ရေကုသိုလ်

ရေကုသိုလ်
Published 1 March 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁) ‘ရေကုသိုလ်’ ဆိုသော ဝေါဟာရကို ပထမဆုံး ကြားဖူးစဉ်က မိမိအသက်က ခုနစ်နှစ်ဝန်းကျင်။ ထိုအရွယ် ထိုကာလက မိမိတို့ အရပ်ဒေသသည် သွားလမ်းလာလမ်းလည်း မကောင်းသေး။ စစ်ကိုင်း၊ မန္တလေးလောက်မှ လွဲ၍ ထိုထိုဤဤ မြို့ပြအရပ်တို့သို့ အရောက်အပေါက်လည်း နည်းပါးကြသည်။ ထိုစဉ်က ရွာလုံးကျွတ်နီးပါး ဘုရားဖူးသွားကြသည်ကလည်း ဆွေဘုရား မျိုးဘုရားများ ဖြစ်ကြသည့် ကောင်းမှုတော်နှင့် ငါးထပ်ကြီး ဘုရားတို့လောက်သာ ဖြစ်သည်။ ထိုခေတ်ထိုကာလက ရွှေဘိုမြို့ထောင့် စေတီပွဲသို့ ဘုရားဖူးသွားခဲ့သည့် ခရီးစဉ်၌ ‘ရေကုသိုလ်’ ဆိုသော ဝေါဟာရကို အစဆုံး ကြားဖူးခဲ့ခြင်း ဖြစ်သည်။ရွှေဘိုသွားမည့် မီးရထားစီးဖို့ စာရေးဘူတာကို နွားလှည့်ဖြင့် သွားကြရသည်။ စာရေး ဘူတာရောက်တော့ ဆိုက်မလာသေးသော မီးရထားကြီးကို တမျှော်မျှော် စောင့်နေရသည်ကိုက စိတ်မရှည်ချင်စရာ။ တောင်ကုန်းထက် ယာခင်းများဆီမှ မီးရထားကြီးကို မြင်ဖူးပြီးဖြစ်သော်လည်း တစ်ခါမျှ မစီးဖူးသေး။ ‘မီးရထား စီးရတော့မည်’ ဆိုသော အသိကလည်း ကလေးတစ်ယောက်အ တွက်တော့ အတော်လေး ရင်ခုန်ချင်စရာ ကောင်းသည်။ မီးရထားကြီး ဆိုက်လာချိန်၌ စောစောက ခုန်နေသောရင်က ပိုခုန်သွားရသည်။ တိုးလား, ခွေ့လား, ဆွဲလား, ငင်လားဖြင့် မီးရထားပေါ် ဘယ်လိုက ဘယ်လို ရောက်သွားမှန်းပင် မသိ။ ခြင်းတွေ၊ ပလုံးတွေ၊ အထုပ်အပိုးတွေကို ကျော်ခွပြီး ထိုင်ခုံလွတ် ရှိမည့်နေရာကို ရှာဖွေနေကြရသည့် အဖြစ်။ အဖွဲ့သားအားလုံး ထိုင်ခုံမရကြသော်လည်း  မိမိကတော့ အငယ်ဆုံးမို့ ထိုင်ခုံလွတ် တစ်ခု၌ နေရာရခဲ့သည်။(၂) မြောက်စူးစူးရှိ ရွှေဘိုသို့ ဦးတည် ခုတ်မောင်းနေသော မီးရထားကြီးက ဘူတာစဉ်တိုင်းနီးနီး ရပ်နားပေးသည်။ ဘူတာ တစ်ဘူတာ ရပ်တိုင်းရပ်တိုင်း ဒေသထွက် စားသောက်ကုန်များ ရောင်းကြသည့် ခေါင်းရွက်ဈေးသည်တို့ကို တွေ့ရသည်။ ထိုမြင်ကွင်းက မိမိအတွက် အသစ်အဆန်း ဖြစ်သည်။ ‘ဟ၊ ပြေးနေတဲ့ မီးရထားကြီးဘေးမှာလည်း ဈေးသည်တွေက ရှိနေတာပါပဲလား’ ဟု တအံ့တသြ ဖြစ်မိရသေးသည်။ ဘူတာတိုင်း လိုလို၌ တွေ့ရတတ်သည်က ရေအိုးကလေးများ ရွက်ပြီး မီးရထား ပြတင်းပေါက်အနီး လာရပ်ကြသည့် ကလေးငယ်တို့ ဖြစ်သည်။ သူတို့ဆီမှ ကြားလိုက်ရသည့် စကားတစ်ခွန်းက “ရေကုသိုလ်” တဲ့။ “ရေကုသိုလ်လာဦး”ဆိုလျှင် မလှမ်းမကမ်းမှ အပြေးကလေး ရောက်လာကြသည်။ တစ်ခါတစ်ခါ ပြေးလာကြသည်က တစ်ယောက်တည်းမဟုတ်၊ နှစ်ယောက်သုံးယောက်။ခရီးသည်က မီးရထား ပြတင်းပေါက် အပြင်ဘက် လက်ထုတ်ကာ ရေအိုးအဖုံးကို ဖွင့်ပြီး ဖလားဖြင့်ခပ်သည်။ အချို့က သောက်သည်။ အချို့က ပုလင်းအလွတ်ထဲ ထည့်သည်။ အချို့ကလည်း ထိုရေဖြင့် မျက်နှာသစ်ကြသည်။ ပြီးတော့ ၁၀ ပြားစေ့တစ်စေ့၊ သို့မဟုတ်၊ မတ်စေ့တစ်စေ့ကို ရေအိုးအဖုံးပေါ် တင်ပေးလိုက်ကြသည်။ အချို့ကလည်း “အယ် -အကြွေတောင်ပါမလာဘူး” ဆိုပြီး ဒီအတိုင်းပဲ ပြန်လွှတ်လိုက်သည်။ ရေကုသိုလ်လေး ခမျာလည်း ဘာတစ်ခွန်းမျှမဆို၊ ဒီအတိုင်းပဲ ပြန်လှည့် ထွက်သွားသည်။ ကုသိုလ်တော့ ရလိုက်သည်ပဲ ထင်ပါရဲ့။ရန်ကုန်မန္တလေး ရထားလမ်းကို အခေါက်ခေါက် အခါခါ ဖြတ်သန်း စီးနင်းမိချိန်၌လည်း သံလမ်းဝဲယာ တစ်လျှောက်၌ ရေကုသိုလ် ကလေးများကို တွေ့ရသည်သာ။ ရေသန့်ဘူးများ ခေတ်စားလာချိန်ရောက်မှ ‘ရေကုသိုလ်' တို့လည်း အသံတိတ် သွားခဲ့၏ဟု မိမိထင်သည်။ ရေသန့်ဘူးခေတ် ရောက်လာချိန်၌ ရထားသံလမ်း ဘေးတစ်လျှောက်၌ ကြားရသည့် အသံက ပြောင်းလဲသွားသည်။ ထိုအသံက 'ရေသန့်ဘူးခွံပါရင် ချခဲ့ပါဗျို့' တဲ့။ ခေတ်တွေလည်း ပြောင်းသွားသည်။ လူတွေလည်း ပြောင်းသွားသည်။ အသံထွက်တွေလည်း ပြောင်းသွားသည်။ မပြောင်းလဲသေးသည်ကတော့ မီးရထားသံလမ်း တစ်လျှောက်၌ ဝမ်းသမုဒ္ဒရာ အူဂင်္ဂါအတွက် အဆင်မပြေခြင်းများကို အဆင်ပြေသလို ရုန်းကန် ဖြေရှင်းနေကြရသည့် ဘဝများသာ ဖြစ်သည်။(၃) ‘ရေကုသိုလ်' ဟု အသံမမြည်ပါပဲလျက် ရေကုသိုလ် ပြုနေကြသည်က လမ်းဘေးရေအိုးစင်ကလေးများ ဖြစ်သည်။ ငယ်စဉ်က စစ်ကိုင်းကို လှည်းဖြင့် ဈေးရောင်းဈေးဝယ် သွားလာကြရာ၌ တောင်ဖီလာ ရေအိုးစင်ရောက်လျှင် ခရီးတစ်ထောက် နားကြသည်။ ထိုနေရာ၌ မန်းကျည်းပင် အုပ်အုပ်ကြီးများလည်း ရှိသည်။ သစ်သားဇရပ်ကြီးလည်း ရှိသည်။ အုတ်ရေအိုးစင်၏ နဖူးစည်း၌ ရေအိုးစင် ကုသိုလ်ရှင် အမည်ကို ရေးထိုးထားသည်။ မောမောဖြင့် ရေတစ်ခွက်သောက်ပြီးလေတိုင်း ကုသိုလ်ရှင် အမည်ကို လှမ်းဖတ်ပြီး “သာဓုပါတော်၊ သာဓုပါ၊ ဘုန်းကြီးလို့ သက်ရှည်ကြပါစေ” ဟု ဆုတောင်းပေးလေ့ရှိသည့် မိန်းမကြီးများကိုလည်း မကြာခဏ တွေ့ရတတ်သည်။ ရေအိုးကို ဖွင့်မိချိန်၌ အိုးထဲရေ တစ်စက်မျှ မကျန်တော့လေလျှင်ကား “ဟယ်၊ အိုးထဲက မိကျောင်းကြီး ထွက်လာသတော့”  ဟု အရွှန်းဖောက်ချင်သည့် မိန်းမကြီးများလည်း ရှိသည်။ ‘အဲ၊ တတ်နိုင်ပါဘု၊ ကျောက်တာရောက်မှ အိမ်တစ်အိမ်ဝင်ပြီး ရေတောင်းသောက်ကြရမှာပဲ’ ဆိုပြီး ရေဆာဆာနှင့် နေပူခရီးကို ဆက်နှင်ကြသည်။မိမိတို့ မူလတန်း ကျောင်းသားအရွယ်က ဆရာကြီး၏ အစီအစဉ်အတိုင်း စာသင်ကျောင်း၏ မလှမ်းမကမ်း၌ ရှိသော အုတ်ရေအိုးစင်မှ ရေအိုးနှစ်လုံးကို အဖွဲ့လိုက် ရေဖြည့်ကြရသည်။ မိမိတို့ ဖြည့်ထားသော ရေအိုးထဲမှရေကို တစ်စုံတစ်ယောက်က ခပ်သောက်နေသည်ကို မြင်ရလျှင် စိတ်ထဲ အင်မတန်ကြည်နူးသည်။ ကိုယ်ကိုယ်တိုင်က ရေအိုးစင်ဒကာ ဖြစ်ခဲ့လျှင် ဒီထက်မက စိတ်ကြည်နူးရမှာပဲဟု တွေးမိဖူးသော်လည်း ရေအိုးစင်တော့ မတည်ဖြစ်ခဲ့။ ရေအိုးစင်ဒကာ မဖြစ်ခဲ့ဖူးသော်လည်း ပွဲသဘင် တစ်ခု၌ လာလာသမျှ ပရိသတ်တို့အား ရေသန့်ဘူး ဝေငှသည့် ကုသိုလ်တော့ ပြုခဲ့ဖူးသည်။ နေပူကျဲကျဲ အောက်၌ ကိုယ့်ကုသိုလ် ရေသန့်ဘူးလေးများကို မော့သောက်နေသည့် လူများကိုကြည့်ပြီး စိတ်ထဲအတော်လေး ကျေနပ်ပီတိ ဖြစ်ခဲ့ရဖူးသည်ကို မမေ့။(၄) ရေကိုလှူခဲ့ရသော ကောင်းမှုကြောင့် ဘဝအဆက်ဆက် ကောင်းကျိုးချမ်းသာ ပြည့်ဝခဲ့ရသည့် ‘ဥဒကဒါယိကာထေရီ’ ၏ ဝတ္ထုဇာတ်ကြောင်းက အပဒါန်ပါဠိတော်၌ ထင်ရှားသည်။ တစ်ခါက ဗန္ဓုမတီမင်း နေပြည်၌ ရေထမ်းရောင်းရသည့် ရေသည်မလေး တစ်ဦးရှိခဲ့သည်။ ရေရောင်း၍ ရသောငွေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းရသည်။တစ်နေ့သ၌ သူမက ဤသို့တွေးခဲ့သည်။ “ငါသည် သူဆင်းရဲမတစ်ဦးမျှသာ ဖြစ်သည်။ ငါ့၌ ပေးလှူဖွယ်ရာပစ္စည်း တစ်စုံတစ်ရာ မရှိ။ သို့သော် ရေအလှူကိုကား ငါလှူနိုင်စွမ်းသည်။ ထိုကုသိုလ်ကိုပင် ပြုအံ့” ဟု ကြံလျက် သံဃာတော်တို့၏ ရေချိုးအုံ (ရေချိုးခန်း) ၌ ချိုးရေတည်ခြင်း ကုသိုလ်ကို ပြုခဲ့လေသည်။ထိုကုသိုလ် အကျိုးဆက်ကြောင့် ထိုဘဝမှလွန်သော် တုသိတာ နတ်ပြည်သို့ ရောက်ရ၏။ တစ်ထောင်သော နတ်သမီးတို့ ထက်မြတ်သော နတ်သမီးဖြစ်ရ၏။ ထိုမှတစ်ပါး အကြောင်းတရား ၁၀-ပါးဖြင့်လည်း ထိုနတ်သမီးတို့ထက် သာလွန်မြင့်မြတ်သည့် ဘဝကို ရခဲ့သည်။ ထို ၁၀-ချက်သည်ကား (၁) ငါးကျိပ်သော နတ်မင်းကြီးတို့၏ မိဖုရားဖြစ်ရခြင်း။ (၂) စကြဝတေးမင်း နှစ်ကျိပ်၏ မိဖုရားဖြစ်ရခြင်း။ (၃) နတ်ဘ၀ လူ့ဘဝတို့၌သာ အဖန်ဖန် ကျင်လည်ရခြင်း။ (၄) တောင်ထိပ်၌ဖြစ်စေ၊ သစ်ပင်၌ဖြစ်စေ၊ ကောင်းကင်၌ဖြစ်စေ၊ ရေကို အလိုရှိလေတိုင်း အလျင်အမြန် ရလွယ်ခြင်း။ (၅) သူမအလိုရှိလျှင် မိုးကိုရွာစေနိုင်ခြင်း။ (၆) မိုးမရွာသောအရပ်၊ အပူလွန်သော အရပ်တို့၌ မဖြစ်ရခြင်း။ (၇) ခန္ဓာကိုယ်၌ ပူလောင်အိုက်စပ်မှု မရှိခြင်း။ (၈) ခန္ဓာကိုယ်၌ မြူမှုန်မကပ်ရောက်ခြင်း။ (၉) ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပ္ပါယ်သို့ မလားမရောက်ရခြင်း။ (၁၀) နောက်ဆုံးဘဝ၌ စိတ်အထူး စင်ကြယ်လျက် ရဟန္တာထေရီမ ဖြစ်ရခြင်းတို့ ဖြစ်သည်။တစ်ခါက ဒကာမကြီးတစ်ယောက် ဘုန်းကြီးကျောင်းသို့ ဆွမ်းအုပ်လာပို့ရာ ဘုန်းတော်ကြီးက “သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ။ ဆွမ်းလှူရကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ” လင်္ကာကို သရဇ္ဈာယ်လျက်  ဆွမ်းအလှူ၏ အကျိုးငါးပါးကို ဟောမိန့်လိုက်သည်။ ထိုဒကာမကြီး ကျောင်းလှေကားမှ အဆင်း၊ ရေလာလှူသော မိန်းမတစ်ယောက် ကျောင်းပေါ်တက်သွားသည်။ ဘုန်းတော်ကြီးက လင်္ကာအသစ်ကို သရဇ္ဈာယ်တော်မူပြန်သည်။ ထိုလင်္ကာသည်ကား “သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ။ စင်ကြယ် သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ” ဟု ဖြစ်သည်။ ‘ရေအကျိုးဆယ်ပါး’ ဟု ကြားလိုက်ရသည့် ဆွမ်းအမကြီးစိတ်ထဲ ဘဝင်မကျလှသဖြင့် ဘုန်းကြီးထံမှောက် နောက်တစ်ခေါက် ရောက်လာပြန်သည်။“အရှင်ဘုရား၊ တပည့်တော် တပင်တပန်း ချက်ပြုတ်ခဲ့ရတဲ့ ဆွမ်းလှူကျိုးက ငါးပါးထဲရယ်။ ကန်ထဲကရေ ခပ်ပြီးလာလှူတဲ့ မသိန်းခင်ကျတော့ အကျိုးတရားက ၁၀ ပါးဆိုပါလား၊ ဘယ့်နှာပါလိမ့်ဘုရား” ဟု လျှောက်ရာ ဘုန်းတော်ကြီးလည်း ဗြုန်းခနဲ နှုတ်ဆွံ့သွားသည်။ အတန်ကြာမှ “ဒကာမကြီး ထမင်း, ဟင်းချက်တော့ ရေမပါဘူးလား”၊ “မပါဘဲနေ မလားကိုယ်တော်”၊ “အေးလေ အဲဒီမှာ ကတည်းက ရေအလှူက ပါနေပြီ။၊ ရေက ၁၀ ပါးနဲ့ ဆွမ်းက ငါးပါးဆိုတော့၊ ဒကာမကြီးရတဲ့ အကျိုးက ၁၅ ပါးကြီးတောင်ပဲလေ၊ ဟုတ်ဘူးလား” ဟု မိန့်လိုက်ကာမှ ဆွမ်းအမလည်း ပြုံးပြုံးကြီး ဦးချပြီး ကျောင်းပေါ်မှ ပြန်ဆင်းသွားပါသတဲ့။(၅) ယခင့်ယခင် နှစ်တို့ကလည်း နွေရာသီရောက်တိုင်း ရေရှားပါး ပြတ်လပ်သော အရပ်ဒေသတို့သို့ ဂါလန်များစွာ ဆံ့သော ကားကြီးများဖြင့် သွားရောက် လှူဒါန်းနေကြသည့် အဖွဲ့အစည်းတို့ကို တွေ့မြင်နေရသည်။ အချို့က ထိုအရပ်ဒေသတို့၌ အဝီစိတွင်း အသစ်တူး၍  သို့မဟုတ် တွင်းဟောင်းကိုဆယ်၍ ကုသိုလ်ပြုကြသည်။ ရေကိုသွားရောက် လှူဒါန်းသည်ဖြစ်စေ၊ ရေတွင်း, ရေကန်တူး၍ အကူအညီ ပေးကြသည်ဖြစ်စေ အားလုံး၏ လုပ်ရပ်နှင့် စေတနာက သာဓုခေါ်ချင်စရာ ကောင်းလှသည့် အမွန်တမြတ် လုပ်ငန်းစဉ်တို့သာ ဖြစ်သည်။  မိုးကြီးရေလျှံခဲ့စဉ် ကာလက ရေဘေးသင့် ဒုက္ခသည်တို့အား အနယ်နယ် အရပ်မှ စေတနာရှင် အများစု၏ ပေါင်းစုကုသိုလ်ဖြင့် ထိုအခက်အခဲကို ကျော်လွှား လွန်မြောက်ခဲ့ပြီး ဖြစ်သည်။ မြန်မာတို့၏ သဒ္ဓါထက်သန်မှုကို ကမ္ဘာကပင် တအံ့တသြ ဖြစ်ခဲ့ရသည်။ ယခု ပြဿနာက မိုးခေါင် ရေရှားဒဏ်သင့်၍ သောက်သုံးရေ အခက်အခဲ ဖြစ်ကြရမည့် လက္ခဏာ။ ရေနစ်သူတို့သည်သာ ရေဘေးဒုက္ခသည် မဟုတ်၊ ရေငတ်သူတို့လည်း ရေဘေးဒုက္ခသည်ပင် ဖြစ်သည်။ရေအိုးစင် တည်မထားသော မီးရထားကြီးနှင့် ရေငတ်နေသော ရထားစီး ခရီးသည်များ။ ရေအိုးကိုယ်စီ ရွက်ပြီး ရထားသံလမ်း တစ်လျှောက် ပြေးလွှား လှုပ်ရှားနေသော ကလေးငယ်များ။ ‘ရေကုသိုလ်’ ဆိုသော အသံစာစာလေးများ။ တစ်ခါက ပုံရိပ်ဟောင်းများက အတွေးထဲ တိုးခွေ့ဝင်လာကြလေသည်။