NCA နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များကို နောင်ကျင်းပမည့်အခမ်းအနားများ၌ ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား 

NCA နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များကို နောင်ကျင်းပမည့်အခမ်းအနားများ၌ ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား 
Published 24 October 2023

NCA နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များအား နောင်ကျင်းပမည့်အခမ်းအနားများ၌ ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း NCA နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။ 

အောက်တိုဘာ ၂၃ ရက်က နေပြည်တော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အချိန်ကိုက်အပိုအလိုမရှိ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းကော်မတီများအချင်းချင်း ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ NCA နှစ်ပတ်လည်နေ့အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များအား နောင်ကျင်းပမည့်အခမ်းအနားများ၌ ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းကော်မတီအလိုက် အမှန်တကယ်သုံးစွဲခဲ့သည့် ဘတ်ဂျက်အသုံးစရိတ်များကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအနားကျင်းပပြီးစီးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့ပြင် တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ခဲ့သည့် အားသာချက်၊ အားနည်းချက်များနှင့် ငွေကြေးသုံးစွဲမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ NCA နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

Most Read

Most Recent