အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတံဆိပ်ဖြင့် ထွက်ပေါ်လာသည့် ဒုတိယ သမ္မတ နှစ်ဦး အမည်စာရင်း ပါဝင်သော ကြေညာချက်မှာ အတုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မတ် ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ တရားဝင် ထုတ်ပြန်သည့် ကြေညာချက်၌ ‘၂၀၁၆ ခုနှစ်၊ မတ် ၆ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမည်နှင့် ရုံးတံဆိပ်တုံးကို အသုံးပြု၍ ကြေညာချက် အတုတစ်စောင် Social Media ၌ပျံ့နှံ့ခဲ့ပါသည်။ ယင်း ကြေညာချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက် လုံး၀ မဟုတ်ကြောင်းနှင့် အတုအပသာ ဖြစ်ကြောင်း၊ ထိုသို့ ကြေညာချက် အတုအပ ပြုလုပ်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်ရာ ရောက်ကြောင်း ကြေညာအပ်ပါသည်’ ဟု ဖော်ပြထားသည်။နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မတ် ၆ ရက်က ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သီးခြားထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဘဲ ညနေပိုင်းတွင် ထိုကဲ့သို့ ကြေညာချက်အတု ထွက်ပေါ်လာခြင်းဖြစ်သည်။ယင်းကြေညာချက် အတုတွင် ‘အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အောက်ပါ ပုဂ္ဂိုလ်များအား ဒုတိယ သမ္မတလောင်းများအဖြစ် ရွေးချယ်လိုက်သည်။ (က) ဦးထင်ကျော် (ပြည်သူ့လွှတ်တော်)၊ (ခ) ဦးခွန်ထွန်းဦး (အမျိုးသားလွှတ်တော်)၊ (၆.၃.၂၀၁၆)ရက်တွင် ကျင်းပသော ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ’ ဟု ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သည့် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် အစိုးရ ဖွဲ့စည်းရေး ကိစ္စအား အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း မတ် ၄ ရက်တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများအား ပြောကြားထားသဖြင့် ယင်းကိစ္စရပ်များ အတည်ပြု ဆုံးဖြတ်ခဲ့ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။သို့ရာတွင် အစည်းအဝေး အပြီး၌ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆွေးနွေးမှုများနှင့် ပတ်သက်၍ မပြောကြားပေးနိုင်ခြင်းကို အားနာကြောင်းသာ မီဒီယာများအား ပြန်လည်ဖြေကြားသည်။လာမည့် အစိုးရသစ် လက်ထက်တွင် သမ္မတရုံး ဝန်ကြီးဌာန တစ်ခုနှင့် အခြား ဝန်ကြီးဌာန ၂၀ ခန့်သာ ထားရှိရန် လျာထားပြီး ထိုသို့ ဝန်ကြီးဌာနများ ပေါင်းလိုက်သည့်အတွက် ပိုမိုလာသည့် ဝန်ထမ်းများ အနေဖြင့် အလုပ်အကိုင် နေရာအတွက် စိတ်ပူစရာ မလိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။ထို့ပြင် အစိုးရ ဖွဲ့စည်းရာတွင် စေတနာ ရှိသူများ၊ အရည်အချင်း ရှိသူများ၊ အဂတိတရား လိုက်စားမှု ကင်းသူများ ဖြစ်သူများကို ရွေးချယ်ထားကြောင်း သိရသည်။ ထို့အတူ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများတွင် ဝန်ကြီးနေရာများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ထဲမှ ရာခိုင်နှုန်း ၄၀ ခန့်သာ ပါဝင်မည်ဖြစ်ပြီး ကျန်လူများမှာ အခြားပါတီများနှင့် ပြင်ပမှ ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၂ ခုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာများအား ရယူထားပြီး နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ တစ်ဦးတို့အား ရွေးချယ်၍ အစိုးရ ဖွဲ့စည်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ခုတွင် ၄၇၅ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာ ဝန်ကြီး) ၂၁ နေရာ အနိုင်ရရှိထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတံဆိပ်ဖြင့် ထွက်ပေါ်လာသည့် ဒုတိယ သမ္မတ နှစ်ဦး အမည်စာရင်း ပါဝင်သော ကြေညာချက်မှာ အတုဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထုတ်ပြန်















