တရားဥပဒေ စိုးမိုးရန်အတွက် တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာသင့်သည့် ဥပဒေများဖြစ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ဧပြီ ၂၉ ရက်က ပြုလုပ်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သူရဦးရွှေမန်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း ၎င်း၏ဖေစ့်ဘွတ်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
အဆိုပါ အစည်းအဝေးတွင် သူရဦးရွှေမန်းက ဥပဒေ၏အထက်တွင် မည်သူမျှ၊ မည်သည့်အဖွဲ့အစည်းမျှ မရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ ဖြစ်ပေါ်မှသာ ပြည်သူများဘ၀ လုံခြုံစိတ်ချနိုင်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာသင့်သည့် ဥပဒေများ ဖြစ်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ တရားမျှတမှုမရှိသော ဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်တို့ လိုအပ်သလို ပြည်သူများကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ပြဋ္ဌာန်းပေးရန်လည်း ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် နစ်နာခဲ့ရသော ပြည်သူများကိုလည်း သက်ဆိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများမှ စာနာထောက်ထား ငဲ့ညှာစွာဖြင့် ဆောင်ရွက်ပေးခြင်းကို လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ ရှိနိုင်ကြပါစေကြောင်း ထည့်သွင်းပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ရုပ်သိမ်းရန် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည့် ဥပဒေ ၁၄၂ ခုတွေ့ရှိရပြီးဖြစ်ကြောင်း၊ ဆက်လက်လေ့လာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေသာရှိပြီး နည်းဥပဒေမရှိခြင်း၊ နည်းဥပဒေရှိပြီး အမိန့်ကြော်ငြာစာများ မထုတ်ပြန်နိုင်သေးခြင်း၊ ထုတ်ပြန်ပြီးသော အမိန့်ကြော်ငြာစာများမှာလည်း မူလဥပဒေများနှင့် ကိုက်ညီမှုမရှိခြင်း၊ လက်တွေ့လုပ်ဆောင်၍မရခြင်း စသည့်ကိစ္စရပ်များကို လွှတ်တော်ဥက္ကဋ္ဌများထံ အကြံပြု တင်ပြထားသည်။
ထို့အတူ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားဥပဒေ ထုတ်ပြန်ပြီးသော်လည်း သက်ဆိုင်ရာ ဌာနများက နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် တောင်သူလယ်သမားများအတွက် ဥပဒေပါအတိုင်း သင့်တင့်မျှတ လုံလောက်သော ၂၀၁၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် အချိန်မီ ထုတ်ချေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာ ပံ့ပိုးပေးရေး၊ ထွက်ရှိသော သီးနှံများကို ဈေးကွက်နှင့် သင့်တင့်မျှတသည့်ဈေးနှုန်း မရရှိနိုင်ခြင်း၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍လည်း ယခုတိုင်ပြီးပြတ်မှုမရှိဘဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ဌာနဆိုင်ရာများက အလေးဂရုပြု၍ ဆောင်ရွက်ပေးပါက အဆင်ပြေနိုင်ကြောင်း ကော်မရှင်က အကြံပြုထားသည်။
တရားဥပဒေ စိုးမိုးရန်အတွက် တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာသင့်သည့် ဥပဒေများဖြစ်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်း ပြောကြား















