မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံ အဆောက်အအုံ ချိတ်ဆက်မှုများအဖြစ် တောင်-မြောက်၊ အရှေ့-အနောက်၊ အရှေ့မြောက်-အနောက်တောင်နှင့် ရန်ကုန်-မြဝတီ စီးပွားရေးစင်္ကြံများ တည်ထောင်ထား

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံ အဆောက်အအုံ ချိတ်ဆက်မှုများအဖြစ် တောင်-မြောက်၊ အရှေ့-အနောက်၊ အရှေ့မြောက်-အနောက်တောင်နှင့် ရန်ကုန်-မြဝတီ စီးပွားရေးစင်္ကြံများ တည်ထောင်ထား
Published 27 April 2016
စည်သူအောင်

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ချိတ်ဆက်မှုများအဖြစ် တောင်-မြောက်၊ အရှေ့-အနောက်၊ အရှေ့မြောက်-အနောက်တောင်၊ ရန်ကုန်-မြဝတီ စီးပွားရေးစင်္ကြံများ တည်ထောင်ထားကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းအရ သိရသည်။တောင်-မြောက် စီးပွားရေး စင်္ကြံတွင် သီလဝါ အထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး-တောင်ငူ-နေပြည်တော်-မိတ္ထီလာ-မန္တလေး-မြစ်ကြီးနားတို့ ပါဝင်ပြီး နိုင်ငံ၏ ဆက်သွယ်မှု ကျောရိုးကို တောင်-မြောက် စင်္ကြံ အနေနှင့် သတ်မှတ်ထားသည်။ ၎င်းသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့ကို ဖြတ်သန်းသွားပြီး ဂျီဒီပီ (ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး) ၏ ၅၅ ရာခိုင်နှုန်းကို ပံ့ပိုးလျက်ရှိရာ ဒေသများ ဖွံ့ဖြိုးရေးအတွက် အလားအလာ အကောင်းဆုံး အနေအထား ဖြစ်သည်။ အဆိုပါ စင်္ကြံဒေသတွင် မြန်မာနိုင်ငံ၏ လူဦးရေ အချိုးအစား ၄၈ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော အနေနှင့် ယင်းစင်္ကြံတွင် အမြန်မီးရထားလမ်း၊ ကုန်လှောင်ရုံ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတို့အတွက် သင့်တော်သော အားသာချက်များ ပေးစွမ်းနိုင်မည့် စီးပွားရေး ဥယျာဉ်များ ပါဝင်လာမည် ဖြစ်သည်။အရှေ့-အနောက် စီးပွားရေးစင်္ကြံတွင် တမူး-ကလေး-မုံရွာ-ပခုက္ကူ-မိတ္ထီလာ-တောင်ကြီး-လွိုင်လင်-ကျိုင်းတုံ-မိုင်းလား/တာချီလိတ်တို့ ပါဝင်သည်။ ယင်းစင်္ကြံသည် ထိုင်းနှင့် လာအိုကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှတစ်ဆင့် အရှေ့မြောက် အိန္ဒိယ မဏိပူရပြည်နယ်သို့ ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အဆိုပါ စင်္ကြံသည် ဒေသတွင်း နိုင်ငံများနှင့် ချိတ်ဆက်မှုတွင် အရေးပါပြီး မိုင်းလားနှင့် တရုတ်နိုင်ငံ၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံ၊ တမူးနှင့် အိန္ဒိယတို့ ကူးသန်းဆက်သွယ်နိုင်မည်ဖြစ်သည်။ ၎င်းဒေသများသည် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုတွင် ကြားခံနယ်မြေအဖြစ် အသုံးပြုနိုင်ပြီး ဒေသအတွင်း လူဦးရေ ၃၂ ရာခိုင်နှုန်း နေထိုင်လျက်ရှိကာ နိုင်ငံ့ဂျီဒီပီ တန်ဖိုး ၂၈ ရာခိုင်နှုန်းရှိသည်။အရှေ့မြောက်-အနောက်တောင် စီးပွားရေးစင်္ကြံတွင် ကျောက်ဖြူ-မကွေး-မိတ္ထီလာ-မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ-လားရှိုး-မူဆယ်တို့ ပါဝင်သည်။ ယင်းစင်္ကြံသည် ကြီးမားသော စိန်ခေါ်မှုများဖြင့် လူမျိုးစု ကွဲပြားသော ဒေသနှစ်ခုအတွင်း ပါဝင်ကာ ရှေ့သို့ တိုးတက်ရွေ့လျားနေသော စီးပွားရေး နယ်ပယ်တွင် ရှိပြီး လူဦးရေ ၃၇ ရာခိုင်နှုန်း၊ ဂျီဒီပီ ပါဝင်မှုနှုန်း ရာခိုင်နှုန်း ၃၀ ရှိသည်။ ၎င်းစင်္ကြံတွင် ပါဝင်နေသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း၊ အထူးစီးပွားရေးဇုန်၊ ကုန်ထုတ်စက်မှု ဒေသများ၊ နည်းပညာဆိုင်ရာ ထုတ်လုပ်မှု ဒေသများ၊ လယ်ယာထွက်ကုန် အခြေခံလုပ်ငန်းများနှင့်အတူ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများ တည်ရှိရာ ကုန်းတွင်းဝင်ပေါက် တစ်ခုအဖြစ် ဖွံဖြိုးလာရန် ခန့်မှန်းထားသည်။ရန်ကုန်-မြဝတီ စီးပွားရေးစင်္ကြံတွင် သီလဝါ အထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး-ဘားအံ-မြဝတီမြို့တို့ ပါဝင်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံ ချိတ်ဆက်မှုတို့အတွက် အရေးပါသည်။ ယင်းဒေသသည် မြန်မာနိုင်ငံ၏ ဂျီဒီပီ ပါဝင်မှုတွင် ၃၆ ရာခိုင်နှုန်းရှိပြီး လူဦးရေ အချိုးအစား ရာခိုင်နှုန်း ၃၀ ကျော်ရှိသည်။ ၎င်းဒေသသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး မြန်မာ-ထိုင်း ကုန်စည်များ မြဝတီ-မဲဆောက်နယ်စပ်မှတစ်ဆင့် အပြန်အလှန် စီးဝင်လျက်ရှိသည်။ ယင်းဒေသတစ်လျှောက် ဖွံ့ဖြိုးမှု အဆင့်တစ်ခုသို့ လျှောက်ရှိပါက ပဲခူး၊ သထုံ၊ ဖာပွန်မြို့တို့ကို အလားအလာရှိသော မြို့များအဖြစ် မျှော်မှန်းထားကြောင်း သိရသည်။