မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဝင်း(စရဖ) အတွင်းရှိ ပလတ်စတစ်များ အရည်ကျို၍ ကော်စေ့ပြုလုပ်သည့် စက်ရုံဂိုဒေါင် မတ် ၃ ရက် နံနက် ၄ နာရီ ကျော်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုအား Level -2 အဆင့် သတ်မှတ်ထားပြီး မီးလောင်မှုကို မရမ်းကုန်း၊ ဘုရင့်နောင်၊ အင်းစိန်၊ လှိုင်၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်ဌာနချုပ်တို့မှ မီးငြှိမ်းသတ်ယာဉ်အစီး ၂၀၊ မီးသတ်ရေသယ်ယာဉ် ၁၂ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး သန္ဓေမီးသတ် ၁၉၅ ဦး၊ အရန်မီးသတ် ၃၀ ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီကျော်တွင် မီးငြိမ်းသွားကြောင်း သိရသည်။“မီးလောင်တာက နံနက် ၄ နာရီကျော် အချိန်လောက်မှာ စလောင်တာပါ။ မီးငြိမ်းတာက နံနက် ၆ နာရီလောက် ငြိမ်းသွားခဲ့တယ်။ မီးလောင်မှုကိုတော့ မီးသတ်ကား ထွက်တဲ့ Level 2 အဆင့် သတ်မှတ်ထားပါတယ်။မီးလောင်တဲ့အကြောင်းရင်းက စက်ရုံဂိုဒေါင်အတွင်းက ကြိတ်စက်ကို သွယ်တန်းထားတဲ့ ဝိုင်ယာကြိုးက အပူလွန်ပြီး လောင်တာပါ။ ရန်ကုန်မြို့မှာ မီးလောင်မှုတွေ က လူတို့ပေါ့ဆလို့လောင်တာနဲ့ ဝိုင်ယာရှော့မှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ်ေ တွများပါတယ်” ဟု ရန်ကုန်တိုင်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မီးလောင်မှုအား ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးသိန်းဇော်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဦးမြတ်သူတို့ လာရောက်ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း သိရသည်။မီးလောင်သည့် အကြောင်းရင်းမှာ အမှတ်(၁) စစ်ဘက်ရေးရာလုံခြုံရေး တပ်ဝင်း (စရဖ) အတွင်းရှိ ပလတ်စတစ်များ အရည်ကျို၍ ကော်စေ့ပြုလုပ်သည့် ဂိုဒေါင်အတွင်းရှိ ကြိတ်စက်မော်တာသို့ သွယ်တန်းထားသော ဝါယာကြိုးမှာ အပူလွန်ကဲရာမှတစ်ဆင့် မီးစ တင်လောင်ခဲ့ပြီး မီးလောင်မှုကြောင့် စက်ရုံ ဂိုဒေါင်နှစ်လုံး မီးလောင်ကျွမ်းကာ အတွင်းပစ္စည်းများနှင့် စုစုပေါင်း ကျပ် ၃၉ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလောင်မှုနှင့်ပတ်သက်ပြီး စက်ရုံဂိုဒေါင်လုံခြုံရေးမှူး ဦးအုန်းသန်း (၄၂)နှစ်အား မရမ်းကုန် မြို့မရဲစခန်းက (ပ) ၂၆၃/၂၀၁၆/ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) တပ်ဝင်းအတွင်းရှိ ကော်စေ့ပြုလုပ်သည့်စက်ရုံ ဂိုဒေါင် မီးလောင်ကျွမ်းမှုဖြစ်ပွား










