ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အသတ်ခံခဲ့ရသည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ် အမှုမှ ကျူးလွန်သူအား တစ်နှစ်နီးပါး ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပြီး ယင်းအမှုအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးမှု ခေတ္တ ဆိုင်းငံ့ထားကြောင်း မတ် ၃၀ ရက်တွင် တာချီလိတ် ရဲစခန်းမှ ဒုရဲမှူး ကျော်သန်းက ပြောကြားသည်။ယင်းအမှုကို ထိုင်း-မြန်မာ နှစ်နိုင်ငံမှ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စုံစမ်းနေသည့်အပြင် ကျူးလွန်သူကို သတင်းပေး တိုင်ကြားပါက ကျပ်သိန်း ၂၀ ဆုငွေ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆုငွေ ထုတ်ထားသော်လည်း အမှုမှ ကျူးလွန်သူကို တစ်နှစ်ကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။“အမှုအခြေအနေ ထူးခြားမှု မရှိတဲ့အတွက် စုံစမ်းမှုကို ခေတ္တပိတ်ထားတယ်။ တရားခံ စုံစမ်းမှုက မပေါ်ပေါက်ဘူး။ သက်သေတွေကလည်း မရှိဘူးလေ။ ဒီပြင့် အမှုတွေကလည်း များတဲ့အတွက် စုံစမ်းမှု ခေတ္တ ပိတ်ထားတာပါ” ဟု တာချီလိတ်မြို့မ ရဲစခန်းက ဒုရဲမှူး ကျော်သန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ဖြစ်စဉ်မှာ မတ် ၂၇ ရက်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ မေဖလားဝါးကွင်း၊ အိမ်အမှတ် (၂/၁၈၇) တွင် နေထိုင်သည့် ဦးစိုင်းရီတစ်နှင့် ဒေါ်နန်းဖုန်တို့၏ သမီးဖြစ်သူ မ......ခြောက်နှစ်သည် နေအိမ်မှ ပျောက်ဆုံးသွားသည့်အတွက် သက်ဆိုင်ရာ ရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ရာ မတ် ၃၀ ရက် ညနေပိုင်းတွင် လူပျောက်တိုင်တန်းထားသည့် မ....ခြောက်နှစ်၏ ရုပ်အလောင်းအား ထိုင်းနိုင်ငံ၊ မဲဆိုင်ချောင်းတွင် မြွေရေခွံအိတ် အစိမ်းအတွင်း တရုတ်စောင်ဖြင့် ပတ်လျက် လည်ပင်းတွင် ကြိုးချည်ထားသော ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။ယင်းမိန်းကလေးငယ် အသတ်ခံရမှုအား ပတ်ဝန်းကျင်ရှိ လူအများကြားတွင် ကိုယ်တွင်း ကလီစာများ ထုတ်ယူခြင်းခံရပြီး အသတ်ခံရခြင်း ဖြစ်သည်ဟု သတင်းများ ပျံ့နှံံ့နေသော်လည်း တာချီလိတ် မြို့မရဲစခန်းက အဆိုပါ သတင်းများသည် ကောလာဟလများသာ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။တာချီလိတ် ပြည်သူ့ဆေးရုံ၏ ရင်ခွဲစစ်ဆေးချက်များအရ ယင်းမိန်းကလေး၏ လည်ပင်းတွင် ကြိုးကွင်းအရာ ထင်ကျန်နေကြောင်း၊ ရေထဲတွင် အချိန်ကြာမြင့်စွာ နစ်မြုပ်ခဲ့သည့်အတွက် ရေများစိမ့်ဝင်ကာ ခန္ဓာကိုယ် ဖောင်းကားနေသည့် ပုံပန်းသဏ္ဌာန်ဖြင့်သာ တွေ့ရပြီး ကိုယ်တွင်းအင်္ဂါ အစုံအလင် ပါရှိကြောင်း စစ်ဆေးချက်များအရ သိရသည်။ယင်းအမှုကို တာချီလိတ် မြို့မရဲစခန်းက (ပ)၇၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် အသတ်ခံရသည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ် အမှုမှ ကျူးလွန်သူကို တစ်နှစ်နီးပါး ကြာသည်အထိ ဖမ်းမမိသေးဘဲ အမှုစုံစမ်းမှု ခေတ္တ ဆိုင်းငံ့ထားကြောင်း သိရ