ကုန်သလောက် ဖြစ်နေတဲ့ မြန်မာ့သယံဇာတတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်နေတဲ့ ကျောက်မီးသွေး ထုတ်လုပ်မှုလုပ်ငန်း အခြေအနေတွေကို NLD အစိုးရ လက်ထက်မှာ ထိန်းချုပ်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ သတ္တုမိုင်းတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေရသလို မြစ်တွေ တိမ်ကောမှုတွေလည်း ဖြစ်နေရပါတယ်။ အခြေအနေ အဆိုးဆုံးက သတ္တုမိုင်းတွေ တူးဖော်ဖို့ မြေသိမ်းယူရာမှာ မြေယာလျော်ကြေး မရတာမျိုး ကြုံနေရတဲ့အပြင် အိမ်ရှိလူကုန် အလုပ်လုပ်ရတဲ့ လယ်ယာလုပ်ငန်းရဲ့ မြေက အသိမ်းခံလိုက်ရချိန်မှာ မြေသိမ်းတဲ့ သတ္တုကုမ္ပဏီက အလုပ်ပြန် မပေးနိုင်လို့ ဘဝရပ်တည်ရေးပါ ခက်ခဲလာတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ကြုံလာနေရလို့ပါ။ ဒါ့ကြောင့် ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် မြန်မာနိုင်ငံမှာ ရှိနေတဲ့ သတ္တုထုတ်လုပ်မှု အခြေအနေတွေနဲ့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကနေ ဒီနေ့အချိန်အထိ ပြီးပြတ်အောင် ဖြေရှင်းပေးနိုင်မှု မရှိသေးတဲ့ ဖားကန့်က ကျောက်စိမ်းထုတ်လုပ်မှု အကြောင်းတွေနဲ့ အရေးယူမှု အခြေအနေတွေကို စာဖတ်သူများ ဝေဖန် သုံးသပ်နိုင်အောင် တင်ပြလိုပါတယ်။တရုတ်ပြည် နယ်စပ်နဲ့ကပ်လျက် သတ္တုမိုင်းများ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ အသစ်ဖော်ဆောင်တဲ့ မိုင်းတွင်း ဧရိယာဟာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ မိုင်းတွင်းတွေရဲ့ ၈၁ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတယ်လို့ ဧပြီ ၂၇ရက်က ထုတ်ပြန်တဲ့ ၂၀၀၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ သတ္တုတူးဖော်ရေး ဧရိယာ အပြောင်းအလဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ၊ သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရန် အခြေခံ အချက်အလက် စုဆောင်းခြင်းနှင့် ပတ်သက်တဲ့ လေ့လာမှုစာတမ်းက ဆိုပါတယ်။ဒီစာတမ်းမှာဆိုရင် ဂြိုဟ်တုပုံရိပ်တွေက လေ့လာချက်အရ ထင်ရှားတဲ့ မိုင်းတွင်းတွေ၊ သတ္တုတွင်း တူးဖော်မှုဆိုင်ရာ အပြောင်းအလဲ စာရင်းတွေ ဖော်ပြထားပြီး ကချင်ပြည်နယ်မှာ ၂၀၀၂ ခုနှစ် ကတည်းက လုပ်ကိုင်နေတဲ့ မိုင်းတွင်းဧရိယာ ၅၃၄၈ ဟက်တာနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ဆိုရင် ၆၆၂၁ဟက်တာ ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှာဆိုရင် မိုင်းတွင်း ဧရိယာ စုစုပေါင်း ၁၄၇၁၆ ဟက်တာအထိ ရှိနေတယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုင်းတွင်းတွေက သက်ဆိုင်ရာက တရားဝင် ခွင့်ပြုချက် ပေးထားလား၊ မပေးထားဘူးလားဆိုတာ သိရှိရမှု မရှိဘဲ စစ်ကိုင်းတိုင်းမှာဆိုရင် မိုင်းလုပ်ငန်းက တရားဝင်ရော တရားမဝင်ပါ တူးဖော်နေမှု များနေတယ်လို့ စိမ်းလန်း အမိမြေရဲ့ ဥက္ကဋ္ဌဦးဝင်းမျိုးသူက ဆိုပါတယ်။“အဲဒီ သတ္တုမိုင်းတွေက ဒေသဆိုင်ရာက ပေးထားလား။ မပေးထားလားဆိုတာ ဒီအဆင့်မှာ ခွဲခြားနိုင်ခြင်း မရှိသေးဘူး။ ဆက်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒီကိစ္စကို စိတ်ဝင်စားတဲ့ ပြည်သူတွေက အောက်ခြေမှာ ဆက်မေးရမယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ခွင့်ပြုထားတဲ့ မိုင်းတွင်းတွေလား။ အဲဒါ မဟုတ်ဘူးဆိုရင် သူတို့ကို ဒီအတိုင်း လွှတ်ထားမလား” ဟု ဦးဝင်းမျိုးသူက ပြောပါတယ်။အရေးပေါ် ဖားကန့်ဖားကန့်မှာ အလွန်အကျွံ တူးဖော်ထုတ်ယူနေတဲ့ ကျောက်စိမ်း ထုတ်လုပ်မှုတွေနဲ့ ဒီလိုကျောက်စိမ်း ထုတ်လုပ်မှုအတွက် တရားမဝင် တင်သွင်းလာတဲ့ယာဉ်၊ ယန္တရားတွေအတွက် ဦးသိန်းစိန် အစိုးရ လက်ထက် စုံစမ်းစစ်ဆေးတဲ့ အခြေအနေတွေက ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် လက်ရှိအခြေအနေမှာ ပြန်လည်စစ်ဆေးဖို့ မျှော်လင့်နေတယ်လို့ ဒေသခံ ပြည်သူလူထုတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက မျှော်လင့်နေပါတယ်။“ပြီးခဲ့တဲ့ အစိုးရ မဆင်းခင် အချိန်အတွင်းမှာ ကျောက်စိမ်းတူးဖော်မှု အလွန်အကျွံ လုပ်လာခဲ့တာတွေကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ခဲ့ပေမဲ့ မထိရောက်ခဲ့ပါဘူး” ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးလမောင်လတောင်က ပြောကြားတယ်။ဒီလို မထိရောက်တဲ့အတွက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်တဲ့ ကော်မရှင် ဖွဲ့စည်းဖို့ NLD အစိုးရသစ်ကို တောင်းဆိုပါတယ်လို့ တောင်းဆိုမှုပြုခဲ့ပြီး တကယ်လို့သာ NLD အစိုးရက စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို မဖော်ထုတ်ဘူး ဆိုရင်တော့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအနေနဲ့ ဒေသခံတွေ ပါဝင်တဲ့ လွတ်လပ်သော ဖားကန့် ကျောက်စိမ်းတူးဖော်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ဖားကန့်ကို ကွင်းဆင်းသွားတဲ့ NLD အစိုးရအဖွဲ့က သယံဇာတဝန်ကြီး ဖားကန့်အရေးနဲ့ ပတ်သက်ပြီး အရင်အစိုးရ လက်ထက်မှာ လေးကြိမ်တိတိ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန် အထိတော့ ပြည်သူတွေ လိုချင်တဲ့ ဖားကန့်က ကျောက်စိမ်းထုတ်တဲ့ ကုမ္ပဏီတွေကို ဘယ်သူတွေ ချုပ်ကိုင်ထားတယ်။ မြန်မာ့ကျောက်စိမ်းတွေကို ဘယ်လိုပုံစံနဲ့ ခိုးထုတ်ခဲ့တယ်။ ဘယ်လိုပုံစံနဲ့ လာဘ်ပေးပြီး မြန်မာနိုင်ငံသားတွေပဲ ထုတ်လုပ်ခွင့်ရှိတဲ့ ကျောက်စိမ်း ထုတ်လုပ်မှုကို တရုတ်နိုင်ငံသားတွေ ဘာကြောင့် ထုတ်လုပ်ခွင့် ရနေတယ်ဆိုတဲ့ အခြေအနေမျိူးကို ပြည်သူတွေ သိခွင့်မရသေးပါဘူး။ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက “ဖားကန့် ကျောက်စိမ်း တူးဖော်မှုအတွက် ယာဉ်ယန္တရားတွေ တရားမဝင် တင်သွင်းမှုနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက် (ဦးသိန်းစိန်အစိုးရ) မှာ စစ်ဆေးခဲ့တာကို အခုထိ ကျွန်တော်တို့ ဘာမှမသိရသေးဘူး။ ဘယ်သူတွေကို ဘယ်လို အကြောင်းကြောင့် ဘယ်အဆင့် အရေးယူလိုက်သလဲ ဆိုတာလည်း အားလုံးကို ပွင့်လင်းမြင်သာစွာ ချမပြသေးပါဘူး။ အစိုးရသစ်က ပြန်ပြီး စိစစ်မှုတွေ လုပ်သင့်ပါတယ်” ဟု ဆိုပါတယ်။လက်ရှိမှာတော့ NLD အစိုးရ အဖွဲ့က သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကတော့ ဖားကန့်ဒေသကို သွားရောက်မယ်လို့ ဆိုပါတယ်။သတ္တုထုတ်လုပ်မှုတွေကို စိန်ခေါ်ခံနေရတဲ့ဲ့ NLD အစိုးရလက်ပံတောင်းတောင် စီမံကိန်းဟာ မေလမှာ စတင်မယ်လို့ ပြောကြားထားပါတယ်။ ဒီပြဿနာရဲ့ အဆိုးဆုံး အခြေအနေကိုတော့ ပြည်သူအားလုံး သိထားပြီးသားပါ။ ဒီလို အခြေအနေမျိုးမှာ မြန်မာလုပ်သားတွေနဲ့ တရုတ် လုပ်သားတွေအကြား လစာအပါအဝင် ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ ကြုံတွေ့နေရပြီး စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေတွေအတွက် မြေယာလျော်ကြေး ပေးအပ်ထားခြင်း မရှိလို့ လွှတ်တော်ကို တင်သွင်းမယ်ဆိုတဲ့ တရုတ် CNICO က လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြဿနာလည်း ရှိနေပါသေးတယ်။ဒါ့အပြင် ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာမှာ တီကျစ်ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို တရုတ် ကုမ္ပဏီဖြစ်တဲ့ Wuxi Huaguang Electric Power Engineering ကုမ္ပဏီက ငှားယူပြီး ကျောက်မီးသွေးနဲ့ ဓာတ်အားထုတ်မယ့် အခြေအနေကို ဒေသခံတွေက ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေအတွက် အချိန်အများကြီး ယူပြီး ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ပြည်သူတွေ တကယ့်ကို ဆိုးကျိုးခံစားနေရတဲ့ ဖားကန့်လို ပြဿနာမျိုးတွေ၊ လက်ပံတောင်း တောင်လို ပြဿနာမျိုးတွေကိုတော့ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်လို့ NLD အစိုးရ အဖွဲ့ကို အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
တရုတ်ပြည်နယ်စပ် ကပ်လျက်က သတ္တုမိုင်းများနဲ့ အမြန်ဆုံး ဖြေရှင်းပေးရမယ့် ဖားကန့်အရေး
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago