အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယသမ္မတနေရာဟု ပြောဆိုကမ်းလှမ်းထားခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့တွင် တစ်နေရာပါဝင်ရန်သာ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ယနေ့(မတ် ၇ ရက်)တွင် ပြောကြားသည်။ထိုသို့ ကမ်းလှမ်းထားခြင်းမှာ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ဖြစ်ကြောင်း ၎င်းကပြောကြားသည်။“ကမ်းလှမ်းတာတော့ ရှိတယ်။ တစ်ယောက်ကမ်းလှမ်းထားတယ်။ အဲဒါ ဒုတိယသမ္မတလို့ မပြောထားဘူး။ Cabinet (အစိုးရအဖွဲ့) ထဲမှာ ဝင်ပါပေးဖို့။ တာဝန်ထမ်းဆောင်ပေးဖို့ အဲဒါတော့ရှိတယ်။ ဒုတိယသမ္မတအတွက် ကမ်းလှမ်းတာအတွက် ဆိုရင်တော့ မှားတယ်။ Cabinet ထဲမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းတာတော့ မှန်တယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောကြားသည်။ထိုသို့ NLD က ကမ်းလှမ်းမှုအား လက်ခံ၍ SNLD က ပေးပို့မည့် အမည်စာရင်းအား လာမည့် တစ်ရက်၊ နှစ်ရက်အတွင်း သိရမည်ဖြစ်ကာ အဆိုပါတစ်ဦးမှာ လွှတ်တော်ကိုယ်စားလှယ်ထဲမှ မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။“ကျွန်တော်တို့ဘက်က တစ်ယောက် ပေးမယ်။ တစ်ရက်၊ နှစ်ရက်နေမှ သိရမယ်။ ဘယ်အဆင့် ဘာညာဆိုတာ မသိဘူး။ ကျွန်တော်တို့လည်း မမေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ထဲကတော့ မပေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ထဲက နုတ်ထွက်ရမှာဆိုတော့။ လွှတ်တော်ကိုယ်စားလှယ်ထဲက ပေးလိုက်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ် လျော့သွားမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်က နဂိုကတည်းက ရှားနေတာ”ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယလွှတ်တော် ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိခဲ့သည့်ပါတီတစ်ခု ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲကာလတွင် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များမှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသဖြင့် ပါတီမှတ်ပုံတင်ရယူခြင်း မပြုဘဲ ရွေးကောက်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပါတီမှတ်ပုံတင်ရယူ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တွင်လည်း ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ကာလမှ လက်ရှိအချိန်အထိ ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး ရှိသော ပါတီတစ်ခုဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် SNLD အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၄ နေရာ၊ ကချင်ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း နေရာ ၄၀ ဖြင့် တစ်နိုင်ငံလုံး စတုတ္ထအများဆုံး အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်များအပေါ် ထားရှိသော သဘောထားများအရ ၎င်းတို့နှင့် နှစ်ရှည်လများစွာ မဟာမိတ်ဆက်ဆံရေး ရှိခဲ့သည့် CRPP အဖွဲ့ဝင်ပါတီများကို သစ္စာရှိမှုဖြင့် မကြာခဏ ထုတ်ဖော်ချီးကျူးပြောကြားလေ့ရှိပြီး လက်ရှိတွင်လည်း CRPP အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ထားသည်။
NLD က SNLD အား ဒုတိယသမ္မတနေရာဟု ပြောဆိုကမ်းလှမ်းထားခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့တွင် တစ်နေရာပါဝင်ရန်သာ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း SNLD အထွေထွေအတွင်းရေးမှူး ပြောကြား















