ရာဇောဝါဒ

ရာဇောဝါဒ
Published 3 March 2016
အရှင် ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

နိုင်ငံတစ်ဝန်း ဒီနှစ်ပိုင်းတွေမှာ သဘာဝဘေးများနှင့် လူကပေးတဲ့ဘေးတွေ သိသိသာသာ ဖြစ်နေတာကို သတိထားမိကြမည် ထင်ပါသည်။ လူများစွာကို အန္တရာယ်ပြုတဲ့အရာကို ဘေးဟုခေါ်ဆို၏။ ရေဘေးဆိုလျှင် ယခင်က ရေကြီးတဲ့ ဘေးလောက်သာ။ အခုတော့ မိုးတွင်းဆိုရင် မိုးများပြီး ရေကြီး၊ ရေလျှံ၊ ရေမြုပ်။ နွေဆိုရင် ရေငတ်၊ ရေပြတ်။ မီးဘေးကလည်း ဈေးများ၊ လူနေအိမ်များ၊ စက်ရုံများ၊ မြို့ရွာများ၊ လောင်လိုက်သည့်ဖြစ်ခြင်း။ မိုးဆိုလည်း မိုးဦးမှာ နောက်ကျ။ မိုးနှောင်းသီးနှံများ ရိတ်သိမ်းချိန်ဆို ဖျက်မိုးရွာ။ တောင်သူတွေ အတော်ကသီကြ၏။ နေဆိုလည်း နွေမှသာ ပူတာမဟုတ်တော့။ ဆောင်းနှင့်မိုးမှာပါ ပူနေတော့၏။ ဒီနှစ် အယ်လ်နီညိုနှစ်ဖြစ်၍ အရမ်းပူပြီး ရေတွေခန်းမည်ဟု ဆိုကြ၏။ပြီးခဲ့သည့်ဝါတွင်းက မိုးများပြီး မြို့ရွာ အတော်များများ ရေမြုပ်ဒဏ်ခံကြရသည်။စာရေးသူတို့ ညောင်စာရေးရွာသည် ဧရာဝတီ မြစ်ရေ အကျမှာ မြေနုကျွန်းခေါ် ကိုင်းများ၌ ဆောင်းသီးနှံမြေပဲ စိုက်ကြရ၏။ခါတိုင်းနှစ်တွေဆို ရေကြီးပြီးနုန်းတင်လျှင် မြေပဲများစွာဥ၏။ ယခုနှစ် ကြီးတဲ့ရေမှာ ရွှံ့နွံများစွာပါလာပြီး ကိုင်းမြေမှာ တင်ကျန်ခဲ့၏။ ကျန်နေခဲ့သော နွံတွေက မာကျစ်ပြီး ထွန်ယက်စိုက်ပျိုးမရ။ စိုက်ပျိုးထားတဲ့ မြေပဲပင်များလည်း ပိုးတွေကျ၍ ရိုးတန်းမျှသာကျန်၏။ စိုက်စရိတ် ရှုံးကြသည်။ ရာသီဥတု ဖောက်ပြန်သည့်ဒဏ်သည် ကျေးလက်နေတောင်သူတွေကို အထိနာပြီး ဆင်းရဲတွင်း ပိုနက်စေပါသည်။ ထို့ကြောင့် မသေချာတဲ့ တောင်သူအလုပ်ကို လူငယ်တွေ စိတ်ဝင်စားမှု မရှိကြတော့။ တောင်သူလုပ်နိုင်တဲ့အရွယ် လူငယ်တွေ တောရွာတွေကို စွန့်ခွာသွားကြ၏။ အခုအခါ ရွာတွေမှာ လုပ်သားရှားနေ၏။ ရန်ကုန်မြို့ကြီးအပါအဝင် မြို့ရွာတွေမှာ လူသတ်ပစ္စည်းလု၊ သက်ငယ်မုဒိမ်းမှု စသော ရာဇဝတ်မှုတို့ဖြင့် မလုံခြုံသကဲ့သို့ စစ်ဘေးစစ်ဒဏ်သင့်တဲ့ ဒေသတွေမှာလည်း အိုးပစ်အိမ်ပစ်နဲ့ လူတွေ အလွန်ဒုက္ခရောက်ကြ၏။ နိုင်ငံမှာ သဘာဝဘေး၊ လူကပေးတဲ့ဘေးတို့ဖြင့် စိတ်မချမ်းသာဖွယ်အတိ ပြည့်နေပါသည်။ဘုရားရှင်က “သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊ ရာဇာ စေ ဟောတိ အဓမ္မိကော-နိုင်ငံအုပ်စိုးသူများ တရားမဲ့သော် နိုင်ငံသူ၊ နိုင်ငံသား အားလုံး ဒုက္ခရောက်ကြရ၏။ သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊ ရာဇာ စေ ဟောတိ ဓမ္မိကော-နိုင်ငံ အုပ်စိုးသူများ တရားပြည့်သော် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ချမ်းသာကြ၏” ဟု မိန့်တော်မူ ပါသည်။တရားမဲ့ခြင်း (အဓမ္မိက) ဟူသည်၁။ အခွန်အခများစွာ တိုးကောက်ခံခြင်း၂။ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှ ပြစ်ဒဏ်ကြီးကြီး     ချခြင်း၃။ အဂတိလိုက်စားခြင်းတို့ကို ဆိုလိုခြင်း     ဖြစ်ပါသည်။ရာဇောဝါဒ ဒေသနာထိုကဲ့သို့ နိုင်ငံအုပ်စိုးသူတို့ တရားမမဲ့အောင် ညွှန်ပြတော်မူသော ဒေသနာတော်ကို “ရာဇောဝါဒ”ဟု ခေါ်ဆို၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်ပါသည်။ နေ့လယ်ပွဲတော်စာ စားသုံးပြီးသည်နှင့် ကျောင်းတော်သို့ နေ့စဉ်လာလေ့ရှိ၏။ အဘယ်မျှ ဘုရားရှင်ကို ချစ်ခင် ကြည်ညိုရင်းစွဲ ရှိသလဲဆိုရင် ဘုရားနှင့် အမျိုးတော်ချင်၍ သာကီဝင် မင်းသမီးတစ်ပါးကိုပင် တောင်းခံပြီး မိဖုရားမြှောက်ထား၏။ အဘွား ဆုံးတော့လည်း ဘုရားထံလာ သောကကို ရင်ဖွင့်၊ မလ’ိကာ မိဖုရားကြီးနဲ့ စိတ်ကောက်တော့လည်း ဘုရားထံလာရင်ဖွင့်။ ဘုရားရှင်က တစ်ညတာဝေးကွာ၍ နှစ်ပေါင်းခုနစ်ရာတောင် ဆွေးခဲ့ကြသည့် မင်းမိဖုရားတို့၏ ဖြစ်ရပ် စန္ဒကိန္နရီဇာတ်ကို ဟောပြပြီးစကားမပြော စိတ်မကောက်ကြဖို့ကို ဖျောင်းဖျပေးရ၏။ တစ်နေ့နန်းတော်၌ ခက်ခဲသောအမှုအခင်းကို အဂတိမလိုက်စားဘဲ ဆုံးဖြတ်ပြီး ကျောင်းတော်သို့ ရောက်လာပါသည်။ ခါတိုင်းလာချိန် မဟုတ်၍ ဘုရားရှင်က “မင်းကြီး နေ့ခင်းကြောင်တောင် ဘယ်က လှည့်လာခဲ့တာလဲ” ဟုမေးရာ “မြတ်စွာဘုရား၊ ပွဲတော်စာ သုံးဆောင်ပြီး လက်တောင်မခြောက်သေးဘဲ ဘုရားထံ လာခဲ့တာဘုရား” ဟု ရှိခိုးဦးချလျက် လျှောက်ပါသည်။ဘုရားရှင်က “အဂတိတရားမလိုက်စားဘဲ တရားနှင့်အညီ ဆုံးဖြတ်လျှင် အပြစ်ကင်း၏။ နတ်ပြည်သို့ ရောက်မည်။ ငါကဲ့သို့ သဗ္ဗညုဘုရားရှင်၏ အဆုံးအမတော်ကို နာယူပြီး တရားနှင့်အညီ ဆုံးဖြတ်နိုင်ခြင်းကား အံ့သြဖွယ် မဟုတ်သေး။ ရှေးတုန်းကလည်း ပညာရှိ သူတော်ကောင်းတို့၏ အဆုံးအမတော်ဖြင့် ရှေးမင်းတို့သည် တရားနှင့်အညီ အဂတိတရား မလိုက်စားကြဘဲ တရား၌တည်လျက် ဆုံးဖြတ်ကြကုန်၏” ဟု မိန့်တော်မူပါသည်။“အဘယ်တုန်းကပါလဲဘုရား” ဟု မေးလျှောက်၍ ကောသလမင်းကြီးကို အကြောင်းပြုပြီး ဇာတကအဋ္ဌကထာ၌ ရာဇောဝါဒဇာတ်တော်များစွာကို ဟောကြားတော်မူပါသည်။ ထိုဒေသနာတော်များအနက် တရားပွဲမှာ ဟောဖြစ်သည့် “ရာဇောဝါဒ” နှစ်ဇာတ်ကို ရေးပြလိုပါသည်။ညောင်သီးများ ချိုပါစေ-ရသေ့သူတော်စင်ထံသို့ ရှင်ဘုရင် ရောက်လာ၏။ အဂုဏပရိယေသနခေါ် မိမိအား တိုင်းသားပြည်သူတွေ ဘယ်လိုများ ပြောနေကြသလဲဆိုတာကို စုံစမ်းထောက်လှမ်း စနည်းနာရန် မထင်မရှားအသွင်ဖြင့် လှည့်လည်လာခြင်းဖြစ်၏။ရသေ့က “ ရေအေးလေးလည်း သောက်ပါ။ ညောင်သီး အမှည့်လည်းစားပါ”ဟုပြောကာ ဧည့်ခံ၍ ညောင်သီးကို လျှာပေါ်တင်လိုက်စဉ် သကြားခဲလို ချိုမြိန်၍ “ညောင်သီးမှည့်က အရသာရှိလှတယ်ဘုရား” ဟုလျှောက်တော့ “အိမ်း ရှင်ဘုရင် တရားစောင့်လို့ ညောင်သီးကချိုတာ”ဟု မိန့်ပါသည်။ “ရှင်ဘုရင် တရားမစောင့်ရင်ကော ဘုရား”ဟု မေးလျှောက်တော့ “ရှင်ဘုရင် တရားမစောင့်ရင်တော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သစ်ဥ၊ သစ်ဖု၊ သစ်သီးတွေ သြဇာဓာတ်ပျက်ပြီး ခါးလိမ့်မယ်ဒကာ” ဟု မိန့်ပါသည်။ ဘုရင်ဖြစ်ကြောင်း အသိမပေးဘဲ တိုင်းပြည်သို့ ပြန်လာခဲ့ပြီး ရသေ့၏စကား မှန်၊ မမှန် စူးစမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တရားမဲ့စွာ ပြုကျင့်ပါတော့သည်။ ကာလအတန်ကြာ ချိန် ရသေ့ထံ တစ်ခေါက်ပြန်သွား၏။ ရသေ့ကလည်း အရင်အခေါက်ကဲ့သို့ပြောဆိုကာ ညောင်သီးမှည့်ဖြင့် ပင်ဧည့်ခံပါသည်။ ပါးစပ်ထဲ ထည့်လိုက်တာနဲ့ “ထွီဆို” ပြန်ထွေးပစ်လိုက်၏။ “ခါးလိုက်တာဘုရား” ဟုလည်း လျှောက်ပါသည်။ “ဒကာရေ၊ ရှင်ဘုရင်တော့ တရားပျက်ပြီထင်ရဲ့” ဟု ပြောဆိုပြီး “တိုင်း နိုင်ငံ အုပ်စိုးတဲ့ မင်း တရားမဲ့ရင် မင်းမှုထမ်း၊ မှူးမတ်၊ မင်းခစားတွေ၊ မြို့ပေါ်နေ သူဌေးသူကြွယ်တွေ၊ ရဟန်းသံဃာတွေ၊ တိုင်းသားပြည်သူတွေ အားလုံး တရားမဲ့တတ်ကြ၏။ ထိုသို့ အကျင့်ပျက်၊ စာရိတ္တ ယိုယွင်းခြင်းတို့ကြောင့် လ၊ နေတို့ လမ်းကြောင်းမှန် လှည့်ပတ်ခြင်း မရှိ။ နက္ခတ်တာရာတွေ ဖောက်ပြန်၊ နေ့တွေ၊ ညတွေ၊ လတွေ၊ နှစ်တွေ၊ ရာသီဥတုတွေ အလွဲလွဲအချော်ချော်ဖြစ်ပြီး မုန်တိုင်းတွေဖြစ်ပေါ် လာ၏။ လောကပါလ (လောကစောင့်) နတ်တို့သည် လူသားတို့အပေါ် စိတ်ပျက်စိတ်ကွက်၍ စောင့်ရှောက်ခြင်းမရှိတော့။ မိုးဒေဝါသည် ရွာသင့်ရာအချိန်၌မရွာ၊ အဖျက်မိုးရွာ၊ အသီးအနှံတို့၌ သြဇာဓာတ်၊ အာဟာရဓာတ်တို့ မပြည့်ဝ။ ထိုတို့ကို စားသောက်ကြရသော လူတွေမှာ အသက်တိုခြင်း၊ ရုပ်အဆင်းဖောက်ပြန်ခြင်း၊ ရောဂါဘယ ထူပြောခြင်းတို့ ဖြစ်ကြ၏။ နိုင်ငံကို ဦးဆောင်သူများရော နောက်လိုက်တွေပါ တရားနှင့်အညီ ဖြောင့်ဖြောင့် သွားကြရပါမည်။ တရားမမဲ့ကြရပါ။ သို့မှသာ နိုင်ငံကောင်းမှာ ဖြစ်၏။ နိုင်ငံချမ်းသာ၏” ဟု ရသေ့က ဆက်လက်မိန့်ဆိုပါသည်။ထိုစဉ်က ရသေ့သည် ဘုရားအလောင်း၊ ရှင်ဘုရင်သည် အရှင်အာနန္ဒာအလောင်း ဖြစ်ခဲ့ကြ၏။ မိမိတို့ တိုင်းပြည်မှာလည်း ညောင်သီးမှည့်တွေ အမြဲတမ်းချိုပါစေဟု ဆု တောင်းကြရပါမည်။ပြည်သူ့အသံကို နားထောင်ပါ-ကပိလတိုင်း၊ ဥတ္တရပဉ္ဇလမြို့မှာ ပဉ္ဇလမင်း စိုးစံပါသည်။ ထိုမင်းက ပွင့်လင်းမြင်သာခြင်းမရှိ။ အဂတိလိုက်စားပြီး တရားမဲ့ ပြုကျင့်၏။ မှူးမတ် မင်းခစားတို့လည်း တရားမဲ့ကြ၏။ တိုင်းသားပြည်သူတို့သည် မင်းမှုထမ်းတို့၏ အခွန်အတုတ်တို့ဖြင့် ညှဉ်းပန်းနှိပ်စက်ဒဏ် မခံနိုင်ကြ၍ တောတောင်တို့၌ ရှောင်ပုန်းနေကြရ၏။ ဘုရားအလောင်း တည်ပင်စောင့်နတ်သည် “မင်းသည် မေ့လျော့နေ၏။ တရားမစောင့်။ တိုင်းနိုင်ငံပျက်တော့မည်။ မင်းကို ဓမ္မ၌တည်အောင် ငါမှတစ်ပါး အခြားသူမရှိ။ ငါ့အား နှစ်စဉ် ဗလိနတ်စာ ပူဇော်၍ ကျေးဇူးရှိ၏။ နည်းလမ်းညွှန်ပြအံ့” ဟု ကြံလျက် သန်းခေါင်ယံအချိန်၌ ကိုယ်ထင်ပြပြီး  “မင်းတရား၊ သင် တရားမဲ့စွာ မင်းပြုနေ၏။ သင့်နိုင်ငံကို အခြားမင်းတို့ လွှမ်းမိုးလုယူခံရပြီး ပျက်စီးတော့မည်။ တရားမဲ့သောမင်းသည် နိုင်ငံကို ဦးဆောင်သူမဖြစ်သင့်။ မျက်မှောက်ဘဝမှာ ပျက်စီးပြီး တမလွန်မှာ ငရဲကျလိမ့်မည်။ နိုင်ငံအုပ်ချုပ်သူတို့ မေ့လျော့တရားပျက်လျှင် နိုင်ငံသားတို့လည်း တရားပျက်ပြီး မေ့လျော့ကြလိမ့်မည်။ သတိမြဲမြံစွာ နေကြရမည်။ အပြုအပြော အတွေးပျက်ပြားနေသော၊ အကြံမယူသင့်သူတို့၏ အကြံဉာဏ်ကိုယူသော၊ အကြောင်းအကျိုးကို နားမလည်သော အသိနည်းသူကို ဘုန်းကျက်သရေ ဂုဏ် အကျော်စော စည်းစိမ်ဥစ္စာတို့သည် မြွေသည် အရေဟောင်းကို စွန့်ခွာသကဲ့သို့ စွန့်ခွာသွားပါလိမ့်မည်” ဟု ပြောကြားပြီး ပျောက်ကွယ်သွား၏။ပဉ္ဇလမင်းသည် ကြောက်ရွံ့ထိတ်လန့်ပြီး နောက်တစ်နေ့တွင် ပုရောဟိတ်နှင့်အတူ ပြည်သူတို့၏အသံကို နားထောင်ရန် ရုပ်ဖျက်လျက် စနည်းနာထွက်လာခဲ့၏။ မိမိအိမ်ခြံဝင်း၌ ဆူးစူးခံသည့် အဘွားအိုသည် ရှင်ဘုရင်ကို ကျိန်ဆဲသံကြားရသဖြင့် ပုရောဟိတ်က “ဆူးစူးတာနဲ့ ဘာကြောင့်ရှင်ဘုရင်ကို ကျိန်ဆဲရပါသနည်း” ဟုမေးသော် ရှင်ဘုရင်တရား မစောင့်၍ မင်းမှုထမ်းတို့သည် တိုင်းသား ပြည်သူတို့ကို နေ့အခါတွင် ညှဉ်းပန်းနှိပ်စက်ကြ၏။ လူရမ်းကားတို့သည် ညအခါ၌ လုယက်ကြ၏။ သို့အတွက် နေအိမ်တွေကို ဆူးခက်များဖြင့် ကာရံထားကြရ၏။ ထို့ကြောင့် ဆူးစူး၍ ရှင်ဘုရင်ကို ကျိန်ဆဲရခြင်းကို ပြောပြပါသည်။ ဟင်းရွက်ခူးစဉ် ချုံပေါ်မှကျသော အဘွားအိုလည်း ရှင်ဘုရင်ကိုကျိန်ဆဲ၏။ နိုင်ငံသည် ချွတ်ခြုံကျဆင်းရဲ၍ အိမ်ထောင်ပြုကြရမှာ ဝန်လေးနေကြ၏။ ဟင်းရွက်ခူးပြီး စားသောက်ကြရ၏။ ထို့ကြောင့် ချုံပေါ်မှ လိမ့်ကျခြင်းဖြစ်၍ ကျိန်ဆဲရကြောင်းကိုလည်းကောင်း၊ နွားကို ထယ်ဖြင့်ထိုးမိ၍ လယ်ထွန်သူကလည်း ရှင်ဘုရင်ကို ကျိန်ဆဲ၏။ ထမင်းပို့သည့် ဇနီးသည်ကို မင်းမှုထမ်းတို့က လမ်း၌နှောင့်ယှက်သဖြင့် ထမင်းပို့ချိန်နောက်ကျ၍ ဆာလှသဖြင့် နွားကိုကြိမ်တို့မိပြီး နွားလန့်ကာ ထယ်သွားဖြင့် ထိုးမိခြင်းဖြစ်၍ ကျိန်ဆဲရကြောင်းကိုလည်းကောင်း၊ နွားကန်ခံရသော နို့ညှစ်သူကလည်း ရှင်ဘုရင်ကို ကျိန်ဆဲ၏။ မင်းမှုထမ်းတို့က နို့ရည်ကို ဦးစွာအဓမ္မညှစ်ယူကြ၍ နို့စားနွားမတို့ အမျက်ထွက်ပြီး နွားကန်ခံရခြင်း ဖြစ်၍ ကျိန်ဆဲရကြောင်းကို လည်းကောင်း၊ မိခင်နွားမသည် မြက်မစား ရေမသောက်၍ ရွာသားများကလည်း ရှင်ဘုရင်ကို ကျိန်ဆဲကြ၏။ မင်းမှုထမ်းတို့က နွားသားပေါက်ကလေးကိုသတ်ပြီး ဓားအိမ်ပြုလုပ်ဖို့ရာ သားရေကို ခွာယူသွားကြ၍ ကျိန်ဆဲရခြင်းကိုလည်းကောင်း၊ ရေခန်း၍ ကျီးကန်းများ စားသောက်ခြင်းကို ခံနေရသော ဖားတို့ကလည်း ရှင်ဘုရင်ကို ကျိန်ဆဲကြ၏။ နိုင်ငံ၌ အစားအသောက် ရှားပါးသဖြင့် ကျီးကန်းများ စားစရာမရှိ၍ ဖားတို့ အစားခံနေကြရသောကြောင့် ကျိန်ဆဲကြောင်းကို လည်းကောင်း အသီးသီးပြောဆိုကြ၏။“လူရော တိရစ္ဆာန်တွေပါ ငါဘုရင်ကို ကျိန်ဆဲကြတယ်။ သူတို့ကျိန်ဆဲတဲ့ အကြောင်းရင်းတွေကလည်း မှန်နေတယ်” ဟု ပြောကြဆိုကာ နန်းတော်သို့ပြန် အမှားများကို ပြုပြင်လျက် အသက်ထက်ဆုံး တရားနှင့်အညီ နေထိုင်သွားပါသည်။ တိုင်းသားပြည်သူတို့၏ အသံကိုနားထောင်ပြီး တိုင်းပြည်၏ အခြေအနေမှန်ကို သိသွား၍ ပြုပြင်ခြင်းဖြစ်ပါသည်။နိုင်ငံကို အုပ်ချုပ်သူတို့သည် တိုင်းနိုင်ငံ၏ အရာခပ်သိမ်း ကောင်းခြင်း၊ ဆိုးခြင်းကို တာဝန်ခံရသူများ ဖြစ်ကြရပါမည်။ အဂတိ တရားကင်းရှင်းပြီး မင်းကျင့်တရားနှင့်အညီ တိုင်းနိုင်ငံကို အုပ်ချုပ်ကြရပါမည်။
သို့မှသာ နိုင်ငံချမ်းသာပြီး နိုင်ငံသူ၊ နိုင်ငံသားတို့ ပျော်ရွှင်ကြမှာ ဖြစ်၏။ ပြည့်သူတို့အသံကို နားထောင်ပြီး ပြည်သူများ၏ဆန္ဒကို မဆန့်ကျင်ခြင်းသည် မင်းကောင်းမင်းမြတ်တို့ သင်္ကေတဖြစ်ပါကြောင်းကို ရေးသားအသိပေးလိုက်ပါသည်။

Most Read

Most Recent