တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယခု ဧပြီလအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း က ပြောကြားသည်။NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကိုယ်စားလှယ်အဖွဲ့ (DEU) နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေခြင်း ဖြစ်ပြီး ၎င်းတို့သည် မတ် ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်၌တွေ့ဆုံ၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ စီစဉ်ထားတယ်။ တွေ့ဖို့တော့ သဘောထားရှိကြတယ်။ ဒီလထဲမှာပဲလို့ ကျွန်တော်တို့က အဲဒီလို ရည်ရွယ်ထားတယ်။ သင်္ကြန်ပြီးမှပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကိစ္စမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ဟာကိုပဲ ဆွေးနွေးမှာပေါ့။ ငြိမ်းချမ်းရေးသွားနေတာ ကျွန်တော်တို့က လက်မှတ်ရေးထိုးတာနဲ့ မထိုးသေးတာပဲ ကွာတာကိုး။ ရည်မှန်းချက်ကလည်း တူတဲ့အပေါ်မှာ ညီညွတ်မှုရှိဖို့က နှစ်ဖက်စလုံးက အရေးကြီးတယ်ဆိုတာကို လက်ခံထားတာကိုး” ဟု ပြောကြားသည်။NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် မထိုးရသေးသည့် အဖွဲ့တို့မှ ကိုယ်စားလှယ်များသည် ဧပြီလကုန်ဝန်းကျင်တွင် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။UNFC အထွေထွေအတွင်းရေးမှူး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ုKNPP) ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ် အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ နိုင်ငံရေးဆွေးနွေးရေး ဖြစ်စဉ်အဆင့်ဆင့်၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေးနှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းသွားမည်ဟု UNFC က ထုတ်ပြန်ထားသည်။NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ KNU ၊ RCSS/SSA ၊ PNLO ၊ CNF ၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ DKBA ၊ ABSDF နှင့် ALP တို့ဖြစ်သည်။UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ “ဝ” အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။
အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ယခု ဧပြီလအတွင်း တွေ့ဆုံရန် စီစဉ်















