ကသာခရိုင် သစ်တောကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာန ခွင့်ပြုချက် ရယူထားခြင်းမရှိဘဲ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီခြောက်ခုကို တရားစွဲထား

ကသာခရိုင် သစ်တောကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာန ခွင့်ပြုချက် ရယူထားခြင်းမရှိဘဲ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီခြောက်ခုကို တရားစွဲထား
Published 2 March 2016

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် သစ်တောကြိုးဝိုင်းအတွင်းတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်း မရှိဘဲ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီခြောက်ခုထိရှိပြီး အဆိုပါ ကုမ္ပဏီအားလုံးကို သစ်တောဥပဒေဖြင့် တရားစွဲထားကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။အဆိုပါ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း သတ္တုတွင်းဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မော်လူး-မော်ဟန် ရတနာနယ်မြေတွင် သစ်တောမြေအဖြစ် သတ်မှတ်ထားသည့် အောက်တောကြိုးဝိုင်း၊ မြောက်လေးတန် ကြိုးဝိုင်းအတွင်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မော်လူး-မော်ဟန်ရတနာနယ်မြေအတွင်း ပါဝင်သည့် မြောက်လေးတန် ကြိုးဝိုင်းတွင်းရှိ ထုံးတောင်မှော်နှင့် သူရောင်မှော်တို့တွင် လည်းကောင်း၊ အောက်တောကြိုးဝိုင်းအတွင်းရှိ ဥသျှစ်ကုန်းမှော်များတွင် ကျောက်စိမ်းကုမ္ပဏီ ခြောက်ခုမှ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်းမရှိဘဲ မြေတူးဆွခြင်း လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် အင်းတော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။ကသာခရိုင် အင်းတော်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း ကျောက်စိမ်းတူးဖော်ရန် မြေတူးဆွမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် အိမ်မက် ကျောက်၊ ဂျိတ်ကိုး၊ ဇဗ္ဗူသီရိ၊ မြင့်ထက်ဇော်၊ ဓူဝံကြယ်၊ ကံပွင့်ဦးကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။“သစ်တောအပိုင် အောက်တောသစ်တောကြိုးဝိုင်းထဲမှာ ကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးနေတယ်။ တူးဖော်နေတဲ့ ကုမ္ပဏီက မြင့်ထက်ဇော်ကုမ္ပဏီ ဖြစ်တယ်။ အဲဒါကို ဥပဒေအရ တရားစွဲထားပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းထဲက လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကနေ ကုမ္ပဏီကို ကျောက်စိမ်းတူးဖော်တာ ရပ်ဆိုင်းပေးဖို့ သွားပြောပါတယ်။ အခုကျွန်တော်တို့က ကုမ္ပဏီကို အင်းတော်မြို့နယ်မှာ တရားစွဲထားပါတယ်” ဟု အင်းတော်မြို့နယ် သစ်တောဦးစီးမှ တောအုပ်ကြီး ဦးခင်မောင်စိန်က ပြောကြားသည်။ယခုကဲ့သို့ သစ်တောကြိုးဝိုင်းထဲတွင် ဘူဒိုဇာများဖြင့် ကျောက်စိမ်းတူးဖော်နေမှုအား ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း၊ သစ်တောဥပဒေအရ သစ်တောကြိုးဝိုင်းထဲတွင် ယင်းကဲ့သို့ လုပ်ငန်းများအား လုပ်ဆောင်ခွင့်မပြုကြောင်း မြန်မာနိုင်ငံသစ်တောအသင်းမှ ဦးတင်အေး က ပြောကြားသည်။ 

Most Read

Most Recent