တရားမျှတမှုကို အခြေခံသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ် မေ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။“ဒီနေ့ဟာ မြန်မာနိုင်ငံရှိ အလုပ်သမားကြီးများ အတွက်လည်း အဓိပ္ပာယ် ပြည့်ဝတဲ့ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သလို ပြည်သူများရဲ့ ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ မိမိတို့ရဲ့ အစိုးရသစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာလည်း တစ်လ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရသစ် အနေနဲ့ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာစေရေးအတွက် မဆုတ်မနစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေး တရားမျှတမှုအပေါ် အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးထင်ကျော်က ထည့်သွင်းပြောကြားသည်။မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အလုပ်သမားကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း သမ္မတ ဦးထင်ကျော်က ဆုတောင်းမေတ္တာ ပို့သခဲ့ပြီး ၁၈ ရာစု အတွင်းမှာ အလုပ်ရှင်များက တစ်နေ့တွင် နာရီ ၂၀ နီးပါး အလုပ်သမားများကို ခိုင်းစေခဲ့ကြကြောင်း၊ ထိုသို့ ခိုင်းစေခြင်းကို အလုပ်သမားများက မကျေနပ်ကြသည့်အတွက် ၁၈၈၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အလုပ်သမားထုက ဆန္ဒပြ တောင်းဆိုခဲ့ကြသည့်အတွက် တစ်နေ့ အလုပ်ချိန် ရှစ်နာရီသို့ လျှော့ချ သတ်မှတ်ပေးခဲ့ရကြောင်း၊ ဤသို့ဖြင့် အလုပ်သမားများ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဟု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကာ ထို့အတွက် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့ အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အလုပ်သမားနေ့ အခမ်းအနားများ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။လက်ရှိတွင် အလုပ်သမားကြီးများအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှု၊ လုပ်ငန်းခွင် ရောဂါရရှိ ခံစားရမှု လျော့နည်း ကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိစေရေးနှင့် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေး၊ လုပ်သားထု ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရန်အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အာမခံ အလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် လူမှုဖူလုံရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ သုံးပွင့်ဆိုင် စနစ်ဖြင့် ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ပေးရေးတို့အတွက် ဥပဒေများ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ခေတ်စနစ် အခြေအနေများနှင့် လိုက်လျောညီထွေမှု မရှိသည့် ဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ဦးထင်ကျော်က ထည့်သွင်း ပြောကြားသည်။သမ္မတ ဦးထင်ကျော်က “၂၀၁၆ ခုနှစ် မေ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ အလေးအနက်ထား တင်ပြလိုက်တဲ့ အချက်ကတော့ အစိုးရသစ် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးတို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့ လူနေမှုဘ၀ အဆင့်အတန်း တိုးတက် မြင့်မားရေး စတဲ့ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အလုပ်သမားကြီးများ အပါအဝင် ပြည်သူများရဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့၊ လူမှုဘ၀ လုံခြုံမှု ရရှိစေဖို့အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ အစွမ်းကုန် အားထုတ် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားရင်း အလုပ်သမားကြီးတွေ စိတ်ရဲ့ ချမ်းသာခြင်း၊ ကိုယ်ရဲ့ ကျန်းမာခြင်းတို့နဲ့ ပြီးပြည့်စုံပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု ပြောကြားသည်။ထို့ပြင် အလုပ်သမားများ အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိ ခံစားနိုင်ရန်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကုန်ထုတ်စွမ်းအား အပြည့်အ၀ ပေးနိုင်ရန် လိုအပ်သလို ထုတ်ပြန်ထားသည့် ဥပဒေများကို စဉ်ဆက်မပြတ် လေ့လာကာ အလုပ်သမားများ အချင်းချင်း သိရှိအောင် မျှဝေပြီး အလုပ်သမားထု တစ်ရပ်လုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းလည်း သမ္မတ ဦးထင်ကျော်က သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။
တရားမျှတမှုကို အခြေခံသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးထင်ကျော် ပြောကြား















