ကြားဖြတ်ခြင်းမှ အတွေးစများ

ကြားဖြတ်ခြင်းမှ အတွေးစများ
Published 6 April 2016
ကျွန်း

မနက် ၆ နာရီကျော်ခါစအချိန်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက ဝင်ပေါက်တစ်ခုမှာ လူတန်းက အတော်လေးရှည်နေပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတောင် ဒီလိုမြင်ကွင်းမျိုး မမြင်ဖူး။ ပြည်ပခရီးသွားတွေ များလာတာ ကောင်းမွန်သော ပြောင်းလဲမှုလို့ စိတ်ထဲက အသိအမှတ်ပြုပြီး ဝင်တန်းစီလိုက်ပါတယ်။မကြာသေးမီမှာပဲ လူတစ်ဦး ကျွန်မရှေ့နားက ကြားဖြတ်ဝင်ဖို့ ကြိုးစားတာ တွေ့လိုက်ရပါတယ်။“ဝင်လို့မရဘူးရှင့်။ နောက်ကနေ သွားတန်းစီပါ”လို့ ကျွန်မက ပြောတော့ သူက “သြော် - ဟုတ်လား၊ တန်းစီနေတာလား၊ မသိလို့ပါ”လို့ပြောပြီး အနောက်ဘက်ကို ထွက်သွားပါတယ်။အဲဒီတော့ ကျွန်မအရှေ့မှာ တန်းစီနေတဲ့ စုံတွဲထဲက အမျိုးသားဖြစ်သူက “အဲဒီလိုပဲ အစောကလည်း ကြားဖြတ် ဖြတ်ဝင်နေကြတယ်” လို့ ကျွန်မကို လှမ်းပြောပါတယ်။ ကျွန်မထက် အနည်းဆုံး ၁၀ နှစ်မက ကြီးမယ်လို့ ယူဆရပြီး ပြောနေတဲ့ စကားတွေအရ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံတွေလည်း ရှိပုံရတဲ့သူပါ။ ဒါကြောင့် “ကြားဖြတ်ရင်ပြောဖို့ တားဖို့ တာဝန်ရှိတယ်လေ။ လူအများစုက မပြောရဲကြဘူး၊ ပြောရဲတဲ့သူတွေက ပြောပေးမှ ဖြစ်မှာ” လို့ ပြန်ပြောမိပါတယ်။ဟုတ်ပါတယ်။ ကျွန်မတို့ နိုင်ငံက လူအများစုက တည့်တည့် ပြန်မပြောရဘူးဆိုတဲ့ ယဉ်ကျေးမှုထဲမှာ အသားကျ ကြီးပြင်းလာကြတယ်လို့ ကျွန်မ မြင်ပါတယ်။ မိမိ မှန်နေရင်တောင် ပြန်မပြောရဲအောင် ကျောင်းမှာရော အိမ်မှာပါ သင်ကြားပေးခြင်း ခံခဲ့ရတဲ့သူတွေပါ။ ရှေ့တည့်တည့် မပြောရဲတဲ့အခါ မကျေနပ်တာတွေ သိမ်းထားရင်း အစိုင်အခဲတွေ ဖြစ်လာပါတယ်။ အဲဒီအခါ ကွယ်ရာမှာ လိုအပ်တာထက် ပိုမိုဆိုးရွားစွာ ပြောဆိုခြင်းတွေ၊ တုံ့ပြန်ခြင်းတွေ ဖြစ်လာပါတယ်။ ဒါတွေကို လက်ရှိအနေအထားမှာ မြင်နိုင်သူတွေ၊ ပြင်နိုင်သူတွေက စပြင်ရမှာပါ။မကြာသေးမီက ဈေးဝယ်တဲ့ စင်တာတစ်ခုက အိမ်သာထဲမှာလည်း အမှတ်ရစရာ ဖြစ်ရပ်ကလေး ဖြစ်ခဲ့ပါတယ်။ အိမ်သာတွေမှာ လူပြည့်နေလို့ တန်းစီနေကြရင်း ကျွန်မရှေ့တည့်တည့်က အိမ်သာ လွတ်သွားပါတယ်။ ကျွန်မက ကျွန်မရှေ့မှာ အရင်ရောက်နေတဲ့ အမျိုးသမီးကို “အစ်မ ဝင်လေ၊ အစ်မ အလှည့်” လို့ လှမ်းပြောလိုက်ပါတယ်။ သူက ကျွန်မကို ကျေးဇူးအထပ်ထပ်တင်ရင်း အိမ်သာထဲ ဝင်သွားပါတယ်။ ကျွန်မ ဈေးဝယ်နေတုန်း သူ့ကို ပြန်တွေ့ဖြစ်တော့ သူက ကျွန်မ အနားကိုလာပြီး ကျေးဇူးတင်စကား ထပ်ပြောပါတယ်။ ကျွန်မ နားလည်ဖို့ အတော်လေးခက်သွားပါတယ်။ သူက ရှေ့မှာ ရောက်သူမို့ ကျွန်မက သူ့ကို အရင်ဝင်ခွင့်ပေးတာ။ သူဘာလို့ ကျွန်မကို ဒီလောက် ကျေးဇူးတင်ရသလဲ။ သူ့အဆိုအရက ကျွန်မလိုလူမျိုးကို အရင်က တစ်ခါမှမမြင်ဖူးပါတဲ့။ အိမ်သာမှာ ဦးသလို လုဝင်နေကြတာမျိုးကိုသာ ကြုံဖူးပါသတဲ့။ ကျွန်မကို နိုင်ငံခြားမှာ နေတာလား၊ ဘယ်နိုင်ငံကလာတာလဲလို့တောင် မေးပါတယ်။ ကျွန်မတို့ နိုင်ငံအနေအထားက အဲဒီလို တကယ်ဖြစ်နေသလား၊ သူသာ ကံဆိုးလွန်းလို့၊ စည်းကမ်းရှိစွာ တန်းစီကြသူတွေကို မမြင်ဖူးတာလားတော့ ကျွန်မ မသိပါ။ ကျွန်မက ဈေးဝယ်တဲ့ စင်တာက အိမ်သာတွေကို မကြာခဏ ရောက်တတ်သူမဟုတ်။ ရောက်ဖြစ်တဲ့ ကာလတွေက ကြားဖြတ်ဝင်ဖို့ ကြိုးစားသူ မိန်းကလေးငယ်တစ်ယောက်၊ နှစ်ယောက်ကိုသာ တွေ့ခဲ့ဖူးပါတယ်။ အဲဒီလိုတွေ့ဖြစ်ရင် ကျွန်မက ပေးမဝင်ပါဘူး။ ကြားမဖြတ်ဖို့၊ နောက်မှာတန်းစီဖို့ အမုန်းခံပြီး ပြောပါတယ်။ ပြောရမယ့်တာဝန် ရှိတယ်လို့လဲ ကိုယ့်ဘာသာကိုယ် ယူဆထားပါတယ်။ မအောင့်နိုင်တဲ့ အနေအထားမျိုး၊ အချိန်မရှိတော့တဲ့ အနေအထားမျိုးဆိုရင်တော့ ပြောပြတောင်းပန်ပြီး ဝင်လို့ရပါတယ်။ ကိုယ်တိုင်လည်း လေယာဉ်ချိန် အရမ်းကပ်နေလို့ လေဆိပ်က အိမ်သာတစ်ခုမှာ ပြောပြတောင်းပန်ပြီး ဝင်ခဲ့ရတာ ရှိဖူးပါတယ်။အိမ်နဲ့ မနီးမဝေးက စူပါမားကတ်တစ်ခုမှာ ဈေးဝယ်ခဲ့စဉ်ကလည်း အလားတူ ကြားဖြတ်မှုတွေကို ကြုံခဲ့ဖူးပါတယ်။ ကောင်တာမှာ တန်းစီနေတုန်း အမျိုးသမီးတစ်ဦးက ကျွန်မရှေ့ကို ကြားဖြတ်ဝင်ဖို့ ကြိုးစားပါတယ်။ ကျွန်မ ပေးမဝင်တော့ အခြားကောင်တာမှာသွားပြီး ကြားဖြတ်ပါတယ်။ ပိုဆိုးတာက ဆိုင်ဝန်ထမ်း အမျိုးသမီးလေးတွေ ကိုယ်တိုင်က ကြားဖြတ်ဝင်နေခြင်းပါ။ ငွေသိမ်းကောင်တာက ဝန်ထမ်းအမျိုးသမီးတွေကလည်း ကြားဖြတ်ဝင်တာကို လက်ခံနေတာ တွေ့ရပါတယ်။ ကျွန်မ ပိုက်ဆံရှင်းဖို့ တစ်ယောက်အလိုမှာ အခြားဘက်က ဖြတ်ဝင်တဲ့ အမျိုးသမီးကလေး တစ်ဦးကို ဦးစားပေးလိုက်တာ တွေ့ရတဲ့အတွက် ကျွန်မ လှမ်းပြောပါတယ်။ ပြီးတော့ ဈေးဝယ်ပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်းကို ကောင်တာမှာထားခဲ့ပြီး မဝယ်တော့ဘဲ ထွက်လာခဲ့ပါတယ်။ ဒါမျိုး လက်မခံတဲ့သူတွေ ရှိတယ်ဆိုတာ အသိစိတ်ဝင်အောင် လုပ်ပေးသင့်တယ်လို့ ယူဆပြီး လုပ်ပေးခဲ့ပေမယ့် အကျိုးသက်ရောက်မှု ရှိ၊ မရှိ သေသေချာချာ မသိပါ။ လုံလောက်ကောင်းမွန်တဲ့ သင်တန်းတွေ၊ ညွှန်ကြားချက်တွေ မရရှိထားတဲ့ ဝန်ထမ်းတွေ ဖြစ်နိုင်တယ်လို့လည်း တွေးမိပါ တယ်။ တာဝန်ကတော့ သူတို့ချည်းရှိတာ မဟုတ်ပါဘူး။ ကြီးကြပ်သူတွေ၊ ပိုင်ရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ကိုယ်ပြောနိုင်တဲ့ နေရာတွေမှာ ပြောပေးပေမယ့် ကိုယ်ဘယ်လိုမှ ပြန်မပြောသာသူတွေ ကြားဖြတ်ခြင်းကို ခံခဲ့ရတာမျိုးလည်း ကြုံ ဖူးပါတယ်။ လူမှုရေးအရ၊ ပါဝါအရ အလျှော့ပေး သည်းခံလိုက်ရချိန်မှာ ကိုယ့်အနောက်မှာ တန်းစီနေသူတွေထံက အသံထွက်လာဖို့ မျှော်လင့်မိဖူးပါတယ်။ တစ်ကြိမ်ကတော့ ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ တန်းစီနေတုန်း မြန်မာနိုင်ငံသူ အမျိုး သမီးတစ်ဦး ကျွန်မရှေ့ကနေ အတင်းကြား ဖြတ်ဝင်တာ ကြုံခဲ့ဖူးပါတယ်။ အလွန်ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြားဖြတ်ခဲ့တာပါ။အခြား နိုင်ငံသားတွေကြားထဲမှာ မပြောချင်တဲ့အတွက် ကျွန်မ ငြိမ်နေခဲ့ပါတယ်။ကြားဖြတ်ခြင်းက ကျွန်မတို့ ယဉ်ကျေးမှုထဲမှာ နစ်ဝင်နေပြီး ကြားဖြတ်သူတွေက သူတို့ လုပ်ရပ်ကို ရှက်စရာလို့ ထင်မြင်ခြင်းမရှိကြတဲ့ အနေအထားက စိုးရိမ်စရာပါ။ ကြားဖြတ်ဝင်ရတာကို “ငါတို့ ပါးနပ်လို့ အရင်ရတာ” ရယ်လို့ ဂုဏ်ယူနေကြပြီး ကြားမဖြတ်သူတွေကို “ငတုံးတွေ”လို့တောင် ထင်နေကြတဲ့ အနေအထားပါ။ ဒါက တစ်နှစ်၊ နှစ်နှစ်အတွင်း ဖြစ်လာတဲ့အရာတွေ မဟုတ်ပါဘူး။ ကာလများစွာကတည်းက အသားကျနေတဲ့ စိတ်ထားတွေ၊ တွေးခေါ်မှုပုံစံတွေ ဖြစ်ပါတယ်။အစစအရာရာ ရှားပါးခဲ့တဲ့ကာလမှာ တန်းစီတိုးစားသူတွေ ရှိခဲ့ပါတယ်။ တိုးနိုင်မှ၊ ကြားဖြတ်နိုင်မှ ကိုယ့်အတွက် အလုပ်ဖြစ်မှာမို့ ကြားဖြတ်တိုးခြင်းကိုက အသက်မွေးမှု၊ ရှင်သန်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီလိုပါပဲ။ လူအများစု ခရီးသွားဖို့ အားထားရတဲ့ ရေယာဉ်၊ ဘတ်စ်ကား စတာတွေကို တက်ရာတွေမှာလည်း အရင်ဆုံးရောက်အောင် အတင်းတိုးတက်နိုင်သူတွေကသာ ထိုင်စရာနေရာရကြတဲ့ အနေအထားမို့ အဲဒီယဉ်ကျေးမှုက အမှန်တရားလို ဖြစ်လာပါတယ်။ အလုပ်လုပ်ရာမှာလည်း လည်သူ၊ ပါးနပ်သူ၊ ဝင်တတ် ထွက်တတ်သူတွေကသာ အဆင်ပြေကြတာမို့ ကြားဖြတ်ခြင်းကို ပညာတစ်ရပ်လို ကျွမ်းကျင်သူတွေသာ စီးပွားဖြစ်ခဲ့ကြပါတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့လွန်းလာတဲ့အခါမှာ ကြားဖြတ်မှုကို ကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေက အမှန်တရားလို ချီးကျူးခံနေကြရပါတယ်။လူအများမှာ ကြားဖြတ်တာကို လက်ခံတဲ့ စိတ်ထားတွေ ဆက်ရှိနေရင် ဒီယဉ်ကျေးမှုစံနှုန်းအတိုင်း ဆက်သွားနေကြမှာပါပဲ။ ကြားဖြတ်တာကို လက်မခံတဲ့ နိုင်ငံတွေမှာလည်း ကြားဖြတ်သူ ၁၀၀ ရာခိုင်နှုန်း ကင်းစင်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြားဖြတ်ရင် ဝိုင်းကြည့်ကြတဲ့ အကြည့်တွေက အလွန်ကို အထင်သေးတဲ့ အကြည့်တွေဖြစ်တာမို့ ကျူးလွန်မယ့်သူ နည်းပါးပါတယ်။ ကြားဖြတ်သူတွေကလည်း ကိုယ်မှားလျက်နဲ့ လုပ်နေမှန်း သိကြပါတယ်။ တာဝန်ရှိသူတွေကလည်း လက်မခံပါဘူး။ ကြားဖြတ်ပြီး ပိုက်ဆံရှင်းရင် ကောင်တာမှာ ငွေသိမ်းသူက မယူဘဲ နောက်မှာ ပြန်တန်းစီဖို့ ပြောတာမျိုး မြင်ဖူးပါတယ်။အချို့သော ကြားဖြတ်ခြင်းတွေကို ကျွန်မတို့ကိုယ်တိုင် ပါဝင်ကူညီရင်းကနေ ပြောင်းလဲလို့ ရနိုင်ပါတယ်။ အချို့သော ကြားဖြတ်ခြင်းတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပါဝင်ဖြေရှင်းပေးမှ ရနိုင်ပါလိမ့်မယ်။ အချို့သော ကြားဖြတ်ခြင်းတွေက စည်းကမ်းမရှိခြင်းနဲ့ သက်ဆိုင်နေပေမယ့်၊ အချို့သော ကြားဖြတ်ခြင်းတွေက အကျင့်ပျက်ခြစားမှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဘယ်လို ကြားဖြတ်ခြင်းမျိုးကမှ ဂုဏ်ယူစရာ မဟုတ်ဘူး၊ ကြားဖြတ်တယ်ဆိုတာ ရှက်စရာ၊ အထင်သေးစရာလို့ အမှန်တကယ် စတင်ယုံကြည်ကြမှသာ ကျွန်မတို့ရဲ့အပြုအမူတွေ အကောင်းဘက်ကို ပြောင်းလဲလာကြမှာပါ။ ကျွန်မတို့ဟာ ကြားဖြတ်မှုတစ်စုံတစ်ရာကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီနေသူတွေ ဖြစ်ကြသလား။ မိသားစုဝင်ထဲက ပိုမိုငယ်ရွယ်သူတွေကို ကြားဖြတ်ခြင်းနဲ့ ပတ်သက်လို့ ဘယ်လိုတွေ သင်ကြားပေးနေကြပါသလဲ။ ကိုယ့် ကိုယ်ကိုယ် ဆန်းစစ်ဝေဖန်ခြင်း၊ ယုံကြည်မှု ပြောင်းလဲခြင်းတွေကနေ စတင်ကြရမယ်လို့ ယူဆမိပါတယ်။