စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်အတွင်း ယနေ့ (မတ်လ၂ ရက်) နေ့လည် ၁၂ နာရီတွင် ရေဆင်းကူးသည့် အလယ်တန်းကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့သည်။
ရေနစ်သေဆုံးခဲ့သည့် အလယ်တန်းကျောင်းသား နှစ်ဦးမှာ ဖိုးသင်္ကြန် အသက်(၁၅)နှစ် နှင့် ဟိန်းဇေယျ အသက်(၁၄)နှစ် အရွယ်ရှိ (၈) တန်း ဖြေဆိုထားသည့် ကျောင်းသားများဖြစ်ကြပြီး နွေရာသီကျောင်းပိတ်ရက်တွင် နေအိမ်၌ လူကြီးမရှိစဉ် ရေလာချိုးကြရာမှ ယခုကဲ့သို့ ရေနစ်သေဆုံးရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ရေနစ်မှုဖြစ်စဉ်အား မြင်တွေ့ရသည့် ကိုငြိမ်းကျော် က “ရေနစ်သွားလို့ လာကယ်ကြပါအုံး” ဆိုတဲ့ အော်သံကြားလို့ ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ရေနစ်နေတာဆယ့်ငါးမိနစ်ခန့် ရှိသွားပြီဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့တာ”ဟု ဆိုသည်။
အဆိုပါ လူငယ်နှစ်ဦး ရေနစ်ရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် ရေကူးကျွမ်းကျင်သူတစ်ချို့ က ဝိုင်းဝန်းဆယ်ယူပြီး မုံရွာမြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကာ မုံရွာမြို့ မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေကြောင်း သိရသည်။















