ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထုကို ဖိနှိပ်နေသည့် ပုဒ်မများအား လွှတ်တော်သစ်အနေဖြင့် ဖျက်သိမ်းဖို့ ဆွေးနွေးရန် အချိန်ကျပြီဖြစ်ကြောင်း ထောင်ဒဏ်ငါးနှစ်ကျော် ကျခံနေရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ ပြောကြား

ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထုကို ဖိနှိပ်နေသည့် ပုဒ်မများအား လွှတ်တော်သစ်အနေဖြင့် ဖျက်သိမ်းဖို့ ဆွေးနွေးရန် အချိန်ကျပြီဖြစ်ကြောင်း ထောင်ဒဏ်ငါးနှစ်ကျော် ကျခံနေရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ ပြောကြား
Published 8 March 2016
ဝေလင်းအောင်၊ နေမျိုးဝင်း

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ်ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ပုဒ်မ ၁၈ ဖြင့် မတ် ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့က ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထုကို ဖိနှိပ်နေသည့် ပုဒ်မများအား လွှတ်တော်အသစ်အနေဖြင့် ဖျက်သိမ်းရန် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားသည်။“ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တွေနဲ့ ပညာရေး ဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒပြတဲ့ကျောင်းသားတွေရော အများကြီး စွဲခံနေရတယ်။ ကျွန်တော်တို့ဆိုရင် အရေးလည်း ယူခံရပြီးပြီ။ ခုလည်းထပ်ပြီး စွဲခံနေရတုန်းပဲ။ ပုဒ်မ ၅၀၅ (ခ)ဆိုရင် ကိုလိုနီခေတ်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ အဲဒါကို ဒီနေ့ ဒီမိုကရေစီအစိုးရပါဆိုတဲ့ အစိုးရက လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာမှ တရားစွဲဆိုနေတာဟာ မှားယွင်းနေတာပဲ။ ဒီမိုကရေစီကျင့်စဉ်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းဆိုတဲ့ အကြောင်းအရာတစ်ခု ပါတယ်။ အဲဒါကို ကန့်သတ်ချုပ်ချယ်ချင်လို့ ဒီပုဒ်မ ၁၈ ဆိုတာကို ရေးဆွဲတာ။၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရလာတဲ့ အစိုးရဟာအ ငြင်းပွားဖွယ်ရာ မဲတွေနဲ့နိုင်လာတဲ့ အစိုးရဖြစ်တယ်။ လူထုဆန္ဒကို အကောင်အထည်မဖော်ဆောင်နိုင်ဘဲ လူထုကို ဖိနှိပ်တဲ့ ဥပဒေတွေကို ဘေးထုတ်သွားခဲ့တယ်။ အခုရွေးချယ်ထားတဲ့ အစိုးရဟာပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် လူထုကိုဖိနှိပ်နေတဲ့ ဒီလွဲချော်မှားယွင်းနေတဲ့ ဥပဒေပုဒ်မတွေကို ပြန်လည်ပြီးတော့ ပြင်ဆင်ဖျက်သိမ်းဖို့ အချိန်ကျပါပြီ။ သေချာတာကတော့ လွှတ်တော်အသစ်အနေ နဲ့ ဒီဥပဒေပုဒ်မတွေကို ဖျက်သိမ်းဖို့ အရေးကြီးအဆို တင်သွင်းဖို့အချိန်တန်ပါပြီ။ ပထမအစိုးရတုန်းက လုပ်ခဲ့တဲ့ ဥပဒေအမှားတွေကို အခုဒီမိုကရေစီအစိုးရက ပြန်လည်ပြင်ဆင်သင့်ပါ ပြီ” ဟု တရားစွဲဆိုခံထားရသည့် ကိုတင်ထွဋ်ပိုင်က မတ် ၇ ရက်တွင် ပြောကြားသည်။မတ် ၇ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးအား စစ်ဆေးမည်ဖြစ်သော်လည်း ၎င်းမှာ တာဝန်ကြောင့် လာရောက်နိုင်ခြင်းမရှိသဖြင့် အမှုအား မစစ်ဖြစ်ခဲ့ဘဲ ရုံးချိန်းအား မတ် ၁၄ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ထို့အပြင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက “အခု ပုဒ်မ ၁၈ နဲ့ စွဲတာတွေက အမှုဟောင်းတွေပြတ်အောင် လုပ်နေတာလားတော့ ကျွန်မတို့ မသိဘူး။ တကယ်တော့ မစွဲလည်းရတာပဲ ရှစ်လေးလုံး နှစ်ပတ်လည်ဆိုတာက တစ်နိုင်ငံလုံး ဒီမိုကရေစီလိုချင်လို့ လုပ်နေကြတဲ့ပွဲပဲ။ အထိမ်းအမှတ်စစ်အာဏာသိမ်း တစ်ခုဖြစ်လို့ ကျွန်မတို့ လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်တယ်။ ပုဒ်မ ၁၈ ဆို တာဟာ တိုင်းပြည်မှာ မလိုအပ်တဲ့ ပုဒ်မတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်မတို့ ခဏခဏပြောတယ်။ ဒီဥပဒေကို အစိုးရသစ်တက်လာရင် မြန်မြန်ပြောင်းလဲရင်တော့ ကောင်းတာပေါ့။ မပြောင်းလဲခဲ့ရင်တော့ ခုတက်လာတဲ့ အစိုးရကိုလည်း ကျွန်မတို့က ပြောနေရဦးမှာပဲ။ လူထုကို ဖိနှိပ်တဲ့ ဥပဒေတွေကို ကျွန်မတို့ လက်မခံပါဘူး။ ဒီပုဒ်မသည် ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်”ဟု တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆) နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်တရားရုံး၊ တာမွေမြို့နယ်တရားရုံးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ကိုစည်သူမှာ လွတ်မြောက်နေသဖြင့် သက်ဆိုင်ရာတရားရုံးတို့က တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင်အား အလုပ်ပါသော ထောင်ဒဏ်ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ်ခြောက်နှစ်ကျော် ချမှတ်ထားကြောင်း သိရသည်။ 

Most Read

Most Recent