ဒီမိုကရေစီနှင့် အခက်အခဲများ CONTRADICTOTY IN DEMOCRACY

ဒီမိုကရေစီနှင့် အခက်အခဲများ CONTRADICTOTY IN DEMOCRACY
Published 7 April 2016
ဒေါက်တာခင်မောင်ညို

ဒီမိုကရေစီကို ဖျက်ဆီးသည်မှာ အကျင့်ပျက် ခြစားမှုပင်ဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သက်၍ စတင် ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးကာ ကြေညာချက်ထုတ်သည်။ တစ်ချိန်တည်းမှာ ကမ္ဘာ့အကြီးကျယ်ဆုံးသော အကျင့်ပျက်မှုဖြစ်သည့် ပနားမား စာရွက်စာတမ်းများ ပေါက်ကြားခြင်း (Panama Papers Leak) နှင့် တိုက်ဆိုင်နေသည်။
■၇၅ ရာခိုင်နှုန်း ဒီမိုကရေစီ
တကယ်တမ်း ဒီမိုကရေစီကို နဖူးတွေ့ဒူးတွေ့ဖော်ဆောင်မည်ဆိုပါကာ အခက်အခဲများစွာ တွေ့ရပေမည်။ မဖြစ်နိုင်ဟု မဆိုသာသော်လည်း “အကျင့်ပျက်ခြစားမှု”များစွာကို ရှောင်လွှဲရန် အခက်အခဲများစွာ ကြုံရပေမည်။ စင်စစ်အာဏာသည် ကြောက်စရာကောင်းသည်။ အာဏာသည် အကျင့်ပျက်ခြစားမှုကို ဖြစ်စေသည်ဟု Power Corrupts ဆိုသည့် စကားရှိသည်။ မှန်လည်းမှန်ပါသည်။
မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရသည် ဒီမိုကရေစီ စတင် ဖော်ဆောင်ခွင့်ရသော ပထမဆုံးသော အစိုးရဖြစ်သည်။ ထိုအစိုးရသည် ပထမငါးနှစ်တွင် အာဏာ၏ အရသာကို သိလာသည်။ ဒုတိယ ငါးနှစ် အာဏာဆက်ရသည်။ တတိယငါးနှစ်အတွက် သူတို့သာလျှင် အာဏာရသင့်သည်ဟု ဆက်လက် အာဏာရရန် ကြိုးစားလာတော့သည်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ နည်းအမျိုးမျိုးနှင့် ကြိုးစားခဲ့သည်။ ဖဆပလ အကွဲအပြဲကို ဖြစ်စေလာသည်။ ထို ဖဆပလအကွဲအပြဲကို အပြစ်တင်ရန် မရှိပေ။ ပါတီတစ်ခုတည်း က တောက်လျှောက် အာဏာရကာ တစ်ဦးတစ်ယောက်တည်းက အာဏာရှင်သဖွယ် လုပ်ပါက တိုင်းပြည် ပျက်စီးသွားနိုင်သည်ကို အားလုံးသဘောပေါက်ပါသည်။
၁၉၉၀ ပြည့်နှစ်လောက်က ဂျပန်နိုင်ငံ ကျူးရှူတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခ ဒေါက်တာဆီဂင်က”မြန်မာပြည်မှာ တစ်ချိန်ကျရင် NLD အစိုးရတက်လာမှာပဲ။ ဒီအခါ အဲဒီပါတီ အကြွင်းမဲ့အာဏာကို ရလာမယ်။ ဒီလိုမဖြစ်အောင် လုပ်ဆောင်ရမယ်” ဟု ပြောခဲ့ဖူးပါသည်။ NLD ပါတီ အနိုင်ရလာပါပြီ။ ဒီမိုကရေစီ ဖော်ဆောင်နိုင်ပါပြီ။ သို့သော် အကြွင်းမဲ့ အာဏာတော့ သူ့ဆီမှာ မရှိပါ။ သူ့တွင် ၇၅ ရာခိုင်နှုန်း ဒီမိုကရေစီ ဖော်ဆောင်ခွင့်သာ ရရှိပါသည်။ ထိုလုပ်ပိုင်ခွင့်သည် ပြည်သူအတွက် အရေးကြီးလှသည်။
■ဒီမိုကရေစီမဆန်ခြင်း
ဒီမိုကရေစီစံချိန်စံနှုန်းကို အံဝင်ခွင်ကျ ဖြစ်ရန်ခက်ခဲလှသည်။ အကြောင်းမှာ ကျွန်တော်တို့အားလုံးသည် အတ္တကိုဦးစားပေးသော သူများဖြစ်၍ ဥပဒေတိုင်းတွင်လည်း ဟာကွက်ရှိနေသောကြောင့်ဖြစ်သည်။ အမှန်မှာတော့ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်သော လူသားအားလုံးတွင် ပရဟူသော အများအကျိုး ဆောင်ရွက်လိုသော ဆန္ဒရှိပါသည်။ ဘယ်ခေါင်းဆောင်မှ တိုင်းပြည်အာဏာကို ရယူပြီး ဒီတိုင်းပြည်ကို ဖျက်ဆီးမည်ဟု မကြံရွယ်ပါ။ ဥပမာအားဖြင့်ဖော်ပြရလျှင် ကိုယ်ခန္ဓာထဲတွင်ရှိသည့် ဗိုင်းရပ်စ်များ ဗက်တီးရီးယား များကို ဖော်ပြလိုသည်။ သူတို့သည် အင်မတန်သေးငယ်ပြီး မျက်စိဖြင့်မမြင်နိုင်သော ပိုးမွှားများဖြစ်သည်။ တကယ်တော့သူတို့သည် မိမိတို့မှီတင်းနေထိုင်သော ခန္ဓာကိုယ်ကို ဖျက်ဆီးရန်မရည်ရွယ်ပါ။ သို့သော် ကံမကောင်း အကြောင်းမလှသောကြောင့်သာ သူတို့ဝင် ရောက်သော ကိုယ်ခန္ဓာကြီး ပျက်သုဉ်းသွားရခြင်းဖြစ်သည်။
တည့်တည့်ပြောရလျှင် ဦးနေဝင်းသည်လည်း တိုင်းပြည်အကျိုးကို ဆောင်ရွက်ရန် အာဏာသိမ်းခြင်း ဖြစ်သည်။ သို့သော် သူအာဏာရ၍ လေးလအကြာ (ရက်တစ်ရာကျော်)တွင် ကျောင်းသားများကို ပစ်ခတ်ခဲ့သည်။ ဇူလိုင် (၈) ရက်တွင် ကျောင်းသားသမဂ္ဂကို ဖြိုဖျက်ပစ်ခဲ့သည်။ ဒါတွေအားလုံးကို ပြည်သူတွေက ပိတ်ကားပေါ် မြင်ခဲ့ပါသည်။ ဦးသန်းရွှေသည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။သူကတော့ ဘာကိုမှမပြော။ ဘာကိုမှလည်း တာဝန်မယူပါ။ သူက နေပြည်တော်ကို ကန်ထရိုက်ဖြင့် တည်ဆောက်ခဲ့သည်။ တကယ်တမ်း ဘာကိုမှ အကျိုးမပြုပါ။ တိုင်းပြည်သာ မွဲပြာကျသွားသည်။ ဦးသိန်းစိန်ဆိုလျှင် မြစ်ဆုံကိစ္စတွင် ပြည်သူတို့၏ မေတ္တာကိုခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွဲကာ ဓာတ်ပုံ ရိုက်သည်။ ဒါမျိုးမကြုံဖူးပါ။ သို့သော် ဘာပဲပြောပြော စစ်အာဏာရှင်လက်အောက်တွင် တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံဘဝကို ရောက်သွားခဲ့သည်။
■သယံဇာတကျိန်စာ
နိုင်ငံတစ်နိုင်ငံတွင် သယံဇာတတွေ အများကြီးရှိသည်။ ထိုသယံဇာတများကို အာဏာရှင် အကျိုးအတွက်သုံးသည်။ ပြည်သူများကို ဖိနှိပ်ရန်သုံးသည်။ ထိုသို့ပြုလုပ်နိုင်သောကြောင့် အာဏာရှင်များသည် အာဏာကို လက်မလွှတ်နိုင်တော့ပါ။ အာဏာကို ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်လာသည်။ပြည်သူ ပြည်သားများ ဆင်းရဲမွဲတေပြီး အတိဒုက္ခတွေ ရောက်သည်။ အာဏာရှင်တို့တွင် လက်နက်ရှိသည်။ လက်နက်ရှိ၍ အာဏာရှိလာသည်။ နောက် ငွေရှိလာသည်။ ငွေရှိလာ၍ အာဏာ ပိုရှိလာသည်။ ငွေသည် ဖိနှိပ်ချုပ်ချယ်သော လက်နက်သာမက လောကနိဗ္ဗာန်ကိုလည်း ပို့ပေးနိုင်သည်။ ဒီတော့ ငွေကိုလိုချင်သည်။ ငွေကို အမျိုးမျိုးသောနည်းဖြင့် ရအောင်လုပ်သည်။ ဥပမာ မြန်မာပြည်က ဓာတ်ငွေ့ရောင်းရသည်။ ထိုဓာတ်ငွေ့ကို ဒေါ်လာငွေဖြင့် ရှင်းသည်။ ထိုငွေများကို မြန်မာငွေဖြင့်လဲကာ ဘဏ်တွင် သွင်းပေးသည်။ တစ်ဒေါ်လာကို ခြောက်ကျပ်ပြားငါးဆယ် တရားဝင်နှုန်း သတ်မှတ်ကာ သွင်းသည်။
ဒေါ်လာ သုံးဘီလျံကို သွင်းသောအခါ မိမိထံတွင် သုံးဘီလျံနီးပါးပင် ကျန်ခဲ့လေသည်။ (မျက်စိမလည်ပါနှင့် ပြင်ပပေါက်ဈေးအရ ဒေါ်လာတစ်သန်းသည် မြန်မာငွေ သန်းတစ်ထောင် ဖြစ်သည်။ ဒေါ်လာ ၁၀ သန်းသည် မြန်မာငွေ သန်းတစ်သောင်းဖြစ်၍ ဒေါ်လာ သန်း၂၀ ပေးလိုက်ပါက မြန်မာငွေ  သန်းနှစ်သောင်း ရပေသည်။ ဒေါ်လာ သုံးဘီလျံကို ခြောက်ကျပ်ခွဲနှင့်မြှောက်ပါက မြန်မာငွေ ၁၉ သန်းခွဲသာရှိသည်။ ထို့ကြောင့် ကုန်ကျငွေ သည် ဒေါ်လာသန်း ၂၀ သာရှိသည်။ သန်းသုံးထောင်မှ သန်း ၂၀ ကိုနုတ်ပါက ဒေါ်လာ နှစ်ထောင့်ရှစ်ရာ့ ရှစ်ဆယ် ကျန်နေပါသေးသည်)။ ဒီဘက်ခေတ်မှာ Global Witness ကတွက်ပြသော ကျောက်စိမ်းမှ ဒေါ်လာ ၄၁ သန်းကျော်ကလည်း သယံဇာတမှ ဝင်ငွေဖြစ်သည်။ ထိုငွေများကို လုံခြုံသောနေရာတွင် ထားရန် ကြံစည်ကြတော့သည်။
■ ပနားမား စာရွက်စာတမ်းများ
(Panama Papers)
နိုင်ငံအများ၏ ငွေကြေး ခဝါချသော ပြဿနာကို ပြီးခဲ့သည့်အပတ်က စပြီးဖော် ထုတ်ခဲ့သည်။ ထိုကိစ္စကို ပနားမားစာရွက်စာတမ်းများ (Panama Papers) ဟုခေါ်သည်။ ထို စာရွက်စာတန်းများမှာ အရေအတွက်အားဖြင့် ၁၁ ဒသမ ၅ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အဆမတန် များပြားပါသည်။ အချို့က ထိုပမာဏသည် တစ်ကမ္ဘာလုံးရှိ ပစ္စည်းများကို ဝယ်ယူနိုင်လောက်အောင် များပြားသည်ဟု ဆို၏။ ထိုစာရွက်စာတမ်းများသည် စာချုပ်များဖြစ်၍ ပြည်ပ-ကမ်းလွန်ကုမ္ပဏီ ၂၁၄ç၀၀၀ (Offshore Companies ) အတွက်ဖြစ်သည်။ အဆိုပါ စာရွက်များအားလုံးသည် အတုများဖြစ်၍ ကုမ္ပဏီဒါရိုက်တာ၊ မန်နေဂျာ၊ ဝန်ထမ်း များနှင့် အစုရှယ်ယာ ပိုင်ဆိုင်သူများ ပါဝင်သည်။
ထိုစာရွက်စာတမ်းများ ထိုအကြောင်းကို နိုင်ငံ ၈၀ မှ သတင်းဌာနပေါင်း ၁၀၇ ခုက ဆန်းစစ် လေ့လာနေပါသည်။ ထိုသတင်းကို ရေးသားနေသည့် ဂျာနယ်လစ် ၄၀၀ ကျော်ရှိ၍ ဧပြီလ ၃ ရက်က သတင်း ၁၄၉ ခုကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ယနေ့ သတင်းစာမျက်နှာများတွင် ပလူပျံကာ အထူးသတင်းဖြစ် သည်က ပနားမားစာရွက်စာတမ်းများ (Panama Papers) ပင်ဖြစ်သည်။ ကုမ္ပဏီအားလုံး၏ စာရင်းကိုတော့ ၂၀၁၆ ခုနှစ် မေလဆန်းပိုင်းတွင် ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။
ငွေကြေးခဝါချသော ထိုလုပ်ငန်းကို ပနားမား ကော်ပိုရိတ်မှ Mossack Fonseca က စီမံပေးသည်။ ထိုငွေကြေးခဝါချရန် ဆောင်ရွက်ထားသောကုမ္ပဏီများတွင် အာဂျင်တီးနား၊ အိုင်စလန်၊ ဆော်ဒီအာရေဗျ၊ ယူကရိန်းနှင့် ယူအေအီးတို့မှ ခေါင်းဆောင်အမည်များ ပါဝင်နေသည်။ ဆိုလိုသည်မှာ သူတို့အမည်များဖြင့် ငွေကြေးခဝါချသည့် ကုမ္ပဏီများ တည်ထောင်ထားခြင်းဖြစ်သည်။ နောက်ထပ် နိုင်ငံလေးဆယ်ကျော်ကတော့ ဆွေမျိုးအမည်များဖြင့် တည်ထောင်ထားသော ကုမ္ပဏီများ ပိုင်ကြသည်။ ထိုနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ပြင်သစ်၊ ယူကေတို့လည်း ပါဝင်နေသည်။
ယနေ့အိုင်စလန်တွင် ဝန်ကြီးချုပ်နုတ်ထွက်ရန် ဆန္ဒပြနေပါသည်။ ရုရှားကတော့ သူတို့သမ္မတ ပူတင်ကို ခက်ခဲအောင်လုပ်နေကြောင်း စွဲချက်တင်နေပါသည်။
■မြန်မာပြည်မှကြေညာ
အစိုးရသစ်သည် အကျင့်ပျက်ခြစားခြင်းကို ပြတ်ပြတ်သားသား ချေမှုန်းလိုပါသည်။ သို့သော် နှစ်ပေါင်းများစွာ အရိုးစွဲနေပြီဖြစ်သော အကျင့်ဆိုးကို ရုတ်တရက် ဖျက်ပစ်ရန် မလွယ်ကူလှပါ။ ဦးသိန်းစိန်လက်ထက်က က1ျပ်ငွေသုံးသိန်းထက် မပိုသော လက်ဆောင်ကို ယူခွင့်ရှိသည်ဟု ဆိုထားသည်။
ယခုကြေညာချက်တွင် ကျပ်ငွေ နှစ်သောင်းငါးထောင်ထက် မပိုသော လက်ဆောင်ကို ယူခွင့်ရှိသည်။ သို့သော် အကြိမ်ကြိမ် ယူခြင်းမပြုရ။ ဤသို့ လက်ဆောင်များကို ယူလျှင်သော်လည်းကောင်း ငြင်းပယ်ရင်သော်လည်း ကောင်း အထက်သို့ အသိပေးရမည်။ သို့မဟုတ် ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ နိုင်ငံခြား အစိုးရထံမှ လက်ဆောင်ကိုမူ လေးသန်းထက် မပိုစေဖို့နှင့် လေယာဉ်လက်မှတ်၊ ဆေးကုသစရိတ် စသည်တို့ကို လက်ခံနိုင်ကြောင်း ဖော်ပြထားသည်။
အစပင် ရှိပါသေးသည်။ အစကောင်းမှ အနှောင်းသေချာပါမည်။ ထို့ကြောင့် အစကောင်းဖို့ အရေးကြီးပါသည်။ သို့သော် အနှောင်းသေချာပါ့မလား။ သင်ခန်းစာများစွာ မြင်နိုင်ပါသည်။
နိဂုံး
အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ကြီးမားသောစိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ ဒီ့အတွက် ပြည်သူလူထု ခါးစည်းခံရသည်မှာ ရာစုနှစ်တစ်ဝက် ကျော်သွားပါပြီ။ မမှန်ကန်သော စီမံကိန်းများဖြင့် ဝန်ပိခဲ့ပါသည်။\
“မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိပါ။”
“အာဏာသည် ပျက်စီးစေပါသည်။ သတိပြုပါ။”