CMP အထည်ချုပ် လုပ်ငန်းများတွင် GSP အခွန်သက်သာခွင့် ရရှိပြီးနောက်ပိုင်း အီးယူမှ အော်ဒါဝယ်ယူမှု ဆက်တိုက်မြင့်တက်လာပြီး ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ ၄၆၆ သန်းဖိုးရှိခဲ့

CMP အထည်ချုပ် လုပ်ငန်းများတွင် GSP အခွန်သက်သာခွင့် ရရှိပြီးနောက်ပိုင်း အီးယူမှ အော်ဒါဝယ်ယူမှု ဆက်တိုက်မြင့်တက်လာပြီး ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ ၄၆၆ သန်းဖိုးရှိခဲ့
Published 29 April 2016
နီလာ

အီးယူမှ GSP အခွန်သက်သာခွင့်ရရှိ ပြီးနောက် မြန်မာနိုင်ငံ၏ CMP အထည်ချုပ် လုပ်ငန်းများတွင် အီးယူမှ အော်ဒါဝယ်ယူမှု ဆက်တိုက်မြင့်တက် လာနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။
"အီးယူမှာ အများဆုံး ဝယ်တာက ဂျာမနီနိုင်ငံ ဖြစ်ပြီးတော့ ဂျာမနီက ဒေါ်လာ ၁၇၁ သန်းကျော်ဖိုးဝယ်တာ ဖြစ်ပါတယ်။ အီးယူရဲ့ Sanction လွတ်သွားတာရယ်၊ GSP ကြောင့် အများဆုံးပါတယ်။ နောက် EBA ကြောင့် လည်းပါတယ်" ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
အီးယူနိုင်ငံများမှ နှစ်အလိုက် ဝယ်ယူမှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ သန်း ၁၈၀ ခန့်၊ ၂၀၁၁ ခုနှစ်တွင် ၁၈၅ သန်းဖိုး ဝယ်ယူခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဝယ်ယူမှု အနည်းငယ် ပြန်လည်ကျဆင်းသွားကာ ဒေါ်လာ ၁၄၃ သန်းဖိုးသာ ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
၂၀၁၃ ခုနှစ်တွင် အော်ဒါဝယ်ယူမှုမှ  ဒေါ်လာ ၁၇၅ သန်းအထိ ပြန်တက်လာခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ သန်း ၃၁၀ အထိရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ ဒေါ်လာ  ၄၆၆ သန်းအထိ ဝယ်ယူခဲ့သဖြင့် ၂၀၁၄ နှင့် ၂၀၁၅ နှစ်များကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၅ ခုနှစ်က ၂၀၁၄ ခုနှစ်ထက် ရာခိုင်နှုန်း ၃၀ နီးပါး တက်လာကြောင်း သိရသည်။
"အီးယူမှာ ဂျာမနီက နံပါတ်တစ်၊ ယူ ကေက နံပါတ်နှစ်၊ စပိန်က နံပါတ်သုံး။ အမှန်အတိုင်းပြောရရင် မြန်မာပြည် အထည်ချုပ်က ဂျာမနီကြောင့် အသက်ရှင်ခဲ့တာပဲ။ ဆန်ရှင်ဖြစ်ပြီးတဲ့ နောက်ပိုင်း အော်ဒါလုံးဝမရတဲ့ အချိန်မှာ ဂျာမနီရဲ့ အော်ဒါနဲ့ပဲ Industry တစ်ခုလုံး နေနေရတာ။ ဆိုတော့ တောက်လျှောက်ဝယ်ခဲ့တာပါ" ဟုလည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
၂၀၁၅ ခုနှစ်အတွင်း CMP အထည်ချုပ်လုပ်ငန်းများမှ အော်ဒါမှာယူမှုတွင် လက်ရှိအချိန်၌ ဂျပန်နိုင်ငံက ထိပ်ဆုံးက ဦးဆောင်နေဆဲဖြစ်ပြီး အီးယူက ဒုတိယနေရာတွင် ရှိနေကာ ကိုရီးယားက တတိယမြောက် နေရာတွင် ရှိနေသည်။ ယခင်ကာလများက ဂျပန်နိုင်ငံက ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး ကိုရီးယားက ဒုတိယနေရာတွင် ရပ်တည်ခဲ့ကာ အီးယူက နံပါတ်သုံးနေရာတွင် ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အီးယူက ကိုရီးယားကို ကျော်တက်ကာ အော်ဒါဝယ်ယူမှု ဒုတိယ အများဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၄၀၀ နီးပါး ရှိနေပြီး အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသည့် အထည်ချုပ် လုပ်သားအင်အား သုံးသိန်းခွဲကျော် ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။