်လ ကျပ်သိန်း ၅၀ နဲ့ ငှားရမ်း လုပ်ခွင့် ရရှိထားပါတယ်။ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပုံနှိပ် မီဒီယာတွေကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားပြီး ခရိုနီပိုင် မီဒီယာတွေကို အခွင့်အရေးပေး ကြီးထွားခွင့် ပြုထားတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း Sky Net နဲ့ Forever Group တို့ရဲ့ အခွင့်ထူးခံ ဖြစ်မှု၊ နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာမှု ကိစ္စတွေမှာ တာဝန် ရှိသူဟာလည်း ဦးရဲထွဋ်ပဲ ဖြစ်ပါတယ်။ ဒါကို မလွဲမသွေ စစ်ဆေး ကြရမှာပါ။ နိုင်ငံ့ဘဏ္ဍာ နစ်နာမှု ဖြစ်စေခဲ့တဲ့ ကိစ္စတွေမှာ ငွေကြေး အရှုပ်အရှင်း၊ အပေးအယူ ဘာတွေ ရှိခဲ့လဲ ဆိုတာကို ဝန်ကြီးဌာနတွင်း စစ်ဆေးရုံနဲ့ မလုံလောက်ဘဲ စာရင်းစစ်ချုပ်ရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ် စတဲ့ အဖွဲ့တွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်မှပဲ ပေါ်ပါလိမ့်မယ်။နောက်ပြီး ဒီကိစ္စတွေမှာ တာဝန် အရှိဆုံးက အတွင်းသိတွေ ဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဦးတင့်ဆွေတို့ နှစ်ဦးတည်း ဖြစ်ပြီး ဦးပိုက်ထွေးက သိပေမယ့် အများကြီး ပါဝင် ပတ်သက်တာ မရှိဘူးလို့ သိရပါတယ်။ 
■ ခရိုနီတွေကို ဆက်ပြီး ကြီးထွားစေမယ့် ရုပ်သံ ဥပဒေ၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက်မှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေဟာလည်း ပုဂ္ဂလိကပိုင် လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာတွေ ဖြစ်စေဖို့ အားပေးထားတာ မဟုတ်ဘဲ ခရိုနီတွေကို ဆက်ပြီး ကြီးထွားစေဖို့ ခွင့်ပြုထားပါတယ်။ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြောစရာ သုံးချက်ပဲ ရှိပါတယ်။ ပထမ တစ်ချက်က လက်ရှိ ရှိနေတဲ့ အစိုးရပိုင် မီဒီယာတွေနဲ့ ခရိုနီပိုင် ရုပ်သံလိုင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ် ပေးထားတာ ဖြစ်ပါတယ်။ လေလှိုင်း ကန့်သတ်ချက်အရ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် MRTV၊ တပ်မတော်ပိုင် မြဝတီ၊ Sky Net အုပ်စုနဲ့ Forever အုပ်စု လေးခုက ထက်ဝက် ရယူထားပါတယ်။ ကျန်နေတဲ့ ထက်ဝက်ကို အသစ် ဝင်ရောက်မယ့် သူတွေက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါက မမျှတမှုကို ဖြစ်စေပါတယ်။  ဒုတိယ အချက်က လိုင်စင်ကို ခွဲခြားထားတဲ့ Category မရှိတဲ့ အတွက် မူလ ရယူထားတဲ့ သူတွေကိုပဲ ရုပ်သံလိုင်း အများစုကို လိုင်းစုံ လက်ဝါးကြီး အုပ်ခွင့် ပေးထားပါတယ်။ ဒါ့အပြင် ငွေကြေး တတ်နိုင်သူတွေက ကြီးစိုးခြယ်လှယ်ခွင့်ကို ကန့်သတ်ချက် မရှိ လုပ်ပိုင်ခွင့် ပြုထားပါတယ်။ မူလက အခွင့်ထူးခံ ရပိုင်ခွင့်တွေနဲ့ လုပ်ပိုင်ခွင့် ရထားသူတွေကို အသစ် ဝင်ရောက်လာသူတွေနဲ့ တန်းတူ ယှဉ်ပြိုင်ခွင့် မပေးဘဲ အသာစီး ပေးခဲ့ပါတယ်။  ၂၀၀၈ ခုနှစ်က Asia-Pacific Institute for Broadcast Development, AIBD သို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ ပုံနှိပ်နှင့် ရုပ်သံလွှင့် မီဒီယာ ကဏ္ဍ ပြုပြင် ပြောင်းလဲရမည့် အခြေအနေများအား လေ့လာ ဆွေးနွေးနေသည့် ဦးရဲထွဋ်အား Forever Group မှ ဦးဝင်းမော် (လယ်)နှင့်အတူ တွေ့ရစဉ် (Photo: Ye Htut Facebook)
တတိယ အချက်က ပုံနှိပ်နဲ့ ရုပ်သံ ပူးတွဲ လုပ်ကိုင်ခွင့် Cross-Ownership ကိစ္စ ဖြစ်ပါတယ်။ ဥပဒေအရ ပုံနှိပ်လုပ်ငန်း ဖြစ်စေ၊ ရုပ်သံလုပ်ငန်း ဖြစ်စေ ပိုင်ဆိုင်ထားသူ တစ်ဦးက အခြားလုပ်ငန်း တစ်ခု ပူးတွဲ လုပ်ကိုင်မယ် ဆိုရင် ရာခိုင်နှုန်း ၃၀ ထက် မပိုရလို့ ဆိုပါတယ်။ လက်ရှိ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်နေသူက ရုပ်သံ လုပ်မယ် ဆိုရင် ၃၀ ရာခိုင်နှုန်းပဲ ထည့်ခွင့်ပြုမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါက မမျှတမှုကို ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ရွှေသံလွင် Sky Net က ဒီမိုကရေစီတူဒေး သတင်းစာကို ဆက်နွှယ်နေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ရုပ်သံ ထုတ်လွှင့်မှု အပြင် သတင်းစာ သုံးစောင် ထုတ်ဝေမှုကို လုပ်ထားချိန်မှာ အသစ် ဝင်လာမယ့် ပုံနှိပ် မီဒီယာတွေကို ရုပ်သံ လုပ်ငန်းမှာ ရာနှုန်းပြည့် ထည့်ဝင်မှုနဲ့ မလုပ်နိုင်အောင် ကြိုတင် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ဒီသုံးချက် အပြင် ရုပ်သံ မီဒီယာ နယ်ပယ် တစ်ခုလုံးကို အစိုးရပိုင်းက ထိန်းချုပ် ထားမယ့် အုပ်ချုပ်ရေး အပြင် ရုပ်သံ လုပ်ငန်း ကျွမ်းကျင်သူတွေ ပါဝင်ခြင်း မရှိတဲ့ ရုပ်သံလွှင့် ကောင်စီက တစ်ဆင့် ထိန်းချုပ်ဖို့ ပြင်ဆင်ထားပါတယ်။ သူတို့ကပဲ ရုပ်သံ ထုတ်လွှင့်ခွင့် လိုင်စင်ကို ခွင့်ပြုမှာပါ။ဒီအချက်တွေကြောင့် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းတွေရော၊ ပြည်တွင်း မီဒီယာ နယ်ပယ်က ကျွမ်းကျင်သူတွေကပါ တောင်းဆိုခဲ့ကြ ပါတယ်။ ဒါပေမဲ့ အခုထိ ပြင်ဆင်ပေးခြင်း မရှိသေးပါဘူး။ဒီဥပဒေ အပါအဝင် မီဒီယာ လောကကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပဒေ သုံးရပ်လုံးဟာ ပြန်ကြားရေး ဝန်ကြီး(ဟောင်း) ဦးအောင်ကြည် လက်ထက်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် ဒီကိစ္စတွေမှာ ဦးအောင်ကြည် ပါဝင် ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ဒါကြောင့် ဥပဒေ အပိုင်းမှာလည်း တာဝန် အရှိဆုံးဟာ ဦးရဲထွဋ်ပဲ ဖြစ်နေပါတယ်။ 
■ ဝါဒ ဖြန့်ချိရေး အတွက် ဘတ်ဂျက် ဆုံးရှုံးမှုဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အစိုးရပိုင် မီဒီယာတွေရဲ့ ရပ်တည်မှု မပြောင်းခဲ့ပါဘူး။ စစ်အစိုးရ အဆက်ဆက် ကျင့်သုံး ခဲ့သလို ဝါဒ ဖြန့်ချိရေး ယန္တရားအဖြစ် ပုံသဏ္ဌာန် ပြောင်းပြီး တည်ဆောက် ခဲ့ပါတယ်။ ပုဂ္ဂလိက မီဒီယာတွေ အပေါ် သဘောထားကလည်း အရင် အစိုးရ အဆက်ဆက် သဘောထားအတိုင်း ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ဝါဒ ဖြန့်ချိရေး ယန္တရား တစ်ခု ဖြစ်တဲ့ အစိုးရပိုင် မီဒီယာတွေ အတွက် ပြည်သူ့ ဘဏ္ဍာငွေကို ပိုသုံးခဲ့ပါတယ်။ထပ်တိုး တောင်းခံခဲ့တဲ့ ဘတ်ဂျက်တွေ ပါဝင်ခြင်း မရှိဘဲ မူလ ဘတ်ဂျက် စာရင်းကို ကြည့်ရင် ဒါကို တွေ့နိုင်ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက တောင်းခံခဲ့တဲ့ ဘတ်ဂျက်ငွေကျပ် ၂၆ ဘီလျံကျော် ရှိခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၄၈ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၈၂ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာ ၈၄ ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၇၀ ဘီလျံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ၆၁ ဘီလျံကျော် တောင်းခံ ခဲ့ပါတယ်။အစိုးရပိုင် သတင်းစာတွေက အမြတ် ရတယ်လို့ ဘယ်လိုပဲ ပြောပြော ဝန်ကြီး ဌာနရဲ့ ဘတ်ဂျက်လိုငွေက နှစ်စဉ် ဖြစ်နေတာပါပဲ။၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်မှာ လိုငွေ ကျပ် ၁၁ ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ လိုငွေ ကျပ် ၁၉ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လိုငွေ ၅၂ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ လိုငွေ  ၅၆ ဘီလံျကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ လိုငွေ ၂၉ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။  ဒီအတွက်ကြောင့်ပဲ ဝါဒ ဖြန့်ချိရေး ယန္တရားအတွက် ပြည်သူ့ ဘဏ္ဍာငွေ ကျပ်ဘီလျံ များစွာ ဆုံးရှုံးခံ သုံးစွဲနေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန မရှိသင့်ဘူး၊ အစိုးရပိုင် သတင်းစာတွေ မရှိသင့်ဘူးဆိုတဲ့ ပြောဆိုမှုတွေ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျယ်လောင် ခဲ့တာပါ။ဒါပေမဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်ရှိ ခဲ့သလို အစိုးရ သတင်းစာတွေကို ပြည်သူ့ ဘဏ္ဍာငွေ အသုံးပြုပြီး ကြီးထွားအောင် ဆက်လုပ်ခဲ့ပါတယ်။ စီးပွားရေး အရ ပုံနှိပ် မီဒီယာတွေကို ရှင်သန်ခွင့် မပေးသလို နှိပ်ကွပ်မှုတွေကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ လက်ကိုင်တုတ်၊ လက်ဝေခံတွေက တစ်ဆင့် လုပ်ခဲ့ပါတယ်။ 
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဦးသိန်းစိန် အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အစိုးရ သတင်းစာတွေ အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ (လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ သဘောထားကို ထုတ်ပြော ခဲ့ပါတယ်။ရွေးကောက်ပွဲ အပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် RFA သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ‘ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးမြန်းခန်းမှာ အစိုးရ သတင်းစာတွေ ဆိုတာ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီခြင်း မရှိတဲ့ အတွက် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောခဲ့ပါတယ်။“အစိုးရပိုင် သတင်းစာတွေ၊ ဘာတွေ ဆိုတာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါပေမဲ့ ဒါကို နေ့ချင်းညချင်း ကျွန်မတို့ မလုပ်ပါဘူး။ သေချာ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမဲ့ သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင် အမြန်ဆုံး လုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပြောစကားကြောင့်ပဲ အစိုးရ သတင်းစာတွေရဲ့ အနာဂတ်အပေါ် ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပြီး NLD အစိုးရ လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာန ရှိသင့်၊ မရှိသင့် ဆိုတဲ့ အပေါ်မှာပါ ဆန်းစစ်မှုတွေ ရှိခဲ့ပါတယ်။ 
■ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မေတ္တာစာNLD အစိုးရရဲ့ ဝန်ကြီးဌာန စာရင်း ထွက်ချိန်မှာ ပြန်ကြားရေး ဝန်ကြီးဌာန ပါဝင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ ဦးသိန်းစိန် အစိုးရ လက်ထက် သိန်း ၅၀၀ စာနယ်ဇင်းကောင်စီ(ယာယီ)ကို ဦးဆောင်ပြီး အငြင်းပွားဖွယ် မီဒီယာ ဥပဒေ ပြဋ္ဌာန်းရေး ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ဖေမြင့်ကို ပြန်ကြားရေး ဝန်ကြီး တာဝန် ပေးလိုက်ပါတယ်။ဒါ့အပြင် ကြေးမုံ သတင်းစာနဲ့ မြန်မာ့အလင်း သတင်းစာကို ဆက်လက် ထုတ်ဝေခဲ့ပါတယ်။ဦးရဲထွဋ် လက်ထက်မှာလည်း အစိုးရ သတင်းစာတွေကို ပြည်သူ ဗဟိုပြု ကြွေးကြော်ပြီး ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ဒေါက်တာဖေမြင့်ကတော့ အစိုးရ သတင်းစာတွေကို ပုဂ္ဂလိက သတင်းစာတွေနဲ့ စီးပွားရေးအရ ပြိုင်ဆိုင်မှု မဖြစ်စေဘဲ ပြည်သူကို မျက်နှာမူတဲ့ မီဒီယာ တစ်ခု ဖြစ်လာဖို့ လုပ်မယ်လို့ ဆိုထားပါတယ်။      ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့မှာ ပြန်ကြားရေး တာဝန် ယူခဲ့တဲ့ ဦးရဲထွဋ်ကို နမူနာ ယူဖို့ပဲ ဒေါက်တာ ဖေမြင့်ကို တိုက်တွန်း ချင်ပါတယ်။     ဦးရဲထွဋ်က ပုဂ္ဂလိက မီဒီယာတွေကို ရင်းနှီးမြှုပ်နှံမှု အရ တောင့်ခံနိုင်စွမ်း မရှိအောင် ပြည်သူ့ ဘဏ္ဍာငွေကို အသုံးပြုပြီး ကုန်ကျစရိတ်နဲ့ ကိုက်ညီတဲ့ သတင်းစာ ဈေးနှုန်း မပြောင်းပဲ ဖြန့်ချိဈေး ကျပ် ၅၀ နဲ့ ထုတ်ဝေခဲ့ပါတယ်။ပြီးတဲ့နောက် ကြော်ငြာခ ငွေကို သုံးကြိမ် လျော့ချပြီး ထိုးနှက်မှု လုပ်ခဲ့ပါတယ်။ ဒီအချက်ကို ပုဂ္ဂလိက သတင်းဂျာနယ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဒေါက်တာဖေမြင့်လည်း သိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်မှု လုပ်နိုင်မယ်လို့ ထင်ပါတယ်။ဒုတိယ အချက်က ဥပဒေပိုင်း ကိစ္စ ဖြစ်ပါတယ်။ ဦးရဲထွဋ်ရဲ့ လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ မီဒီယာ ဥပဒေ သုံးရပ်လုံးရဲ့ အခြေအနေကို စာနယ်ဇင်း ကောင်စီ(ယာယီ) ဦးဆောင်သူ ဖြစ်တဲ့ ဒေါက်တာဖေမြင့် သိပါတယ်။  အခွင့်အရေး ပိုရဖို့ တောင်းဆိုတာမျိုး မဟုတ်ဘဲ ဂျာနယ်လစ်တွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ အစစ်အမှန် ဖြစ်ဖို့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ၊ သတင်း မီဒီယာ ဥပဒေ နှစ်ခုလုံးကို ပြင်ဆင်ရမှာပါ။ ဘယ်အချက်တွေ ပြင်ရမလဲ ဆိုတာကို ထဲထဲဝင်ဝင် သိထားပြီး ဖြစ်လို့ ထပ်ပြောစရာ မလိုတော့ပါဘူး။မျှတတဲ့ ဈေးကွက် ယှဉ်ပြိုင်မှု ဖြစ်ပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေ ပေါ်လာစေဖို့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကိုလည်း မလွဲမသွေ ပြင်ရဦးမှာပါ။ဒီနေရာမှာ မပြေးသော် ကန်ရာရှိ ဆိုသလို Sky Net ရဲ့ ခြေလှမ်းတွေကိုလည်း သတိထား နေရပါတယ်။ သူတို့က NLD အစိုးရ မဖြစ်ခင် အချိန်ကတည်းက NLD ကို ချဉ်းကပ် ထားသူတွေပါ။ အထူးသဖြင့် NLD ကျန်းမာရေး ကွန်ရက်က ဒေါက်တာ တင်မျိုးဝင်းနဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အချို့ဟာ ရွှေသံလွင် ကုမ္ပဏီနဲ့ ခင်မင်ရင်းစွဲ ရှိနေပါတယ်။ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် တုန်းကလည်း NLD ပညာရေး ကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် တိုက်ရိုက် ထုတ်လွှင့်ကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ ကို Sky Net က လှူဒါန်းခဲ့သလို လေလံတင် ရောင်းချခဲ့တဲ့ (ဒေါ်အောင်ဆန်းစုကြည်၏) သိုးမွှေး ဆွယ်တာကိုလည်း ၄၅၂ သိန်းပေးပြီး ဝယ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း လုပ်တဲ့ NLD ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲတွေကိုလည်း ရွှေသံလွင်ပိုင် ရွှေထွဋ်တင်ကွင်းမှာ လုပ်ခဲ့တာ ရှိပါတယ်။နောက်ပိုင်းမှာ ရွှေသံလွင်ရဲ့ အလှူငွေ ပေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတော့ဘူးလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သင်္ကြန်ကာလ နေပြည်တော် Sky Net မဏ္ဍပ်က အရေးကြီး ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အရာရှိကို နှစ်သစ်ကူး လက်ဆောင် ငွေကျပ် သိန်း ၅၀ ပေးတဲ့ ဖြစ်စဉ် ပေါ်ခဲ့ပါတယ်။ဒီသိန်း ၅၀ ဖြစ်စဉ်ကို သတိပေးခဲ့ပြီး အဲဒီ ငွေတွေကို သနပ်ပင် ကျေးရွာက ရွာငါးရွာမှာ ရေကန်ဟောင်း ငါးကန် တူးဖော်ဖို့ လှူဒါန်း ခဲ့ပါတယ်။ ဒီအချိန်မှာပဲ သနပ်ပင်မှာ ရှိတဲ့ ကျေးရွာတွေက ရေကန် ၄၀ ကို ပြန်လည်ပြုပြင် တူးဖော်ဖို့ ရွှေသံလွင် Sky Net က အလှူငွေ ကျပ်သိန်း ၄၀၀ လှူဒါန်းတဲ့ သတင်း ထွက်လာပါတယ်။ သိန်း ၄၀၀ လှူ ဒါန်းမှုဟာ သိန်း ၅၀ နှစ်သစ်ကူး လက်ဆောင် ကိစ္စနဲ့ ဆက်နွှယ်ခြင်း ရှိ၊ မရှိ မသိရပါဘူး။ဒါပေမဲ့ နေပြည်တော် Sky Net မဏ္ဍပ် ဖွင့်ပွဲကို ဒေါက်တာ ဖေမြင့်လည်း တက်ရောက် ခဲ့တဲ့ အပြင် စာနယ်ဇင်း ကောင်စီ(ယာယီ) မှာ လုပ်တုန်းက Sky Net နဲ့ Forever Group က ကိုယ်စားလှယ် ကောင်စီဝင်တွေနဲ့လည်း ရင်းနှီးမှု ရှိထားသူ ဖြစ်ပါတယ်။ဒီလို ရင်းနှီးမှုတွေကြောင့် ရုပ်သံ ဥပဒေ ပြင်ဆင်ရေးမှာ နှောင့်နှေး စရာတွေ ရှိနေမယ်လို့ မထင်ပါဘူး။အခု ချိန်မှာ မီဒီယာ နယ်ပယ်က လူတွေက သိချင်နေတာက ဒေါက်တာ ဖေမြင့်ရဲ့ ပြန်ကြားရေး မူဝါဒပိုင်း ဆိုင်ရာ ဖြစ်ပါတယ်။အင်တာဗျူးတွေမှာ ယေဘူယျ ဖြေဆိုနေတာမျိုး မဟုတ်ဘဲ အစိုးရ သတင်းစာတွေကို ပုဂ္ဂလိကနဲ့ စီးပွားပြိုင်ဖက် မဖြစ်အောင် ဘယ်လို လုပ်မယ်၊ ထိန်းချုပ်ထားတဲ့ ဥပဒေတွေကို ဘယ်လို ပြင်ဆင်ပေးမလဲ ဆိုတာ တိတိကျကျ သိချင်ကြပါတယ်။ ဒါတွေဟာ ပုဂ္ဂလိက မီဒီယာပိုင်းက တောင်းဆိုရမယ့် ကိစ္စတွေ မဟုတ်ဘဲ ဝန်ကြီး ဌာနက ဦးဆောင် လုပ်ပေးရမယ့် ကိစ္စတွေ ဖြစ်နေလို့ပါ။ဒီနေရာမှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို လျော့ချဖို့လည်း အချက် တစ်ချက် ပါဝင်နေပါတယ်။ အစိုးရ သတင်းစာတွေ မြတ်တယ် ဆိုပေမယ့် ပြည်သူ့ဘဏ္ဍာငွေ အသုံးပြုပြီး ဝယ်ယူခဲ့တဲ့ စက်ပစ္စည်း တန်ဖိုး၊ အဆောက်အဦတွေရဲ့ တန်ဖိုး၊ ကိုယ်ပွား သတင်းစာတိုက်တွေ၊ ဝန်ထမ်း စရိတ်တွေ၊ ပြုပြင် ထိန်းသိမ်း စရိတ်တွေကို ထည့်ပေါင်းရင် အရှုံးပေါ်မှာ သေချာပါတယ်။ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေကို လျော့ချတဲ့ အခါ အရင် အစိုးရ လက်ထက်က ဝါဒ ဖြန့်ချိရေး ဘယ်လို နေရာတွေမှာ သုံးခဲ့သလဲ ဆိုတာ စိစစ် ရပါဦးမယ်။ ဦးရဲထွဋ် လက်ထက်မှာတော့ သူ့ကို ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားလို့ စွပ်စွဲတဲ့ အထိ ဝါဒ ဖြန့်ချိရေး ယန္တရား အပေါ် သံသယ ရှိခဲ့ပါတယ်။ ဝန်ကြီး ဌာနတွင်းမှာ အရင် အစိုးရ လက်ထက် ဝါဒ ဖြန့်ချိရေးနဲ့ ဆက်နွှယ် နေသူတွေ ရှိနေဦးမှာပါပဲ။ အဲဒီ လူတွေအတွက် ဘတ်ဂျက်တွေ ဘယ်လို ရေးဆွဲထားလဲ၊ ဝန်ထမ်း ဘယ်လောက် သုံးထားလဲ ဆိုတာ စိစစ်နိုင်ရင် ဘတ်ဂျက် လျော့ချလို့ ရတဲ့ ကဏ္ဍတွေ ပေါ်လာပါလိမ့်မယ်။ဒီလို မဟုတ်ဘဲ ဒေါက်တာ ဖေမြင့်ရဲ့ ပြန်ကြားရေး မူဝါဒဟာ ဦးရဲထွဋ် ချမှတ်ခဲ့တဲ့ မူဝါဒ အတိုင်းပဲ ဆက်ဖြစ်နေမယ် ဆိုရင် လွတ်လပ်ပြီး မှန်ကန် မျှတတဲ့ ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်ဖို့ ရုန်းကန်နေရဦးမှာ ဖြစ်ပြီး မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်း အာဆီယံမှာ မော်ကြွားနိုင်ဖို့ လမ်းစ မမြင်ကြောင်း ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ် မေတ္တာစာ ရေးလိုက် ရပါတယ်။ 

ပြန်ကြားရေးဝန်ကြီးဌာနက နှစ်အလိုက်တောင်းခံခဲ့သော ဘတ်ဂျက်စာရင်း (ကျပ် သန်းပေါင်း)
ခုနှစ်
ရငွေ
သုံးငွေ ( BE ခွင့်ပြု )
ထပ်တိုးတောင်းဘတ်ဂျက်
၂၀၁၁-၂၀၁၂
၁၅၁၀၉ ဒသမ ၄၈၁
၂၆၈၄၉ ဒသမ ၉၂၃
၄၂၁၀ ဒသမ ၈၃၄
၂၀၁၂-၂၀၁၃
၂၉၁၂၃ ဒသမ ၄၈၂
၄၈၇၄၄ ဒသမ ၄၆၃
၁၆၉၁၁ ဒသမ ၉၉၅
၂၀၁၃-၂၀၁၄
၂၉၁၄၃ ဒသမ ၄၈၉
၈၂၀၀၂ ဒသမ ၂၁
၄၈၇၇ ဒသမ ၈၁၂
၂၀၁၄-၂၀၁၅
၂၇၂၈၅ ဒသမ ၀၇၄
၈၄၂၁၀ ဒသမ ၆၁၆
၄၂၀၃ ဒသမ ၅၇၁
၂၀၁၅-၂၀၁၆
၄၁၀၂၃ ဒသမ ၄၈၃
၇၀၇၃၄ ဒသမ ၄၉၄
၄၆၈၄ ဒသမ ၈၈၄
၂၀၁၆-၂၀၁၇
၃၆၀၇၈ ဒသမ ၅၁၈(လျာထား)
၆၁၃၃၄ ဒသမ ၄၁၉(လျာထား)

             -

မှတ်ချက်။  ။ ဥပဒေချုပ်ရုံးက နှစ်အလိုက် ထုတ်ဝေသော ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များနှင့် ကြေညာချက်များ ပေါင်းချုပ် စာအုပ်များမှ ရယူသည်။