စပါးဈေးနှိမ် ဝယ်သူများနှင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေး

စပါးဈေးနှိမ် ဝယ်သူများနှင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေး
Published 8 April 2016
သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက တောင်သူလယ်သမား အချို့ သူတို့ရဲ့ စပါးတွေ ဈေးမရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ လာပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ 
■ ကျလာတဲ့ စပါးဈေးအဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် အချို့က စပါးစိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမား အချို့ တက်ရောက်ခဲ့ကြပြီး စပါးတွေကို ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ကြပါတယ်။ ဆန်ကုန်သည် ပွဲစားများက တောင်သူလယ်သမားတွေ ဆီကနေ စပါးကို ဝယ်ယူရာမှာ နဂိုက ပေါက်ဈေးထက် ဈေးနှိမ် ဝယ်ယူနေကြတာကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရတာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ ယခင် စပါး တင်း ၁၀၀ ကို ကျပ် ခြောက်သိန်းခန့် ဈေးပေါက်နေရာက တောင်သူတွေဆီမှာ စပါး လှိုင်လှိုင် ထွက်လာတဲ့ မတ်လကုန် ဧပြီလဆန်းမှာတော့ စပါးဈေးက တင်း ၁၀၀ ကို စပါး အမျိုးအစားအလိုက် ကျပ်လေးသိန်းခွဲခန့်ကနေ ကျပ် ၄၈၀၀၀၀ သာပေးပြီးတော့ ပွဲစားတွေက ဝယ်ယူနေတာကြောင့် အခက်တွေ့နေကြရတာ ဖြစ်တယ်လို့ တောင်သူလယ်သမားတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။ 
■ ညှိထားကြသလားဒီလို ဈေးနှိမ် ဝယ်ယူမှုတွေ အပြင် စပါး ဝယ်ယူရာမှာလည်း အချို့ပွဲစားတွေက ငွေကို လက်ငင်း မပေးဘဲ သင်္ကြန်အပြီးမှ ငွေပေးချေမယ် ဆိုပြီး ဝယ်ယူမှုတွေလည်း ရှိနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ စပါးကို ဆန်ကုန်သည် ပွဲစားတွေထံ မရောင်းဘဲ ဆန်စက်ပိုင်တွေဆီ တိုက်ရိုက် သွားရောင်းတဲ့ အခါမှာလည်း စက်ပိုင် အများစုက ပွဲစားတွေပေးတဲ့ ဈေးထက် နည်းတဲ့ဈေးသာ ပေးတာကြောင့် ပွဲစားတွေနဲ့ ဆန်စက်ပိုင်ရှင်တွေ ညှိပြီး စပါးကို ဈေးနှိမ် ဝယ်ယူကြတာလို့ ထင်မြင်မိကြောင်း တောင်သူအချို့ရဲ့ ပြောကြားချက်တွေကို မီဒီယာတွေမှာ တွေ့လိုက်ရပါတယ်။ ဒီအတွက် လက်ရှိ ဖြစ်ပေါ်နေတဲ့ စပါးဈေးနှိမ် ဝယ်ယူမှုတွေကို လက်ရှိ အစိုးရ သိရှိစေဖို့နဲ့ တောင်သူ လယ်သမားတွေကို အတိုးနှုန်း သက်သာစွာနဲ့ စိုက်ပျိုးစရိတ်တွေကို ချေးပေးနိုင်ဖို့အတွက် တောင်သူတွေက သတင်းစာ ရှင်းလင်းပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 
■ အတက် အကျတကယ်တော့ ဒီလို တောင်သူတွေဆီက စပါးကို ဈေးနှိမ်ပြီး ဝယ်တဲ့ ဖြစ်ရပ်တွေက အမြဲလို ဖြစ်နေတဲ့ အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။ တောင်သူတွေ လက်ထဲ စပါး မရှိချိန်မှာ စပါးဈေးတွေဟာ အမြင့်ဈေးမှာ ရှိနေပြီး စပါးလှိုင်လှိုင် ပေါ်ချိန်မှာတော့ စပါးဈေးတွေ ထိုးကျသွားကာ တောင်သူတွေ လက်ထဲမှာ စပါး မရှိတော့တဲ့အချိန် ပြန်ရောက်ရင် စပါးဈေး ပြန်တက်တာဟာ နှစ်စဉ်လို ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒီလို တောင်သူလက်ထဲမှာ စပါး ရှိနေချိန်မှာ ဈေးတွေ ထိုးကျတဲ့ အခြေအနေကြောင့် တောင်သူ လယ်သမားတွေဟာ ရသင့် ရထိုက်တဲ့ ငွေကြေးတွေ မရတော့ဘဲ အချို့ဟာ အရှုံးပေါ်ရတဲ့ အခြေအနေတွေကို ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ စပါးဈေး မရတဲ့ နောက်တော့ အချို့ တောင်သူတွေဟာ ချေးယူထားတဲ့ စိုက်စရိတ် ချေးငွေတွေကို ပြန်မဆပ်နိုင်တဲ့ ဖြစ်ရပ်တွေဟာလည်း မကြာခဏဆိုသလို ကြားသိနေရတဲ့ ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ 
■ ထိုးအပ်အမှန်တကယ်တော့ တောင်သူ လယ်သမားတွေ ယနေ့ ရရှိနေတဲ့ တစ်ဧက စပါးစိုက်စရိတ် ချေးငွေတွေဟာ လယ်ယာထဲမှာ တစ်ဧက ပေါင်းရှင်းခလောက်ပဲ ရှိနေပါတယ်။ ပုဂ္ဂလိကဘဏ်တွေ အလျှိုလျှို ပေါ်လာပေမယ့်လည်း တောင်သူ လယ်သမားတွေအတွက် ချေးငွေ ထုတ်ချေးဖု့ိ အခြေအနေတွေ မတွေ့ရသေးပါဘူး။ ရင်းနှီးတဲ့ငွေ နည်းပါးခြင်းရဲ့ အကျိုးဆက်အဖြစ် တောင်သူလယ်သမားတွေဟာ သီးနှံစိုက်ပျိုးဖို့ အတိုးနှုန်းကြီးတဲ့ ပြင်ပချေးငွေတွေကို ယူကြရသလို အချို့ကလည်း နောင်ထွက်လာမယ့် သီးနှံကို ငွေရှင်ကြေးရှင်များထံ ကြိုပြီး ရောင်းချထားမှုတွေ ပြုလုပ်ကြလေ့ ရှိပါတယ်။ အဲဒီနောက်မှာတော့ တောင်သူလယ်သမား အချို့ဟာ အကြွေးသံသရာထဲမှာ လည်ပတ်နေကြရပြီး စိုက်ဖို့ အကြွေးယူ၊ သီးနှံထွက်တော့ စားဖို့နဲ့ မျိုးစေ့အတွက် ဖယ်ပြီး ကျန်တာ ကုန်သည်ပွဲစားတွေ လက်ထဲ ထိုးအပ်နေကြရတာ ဖြစ်ပါတယ်။ ကုန်သည်ပွဲစားတွေလက်ထဲ အပ်တဲ့ အခါမှာလည်း အခုလို စပါးဈေးတွေ ကျနေတာကြောင့် တောင်သူလယ်သမားတွေ အခက်တွေ့နေကြရတာ ဖြစ်ပါတယ်။ 
■ ကောင်းမွန်တဲ့ မူဝါဒဒီအတွက် တောင်သူတွေ ပြောသလို စပါးပေါ်ချိန် ရောက်တိုင်း ဈေးအကျနဲ့ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ အဖြေရှာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျေးလက်နေ ပြည်သူများရဲ့ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ သင့်တင့်မျှတတဲ့ ဈေးကွက် အခြေအနေတွေကို ဖန်တီးပေးဖို့ လက်ရှိ အစိုးရမှာ တာဝန် ရှိလာပါတယ်။ ယခင် အစိုးရ အဆက်ဆက်မှာ လယ်ယာလုပ်ငန်းကို နိုင်ငံရဲ့ အခြေခံ စီးပွားရေးအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် မူဝါဒများ ကောင်းမွန်စွာ မချမှတ်နိုင်ခြင်းနဲ့ ချမှတ်ထားခဲ့တဲ့ မူဝါဒများဟာလည်း အသက်ဝင်မှု အားနည်းချက်တွေ ရှိခဲ့တာကြောင့် ယနေ့ အချိန်အထိ လယ်ယာလုပ်ငန်းဟာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ယခင် ရှိခဲ့တဲ့ မူဝါဒတွေကို ပြန်လည် ပြင်ဆင်ပြီး စိုက်ပျိုးသူ၊ ကုန်သွယ်ရောင်းချသူ အဆင့်ဆင့်အတွက် ကောင်းမွန်တဲ့ ဈေးကွက် အခြေအနေကို ဖန်တီးပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ၊ ရေတိုရေရှည် စီမံချက်တွေကို ချထားဆောင်ရွက်ဖို့ အုပ်ချုပ်ရေး စီမံခန့်ခွဲသူတွေမှာ တာဝန်ရှိကြပါတယ်။အဓိကအားဖြင့် လယ်ယာကဏ္ဍမှာ လူနည်းစု အကျိုးစီးပွားထက် အများအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မယ့် မူဝါဒတွေကို စီမံခန့်ခွဲသူတွေက ပြောင်းလဲ ချမှတ်သင့်ပါတယ်။ မူဝါဒ ချမှတ်မယ့်သူတွေ အနေနဲ့ တောင်သူလယ်သမားက အစပြုလို့ လယ်ယာစိုက်ပျိုး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ သူတွေရဲ့ အသံတွေ၊ ဆန္ဒတွေကို နားထောင် စုဆောင်းဖို့ လိုအပ်သလို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေရဲ့ အကြုံပြုချက်တွေကိုလည်း ရယူဖို့ လိုအပ်ပါတယ်။ လယ်ယာကဏ္ဍမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သိမြင်အောင် ပြုလုပ်ပြီးမှသာ ဘာတွေ ဆက်လုပ်သင့်တယ် ဆိုတာကို သုံးသပ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလို တောင်သူတွေ စပါးဈေး မရတာက အစပြုလို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဟာ ဒေသတွင်း နိုင်ငံတွေနဲ့ စာရင် ဘာလို့ နောက်ကောက်ကျခဲ့ရသလဲ ဆိုတာကို ဖြေရှင်းနိုင်ဖို့ ဆိုရင် တကယ် အောက်ခြေမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သိအောင်လုပ်ဖို့ အရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ယခင်အစိုးရတွေတုန်းကလို လုပ်ပိုင်ခွင့် ပေးနိုင်သူတွေ နားမှာ ကပ်ပြီး အခွင့်အရေး မှန်သမျှကို သိမ်းကျုံးပြီး ယူလို့ရအောင် လုပ်ငန်းရှင်ကြီးတွေက ဝေစား၊ မျှစား၊ ပေါင်းစားတဲ့ လုပ်ကိုင်မှုမျိုးတွေကို လက်ရှိ အစိုးရ လက်ထက်မှာ ခွင့်မပြုသင့်တော့ပါဘူး။ ခွင့်ပြုမယ်လို့လည်း မထင်ပါဘူး။ ဒီအတွက်ကို ကျေးလက်နေ ပြည်သူတွေရဲ့ အဓိက စီးပွားရေး လုပ်ငန်းကြီးဖြစ်တဲ့ လယ်ယာလုပ်ငန်း ကဏ္ဍမှာ တကယ်ပါဝင် ပတ်သက်နေသူတွေရဲ့ အသံများကို ရယူပြီး စီးပွားရေး ကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်စေတဲ့ လုပ်ထုံး လုပ်နည်းတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးနိုင်မယ် ဆိုရင်တော့ လယ်ယာလုပ်ငန်းအပြင် ယခင်အစိုးရ အဆက်ဆက် မအောင်မြင်ခဲ့တဲ့ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းကိုပါ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။