“တစ်ခါ မဟုတ်တဲ့ ဒကာတွေပါ”

“တစ်ခါ မဟုတ်တဲ့ ဒကာတွေပါ”
Published 9 April 2016
ဒေါက်တာသိန်းမြင့်

၂၀၁၅ ခုနှစ် ရေဘေး    ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ၊ မြေပြိုမှုတွေစတဲ့ သဘာဝဘေးအန္တရာယ် မျိုးစုံတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာ၊ ကျေးလက်ဒေသတွေမှာ အများဆုံးနဲ့ အဆိုးဆုံး ဒုက္ခအန္တရာယ် ကြုံတွေ့ခဲ့ကြရပါတယ်။  Eleven Media Group က အလှူငွေ မ,တည်ထည့်ဝင်ကာ စေတနာရှင်တွေ စုပေါင်းထည့်ဝင်ကြတဲ့ အလှူငွေတွေနဲ့ ဆန် အိတ်ပေါင်း ၃၀၀၀၀ ကျော်၊ ၁၀ ပိဿာဝင် ဆီပုံးပေါင်း ၃၀၀၀၊ ရခိုင်ပြည်နယ်ရှိ ဧကပေါင်း ၁၁၅၀၀ အတွက် မျိုးစပါး၊ ကလေးနဲ့ ချင်းဒေသတွေအတွက် ပဲတီစိမ်း၊ နေကြာ၊ ပြောင်းမျိုးစေ့၊ စောင်၊ ခြင်ထောင် ၁၀၀၀၀ ကျော်နဲ့ လူသုံးကုန်၊ စားသောက်ကုန် အပါအဝင် ကျပ်သိန်းပေါင်းများစွာတို့ကို ခက်ခဲသည့် နေရာများအထိ သွားရောက်ပြီး ဒုက္ခသည်များ လက်ဝယ်အရောက် လပေါင်းများစွာ လုပ်ငန်းအဖွဲ့ဖွဲ့ပြီး စဉ်ဆက်မပြတ် လုပ်ငန်းကော်မတီဖွဲ့၍ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
ရွာလုံးကျွတ် ရေနစ်မြုပ်ပျက်စီး သဲ၊ နုံးဖုံးသော ဒေသတွေအနက် ကျေးရွာတစ်ရွာကို ရွေးချယ်ပြီး အရေးပေါ်ကာလ နောက်တစ်ကြိမ် ကြုံတွေ့ပါက ဘက်စုံအသုံးပြုနိုင်ရန် ဘုန်းတော်ကြီးကျောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းရန် လုပ်ငန်းအဖွဲ့ဝင်များ တိုင်ပင်ဆုံးဖြတ်ပြီး နေရာဒေသစတင် ရွေးချယ်ခဲ့ကြပါတယ်။ပထမဦးဆုံး အနေဖြင့် ဧရာဝတီမြစ်နဲ့ မုန်းမြစ်ဆုံရာ နေရာမှာရှိတဲ့ ကျေးရွာတချို့ကို အဖွဲ့ဝင်တွေ ကိုယ်တိုင်သွားရောက်ကြည့်ရှု လေ့လာကြပါတယ်။ ပြောပလောက်အောင် ပျက်စီးမှု မကြုံတွေ့ရသဖြင့် အဲဒီဒေသကို ဖယ်ထားခဲ့ပါတယ်။ နောက်တစ်ခါ တမူးနဲ့ ကလေးကြား ကားလမ်းအနီးမှာရှိတဲ့ ရွာတစ်ရွာကို လှူမယ်ကြံစည်တဲ့ အခါမှာလည်း အစိုးရက လုပ်ဆောင်ပေးမယ်ဆို၍ လက်လျှော့ခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ နေရာကတော့ ချင်းတောင်တန်းအခြေ မုံးချောင်းထိပ် အစနားမှာရှိပြီး တစ်ရွာလုံး ခေါင်မိုးအထိ ရေနစ်မြုပ်၊ သဲတွေဖုံးပြီး တစ်ရွာလုံး ပြောင်းရွှေ့ရမယ့် စေတုတ္တရာမြို့နယ်ထဲက ပွင့်တောက်ကျေးရွာ ဖြစ်ပါတယ်။
ပွင့်တောက်အနီးမှာရှိတဲ့ ငလဲကျေးရွာကလည်း ပွင့်တောက်နည်းတူ ရေဘေးဒဏ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပွင့်တောက်ရွာ အထက်နားမှာရှိတဲ့ တောင်ကုန်းဟာ ပြန့်လွင့်ပြီး ပိုင်ဆိုင်တဲ့ ယာလုပ်ငန်းရှင်တွေကလည်း ချိုသာတဲ့နှုန်းတွေနဲ့ ပြန်လည်ရောင်းချတဲ့အတွက် ရွာပြောင်းရွှေ့မှုကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဲဒီရွာမှာ အိမ်ခြေပေါင်း ၁၂၈ အိမ်ရှိပြီး တစ်အိမ်ထောင်ကို ၇၅ တောင် ပတ်လည်မြေကွက်တွေ ရိုက်၍ ပေးဝေပါတယ်။ မြေတစ်ကွက်ကို သုံးသိန်းကျသင့်ပြီး မြေကွက် အားလုံးတန်ဖိုးကို ပခုက္ကူမှ ဆရာတော်တစ်ပါးနဲ့ အခြား အလှူရှင်တစ်ဦးက ပေးလှူတယ်လို့ ရွာသားတွေ ပြောစကားအရ သိရှိရပါတယ်။
ကျေးလက်မူတန်းကျောင်းအတွက် မြေငါးဧကနဲ့ ဘုန်းတော်ကြီးကျောင်းအတွက် မြေသုံးဧက ပေးထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က သုံးဧကကျယ်တဲ့ ဘုန်းတော်ကြီး ကျောင်းဝန်းထဲမှာ ၆၅ ပေ၊ ပေ ၃၀ နှစ်ထပ် ကျောင်းဆောင်ကို စတင်ဆောက်လုပ်ရန် ပြင်ဆင်ကြပါတယ်။မုန်းချောင်းကိုဆန်၍ ကျောင်းပန္နက်ချ သွားရောက်ခြင်းပွင့်တောက်ကျေးရွာမှာ ဘုန်းကြီးကျောင်း ဆောက်လုပ်လှူဒါန်းရန် အစီအစဉ်တွေ ချမှတ်ပြီးနောက် ဆောက်လုပ်မည့်သူအား စာချုပ်ချုပ်ဆိုပြီးတဲ့အခါ ကျောင်းစတင်ဆောက်လုပ်ရန် သွားရောက်ခဲ့ကြပါတယ်။ ရန်ကုန်မှ အမြန်လမ်းအတိုင်း တောင်ညိုလမ်းဆုံ၊ အဲဒီမှ တောင်ညို-ကံပြားလမ်း အတိုင်းသွားပြီး မကွေးတွင် ညအိပ်ရပ်နားကြပါတယ်။  မကွေးမှ မနက် ၂ နာရီထ၊ မင်းဘူးမှတစ်ဆင့် ပွင့်ဖြူ -တာဘောင်လမ်းအတိုင်း သွားတဲ့အခါ မဇလီ တံတားကို ရောက်ရှိပါတယ်။
အဲဒီကတစ်ဆင့် ဆက်သွားရာ ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကံပြားလမ်းဆုံကို ရောက်ပါတယ်။ ကံပြားလမ်းဆုံမှ စေတုတ္တရာလမ်း အတိုင်းသွားရာ စေတုတ္တရာ မရောက်မီ ‘မုန်း’ ဆည်လမ်းအတိုင်း ကျောက်ကြမ်းလမ်းကို ဆက်လက်သွားပြီးတဲ့အခါ မုန်းဆည်ကို ရောက်ရှိပါတယ်။ မုန်းဆည်မှတစ်ဆင့် မုန်းချောင်းအတိုင်း ၄ နာရီခန့် ဆန်တက်ပြီးတဲ့အခါ ပွင့်တောက်ကျေးရွာကို ရောက်ရှိပါတယ်။
မုန်းဆည်က တောင်တွေ ခြံရံနေတဲ့ အလယ်မှာရှိပြီး အင်းလေကန်လောက် မကျယ်ပေမယ့် အင်းလေးကန်လိုပဲ အလွန်ပင် သာယာလှပါတယ်။ သဲသောင်လမ်းအတိုင်း ၁၀ မိနစ်ခန့် သောင်ပြင်အတိုင်း သွားပြီတဲ့အခါ ရေဘေးကြောင့် ပျက်စီးနေတဲ့ ပွင့်တောက် ကျေးရွာကို ရောက်ရှိပါတယ်။ တစ်ရွာလုံး သဲ၊ နုံးတွေ ဖုံးထားပြီး လူတစ်ရပ်ခန့်မြင့်တဲ့ ခြံစည်းရိုးတိုင်တွေဟာ ထိပ်ပိုင်းလေးသာ ပေါ်နေတာ တွေ့ရပါတယ်။နှစ်ထပ်ဘုန်းကြီးကျောင်းရဲ့ အောက်ထပ်တစ်ခုလုံး သဲတွေနဲ့ ပြည့်နေပြီး အပေါ်ထပ်အထိ သဲနုံးတွေ အမှိုက်တွေ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာရှိတဲ့ စေတီလည်း တစ်ဝက်ကျော်ကျော် နုံးနဲ့ မြုပ်နေပြီး ဘုရားရှေ့က ခြင်္သေ့တွေလည်း ခေါင်းမဖော်နိုင် ဖြစ်နေပါတယ်။ ပေ ၃၀ ခန့် မြင့်တဲ့ ခြေတံရှည်အိမ်တွေမှာ ခေါင်မိုးနားအထိ ရေတက်ခဲ့တဲ့ လက္ခဏာ တွေဖြစ်တဲ့ ရေရစ်အမှတ်တွေကို တွေ့ရပါတယ်။ ရွာသားတွေ ပြောစကားအရ အိမ်ရဲ့ထုပ်တန်းပေါ်မှာ ပိတ်မိနေရင်း ရေထပ်တိုးလာလို့ ခေါင်မိုးဖောက်ပြီး ထွက်ခဲ့ရတဲ့သူတွေ ရှိတယ်လို့ ဆိုပါတယ်။
ပွင့်တောက်ရွာဟာ မုန်းဆည်ရဲ့ အကွေ့အကောက် ရေစွယ်ထိုးတဲ့နေရာမှာ တည့်တည့်ကျရောက်နေတဲ့အတွက် နောက်တစ်ကြိမ် အခုလို အိပ်မက်ဆိုးတွေ ထပ်မမက်ရအောင် တစ်ရွာလုံးကို တောင်ပေါ်ပိုင်း ရွှေ့တည်ဆောက်ရန် ရွာသူရွာသားများက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ နံနက် ၁၀ နာရီ ထိုးနေပါပြီ။ တောင်ပေါ်မှာ နေနေရတယ်ဆိုပေမယ့် နေစရာ တည်တည်ကျကျ မရှိသေးဘဲ ဖြစ်သလို နေနေတာကို တွေ့ရပါတယ်။ တချို့ကလည်း မူလရွာမှာပဲ ရှိကြပါသေးတယ်။ ကျောင်းသားတွေလည်း ယာယီ စာသင်ကျောင်းလေးနဲ့သာ ဖြစ်သလို စာသင်ကြရပါတယ်။ ကျွန်တော်တို့မှတစ်ဆင့် အလှူရှင်တွေ လှူဒါန်းထားတဲ့ဆန်တွေ လုံလုံလောက်လောက် လှူဒါန်းထားတဲ့အတွက် ဆန်အတွက်တော့ သူတို့အားလုံး စိတ်အေးနေကြပုံ ရပါတယ်။
တခြားအလှူရှင်များကလည်း လှူဒါန်းမှုမျိုးစုံ လှူဒါန်းထားတာ တွေ့ရပါတယ်။ ကျောင်းပန္နက်ချအတွက် အနီးဝန်းကျင်မှ ဆရာတော် သံဃာတော်တွေနဲ့အတူ တစ်ရွာလုံးကို စတုဒီသာ ကျွေးမွေးတဲ့အတွက် သူတို့တစ်တွေ ပျော်ရွှင်မဆုံး ဖြစ်နေကြပါတယ်။ တည်ဆောက်မယ့် ကျောင်းပုံသဏ္ဌာန်ကိုလည်း ပုံစံပြသထားပါတယ်။ ဝေးလံခေါင်သီတဲ့ နေရာမှာ ဒီလိုနှစ်ထပ်ကျောင်းမျိုး လာဆောက်ပေးတာကတော့ သူတို့အတွက် အိပ်မက်လို့ ထင်နေပုံရပါတယ်။ကျောင်းဆောက်လုပ်ခြင်းဘုန်းတော်ကြီးကျောင်းကို လေးလနဲ့ အပြီးဆောက်လုပ်ရန် ကျွန်တော်တို့ စီစဉ်ကြပါတယ်။ အဲဒီအရပ်မှာ သစ်တွေအလွန်ပေါပေမယ့် နှစ်ထပ်ကျောင်းဆောင် ဆောက်လောက်အောင်တော့ လုံလောက်မှု မရှိပါဘူး။ အဲဒါကြောင့်လည်း ခိုင်ခံ့တည်မြဲမှုကို ဦးတည်ပြီး Steel Structure နဲ့ဆောက်ရန် စီစဉ်ခဲ့ကြပါတယ်။ ဝါကျွတ်ပြီးနောက်ပိုင်း မုန်းဆည်အတွင်းမှာ ရေလမ်းကြောင်း ကျယ်ပေမယ့် မုန်းချောင်းအတွင်းမှာ မော်တော်ကြီးတွေ သွားရန် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အချိန်မီ ပြီးစီးနိုင်ရေးတွက် သံထည်ပစ္စည်းများကို ပို့ဆောင်ရာတွင် လွန်စွာအခက်အခဲ တွေ့ခဲ့ရပြီး သစ်လုပ်ငန်းမှ ကားကြီးတွေလည်း ဝိုင်းဝန်း ကူညီပေးကြပါတယ်။ ချောင်းတစ်ဖက်ကမ်းရှိ မကြီးကျေးရွာမှတစ်ဆင့် ပွင့်တောက်ဘက်ခြမ်းကို ရွာသားတွေရဲ့ ခက်ခက်ခဲခဲ ကူညီမှုနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အားလုံးရဲ့ ဝိုင်းဝန်းပါဝင်မှုကြောင့် ပွင့်တောက်ဘုန်းကြီးကျောင်း နှစ်ထပ်ဆောင်ဟာ လေးလမပြည့်ခင် ပြီးစီးခဲ့ပါတယ်။
ကျောင်းရေစက်ချအလှူကျောင်းရေစက်ချ အလှူကို မတ် ၂၇ ရက်မှာ ပြုလုပ်ရန် စီစဉ်ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ မုန်းချောင်းဟာ ရေအလွန်နည်းသွားပြီ ဖြစ်တဲ့အတွက် ကားလမ်းအတိုင်းသွားရန် ဆုံးဖြတ်ကြပါတယ်။ ၂၆ ရက် မနက် ၅ နာရီ ရန်ကုန်က ထွက်ခဲ့ပြီး ပွင့်တောက်ကျောင်း အရောက် ၁၃ နာရီ ကြာပါတယ်။ စေတုတ္တရာ-ဆောလမ်းအတိုင်း သွားပြီး ဘူးလမ်းခွဲအတိုင်း ၂ နာရီခန့်သွားရတဲ့ ခရီးဟာ အလွန်ကြမ်းတမ်းလှပါတယ်။ ရေဘေးကြောင့် ကျိုးနေတဲ့ တံတားတွေကို တွေ့ရပြီး တံတားအောက်ဘက် လမ်းကနေ ခက်ခက်ခဲခဲ သွားရတာမျိုးလည်း ရှိပါတယ်။
ရွာကိုရောက်တဲ့ အချိန်မှာ ညနေ ၆ နာရီ ရှိပါပြီ။ အချိန်လေးရသေးတဲ့အတွက် ရွာကို လှည့်ပြီး လိုက်ကြည့်ပါတယ်။ အိမ်တော်တော်များများ ဆောက်ပြီးနေတာ တွေ့ရပါတယ်။ ချင်းအိမ်တွေဟာ ခြေတံရှည်ဖြစ်ပြီး သစ်လုံးတိုင်တွေနဲ့ အများစု ဆောက်ထားတာကို တွေ့ရပါတယ်။ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ တော်တော်ကြည့်ကောင်းပါတယ်။ တစ်အိမ်ကို လက်သမားဆရာ ခြောက်ယောက်လောက်နဲ့ တစ်ပတ်လောက် ဆောက်ရပြီး လက်သမားခက သုံးသိန်းခွဲ၊ လေးသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ တစ်အိမ်ကုန်ကျစရိတ်က ၁၀ သိန်းလောက်ရှိပြီး နိုင်ငံတော်မှ သုံးသိန်းစီ ပေးတယ်လို့ သူတို့ပြောစကားအရ သိရပါတယ်။
အခုတော့ မုန်းချောင်းဘေးက ရွာဟောင်းရွာပျက်ကြီးကို ထားခဲ့ပြီး သူတို့အားလုံး နှစ်ထပ်ဘုန်းကြီးကျောင်းနဲ့ ရွာသစ်ကြီးမှာ အဆင်ပြေနေကြပါပြီ။ မုန်းချောင်းထဲကရေကို ပိုက်နဲ့သွယ်ပြီး ရေကန်ထဲ ထည့်သုံးတဲ့အထိ ပြည့်စုံနေကြပါပြီ။ အဲဒီရွာလေးမှာ ကျွန်တော်တို့ ညအိပ်ကြပါတယ်။ ရွာမှာ ခြင်လုံးဝမရှိဘဲ လေတဖြူးဖြူး အေးစိမ့်စိမ့်နဲ့ ကျွန်တော်တို့ အားလုံး စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ခဲ့ကြပါတယ်။ မနက် ၆ နာရီမှာ ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းကပ်ပြီး ကျောင်းကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
အဲဒီလှူဒါန်းပွဲမှာ ပွင့်တောက်ကျောင်း ဆရာတော်က “တစ်ခါလား ဒကာလား” လို့မေးခန်း မိန့်ကြားတဲ့အတွက် ကျွန်တော်ကလည်း ဒီကိုမလာခင်မှာပဲ CEO ဒေါက်တာ သန်းထွဋ်အောင်က “ဆရာရေ ကျွန်တော်တို့  လှူဖို့ နောက်တစ်ကြောင်း တိုးလာပြန်ပြီ။ နာဂစ်တုန်းက လှူခဲ့တဲ့ မုန်တိုင်းဒဏ်ခံ သကြားဟင်းအိုး ဘုန်းတော်ကြီးကျောင်းလိုပဲ အခု ရေဘေးဒဏ်ခံခဲ့ရတဲ့ ပွင့်တောက် ဘုန်းတော်ကြီးကျောင်းကိုလည်း နှစ်စဉ် ဝါဆိုသင်္ကန်းကပ်ပြီး ကထိန်ခင်းပေး ရတော့မယ်” ဆိုတဲ့ စကားကို ဆရာတော်အား ပြန်လည် လျှောက်ကြားလိုက်ပါတယ်။တပည့်တော်တို့က ဆရာတော် မိန့်ကြားတဲ့အတိုင်း တစ်ခါလာပြီး ပျောက်သွားတဲ့သူတွေ မဟုတ်ပါဘူး။ “တစ်ခါမဟုတ်တဲ့ ဒကာတွေ” ဖြစ်တဲ့အကြောင်း ဆရာတော်ကို ပြန်လည် လျှောက်တင်လိုက်ပါတယ်။