ရွှေဘိုနယ် အနောက်ပိုင်း မြင်းစီးကျေးရွာ၏ လူစည်ကားသော နေရာတွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှာ လေးလခန့် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ဆင်အင်းတိုက်နယ်၊ မြင်းစီးကျေးရွာတွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်ကြောင့် ဦးသန့်စင် (၃၉နှစ်) မှာ ဓား၊ လှံ ဒဏ်ရာဗရပွဖြင့် သေဆုံးခဲ့ရပြီး အများရှေ့တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ကျူးလွန်သည့် တရားခံများကို စုံစမ်းဖော်ထုတ်ရန် လုံလောက်သည့်သက်သေအချက်အလက် မရရှိသေးကြောင်း ရဲတာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။“ရွာရဲ့ မိန်းလမ်းမကြီးမှာ အုပ်စုဖွဲ့ လူသတ်မှုဖြစ်ခဲ့တာပါ။ အဲဒီနေရာမှာ ဈေးဆိုင်လည်း ရှိတယ်။ ရွာက လူငယ်တွေနဲ့ ည ၁၀ နာရီလောက်ထိ လူမပြတ်တဲ့ နေရာပေါ့။ အခင်းဖြစ်သွားတာက ည ၈ နာရီလောက်မှာ။ကျွန်တော်ရောက်သွားတာက ၈နာရီခွဲဝန်းကျင်။ အဲဒီနားက အိမ်တွေရော၊ ဆိုင်တွေရော အကုန်တံခါးပိတ်၊ မီးမှိတ်ထားတယ်။ အခင်းစဖြစ်စကတော့ ဒီလို လူမြင်ကွင်းမှာဖြစ်ခဲ့တဲ့ အမှုဆိုတော့ ချက်ချင်း ဖော်ထုတ်နိုင်မယ် ထင်ခဲ့တာ။ အခုတော့ လေးလပြည့်တော့မယ်။ ဘာမှမထူးပါဘူး” ဟု မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဆင်အင်းစခန်းမှူး ရဲအုပ်ဦးစောမင်းလွင်ဦးက ပြောကြားပြီး ဒေသခံအမြောက်အမြားကို စစ်ချက် ရယူခဲ့သော်လည်း အမှုနှင့် ပတ်သက်၍ ထူးခြားမှုမရှိသေးကြောင်း နယ်ထိန်းခေါင်းဆောင် ထွန်းနောင်နောင်ဦး က ပြောကြားသည်။“အမှုက တချို့ထူးခြားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရားခံဖော်ထုတ်ဖို့က တော်တော်တော့ လိုသေးတာပေါ့”ဟု ဆင် အင်းစခန်းမှူးက ပြောကြားသည်။သေဆုံးသူ၏ ဆွေမျိုးသားချင်းများအား ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသူ ဦးသန့်စင်သည် သတ်ဖြတ်ခြင်း မခံရမီ သုံးရက်ခန့်က အချင်းများမှုတစ်ခုနှင့် စပ်လျဉ်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား စိန်ခေါ်ခဲ့ကြောင်း၊ မှုခင်းဖြစ်ပွားရာနေရာသည် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် နှစ်အိမ်ခန့်သာ ခြားနားကြောင်း၊ ကျေးရွာတွင် ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ချက်လည်း ရပ်၊ကျေးမှူးက ထုတ်ပြန်ခဲ့ကြောင်း၊ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ၎င်းတိ့ုအနေဖြင့် မလုံခြုံသကဲ့သို့ ခံစားနေရပြီး ထိတ်လန့်မှုရှိနေကြောင်း ဆိုသည်။“အစ်ကိုသေတော့ နားရွက်တစ်ဖက် ပြတ်နေတယ်။ ဗိုက်ကလည်း ထုတ်ချင်းပေါက်၊ ကျောနဲ့ခြေထောက်မှာလည်း ဓားဒဏ်ရာ၊ လှံဒဏ်ရာ ဗရပွရခဲ့တယ်။ ဒါကို ကျွန်တော်က ဓာတ်ပုံရိုက်မယ်လုပ်တော့ စခန်းမှူးက ရိုက်ခွင့်မပေးဘူး။ အမှုစစ်တဲ့ အခြေအနေကလည်း အချိန်တွေ ဒီလောက်ကြာတဲ့အထိ ဘာမှ ထူးခြားမလာသေးဘူး။ အုပ်ချုပ်ရေးမှူးကတော့ အစ်ကိုသေတာနဲ့ ပတ်သက်ပြီး ရက်လည်မလာသလို၊ အမှုအတွက် တရားခံပေါ်ဖို့ လုပ်တာဘာမှမရှိဘူး”ဟု သေဆုံးသူ၏ ညီတော်စပ်သူက ပြောကြားသည်။ယင်းဖြစ်စဉ်အပေါ် မြင်းစီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ထံ မေးမြန်းရာ ၎င်းနှင့် ပတ်သက်သည့် သတင်းထွက်ပေါ်နေမှုများမှာ ကောလာဟလသာဖြစ်ကြောင်း၊ ကျူးလွန်သူ တရားခံမှာ သွေးသားရင်းဖြစ်နေစေကာမူ ဥပဒေအရအရေးယူရန် တိုက်တွန်းကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေဘိုနယ်တွင် လူမြင်ကွင်း၌ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ သတ်ဖြတ်ခံရမှုကို လေးလခန့် ကြာမြင့်လာချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေး