ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်
Published 1 March 2016
နီငြိမ်း

(၁) ဇာတိချက်ကျွေမွေးရပ်မြေဗိုလ်အောင်ကျော်ကို ၁၂၇၃ ခုနှစ် တပို့တွဲ လဆုတ် ၉ ရက် တနင်္ဂနွေနေ့တွင် ဟင်္သာတခရိုင် ရုံးဇင်ရွာ၌ ဆရာကြီး ဦးကျော်တင် အမိ ဒေါ်ရွှေကျေးတို့က မွေးဖွားခဲ့သည်။ မောင်အောင်ကျော်သည် ဖခင်ကြီး၏ အလယ်တန်းကျောင်း၌ သူငယ်တန်းမှ ခြောက်တန်းအောင်သည် အထိ စာသင်ခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ ရုံးဇင်ရွာနှင့် တစ်မိုင်ခန့်ဝေးသော မဲဇလီကုန်းမြို့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပြီး အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံး သင်ယူခဲ့သည်။ မောင်အောင်ကျော်မှာ အမျိုးသား ကျောင်းနေခဲ့ရာမှ မျိုးချစ်စိတ်ဓာတ် ရှင်သန်လာခဲ့ရ၏။မဲဇလီကုန်းမှ ခုနစ်တန်းအောင်ပြီး နောက်ဟင်္သတာမြို့ မြောက်ဘက်ကမ်း မင်းကျောင်း၌ အထက်တန်း ပညာများ သင်ယူခဲ့ပါသည်။ ကိုအောင်ကျော်သည် ကျောင်းနေစဉ်ကပင် အနောက်တိုင်းဆန်ဆန် နေထိုင် ဝတ်စားသူများကို မျက်မုန်းကျိုးခဲ့လေသည်။ ကိုယ်တိုင်မှာမူ ကတုံးဆံတောက် ထားပြီး ပင်နီတိုက်ပုံကို အမြဲဝတ်ထားသည်။ စကားပြော ကောင်းသော်လည်း ဘုကန့်လန့်ကျကျ ပြောတတ်ဆိုတတ်လေသည်။(၂) ကောလိပ်ပညာ သင်ယူပြီဟင်္သာတတွင်နေစဉ် စာတော်သဖြင့် ၁၉၃၄-၁၉၃၅ ၌ ဂျပ်ဆင်ကောလိပ် တက်ခွင့်ရခဲ့၏။ စီးပွားရေး ပညာသင်ယူကာ မြန်မာစာတော်သူ ဖြစ်သည်။ ဆရာကြီး ကထိကဦးထွန်းဖေက Burmese(Hons) တက်ရန် တိုက်တွန်းမှု ခံခဲ့ရ၏။ ကိုအောင်ကျော်မှာ ကျောင်းတက်လျှင် ခုံဖိနပ်စီးသည်။ တိုက်ပုံဝတ်သည်။ သူ၏ အမျိုးသား စိတ်ဓာတ်ကို ဝတ်စားဆင်ယင် ပြောဆိုမှုက ပြနေသည်။မောင်အောင်ကျော်သည် မြို့နယ်အတွင်း လှည့်လည်သွားလာပြီး ဟောပြောခြင်း၊ စကားရည်လုခြင်း၊ အပေါင်းအသင်းများအား နိုင်ငံရေး နိုးကြားစေခဲ့ခြင်းဖြင့် အချိန်ကုန်သည်။ တစ်ခါတစ်ရံ ခရမ်းသုံးခွဘက် ရောက်ရှိ၍ လှုံ့ဆော်မှုများ ပြုလေ့ရှိ၏။တစ်ခုသော ပါတော်မူနေ့တွင် ကိုအောင်ကျော်က (ထိုနေ့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာသည်။ နိုင်ငံခြားသားများနှင့် စကားမပြောလို) ဟူသော စာတန်းကိုရေး၍ နံရံ၌ ကပ်ထားသည်။ ၁၉၃၈ ခုနှစ်၌ ကုလားဗမာ အဓိကရုဏ်း ဖြစ်ခဲ့သည်။ နယ်ချဲ့သူများက ကျောင်းသားများကို ရှာဖွေဖမ်းဆီးသည်။ ကိုအောင်ကျော်သည် ဟင်္သာတဦးမြ၊ ပါလီမန်အမတ် ဦးထိန်တို့နှင့် တွေ့ဆုံကာ ကျောင်းသားအရေး ဆောင်ရွက်ခဲ့၏။ထို့နောက် အခြေအနေအရ ဇာတိချက်ကြွေ ဟင်္သာတ၌ ၁၃၀၀ ပြည့် မတိုင်မီကပင် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ကိုသိန်းအောင်တို့နှင့်အတူ မဲဇလီကုန်း ပတ်ဝန်းကျင် လှုပ်ရှားမှုများ လုပ်ခဲ့သည်။ သပိတ်မှောက် တိုက်ပွဲဝင်ရေးများ ဆော်သြခဲ့ပါသည်။ ၁၃၀၀ အရေးတော်ပုံ ကာလတွင် ကိုအောင်ကျော်မှာ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ဖြစ်လာခဲ့သည်။ နယ်ချဲ့အစိုးရက ရေနံမြေ သပိတ်ကြီးတွင် ကိုဗဟိန်း၊ ကိုဗဆွေတို့ကို ဖမ်းလိုက်သည်။(၃) ၁၃၀၀ ပြည့် အရေးတော်ပုံမှသည်၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၊ ၁၃၀၀ ပြည့် နတ်တော်လတွင် အစိုးရမှ ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို ဖျက်သိမ်းပေးရန်၊ ဖမ်းထားသူများ လွှတ်ပေးရန် တောင်းဆိုခဲ့လေသည်။ တောင်းဆိုချက်များ မရသည့်အခါ အတွင်းဝန်ရုံးကြီးကို ဝိုင်း၍ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲ ကြီးမားလာသဖြင့် အတွင်းဝန်များ အလုပ်မလုပ်နိုင်ဘဲ ရုံးပိတ်ထားလိုက်ရသည်။အစိုးရကလည်း အလျှော့မပေး၊ ဆန္ဒပြ ကျောင်းသားများကို မြင်းစီးပုလိပ်များဖြင့် အတင်းဝင်ဖမ်းသည်။ နံပါတ်တုတ်များဖြင့် ရိုက်သည်။ သို့အတွက် ကျောင်းသား ၂၀၀ မျှ ထိခိုက် ဒဏ်ရာရခဲ့သည်။ ကိုအောင်ကျော်လည်း ခေါင်း၌ နံပါတ်တုတ်ထိပြီး ပြာသိုလဆန်း ၂ ရက် မွန်းလွဲ ၂ နာရီအချိန် အသက် ၂၃ နှင့် အရွယ်တွင် သူချစ်သော ပြည်သူကို ကျောခိုင်းကာ ကျဆုံးရှာသည်။ဗိုလ်အောင်ကျော်၏ အလောင်းကို ဟင်္သာတ ပြန်ယူရန် ကြိုးစားရာ အစိုးရက လုံးဝခွင့်မပြုခဲ့ပါ။ ပြာသိုလဆန်း ၈ ရက်နေ့ ဂူသွင်းသင်္ဂြိုဟ်ရာ လွန်စွာစည်ကားသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဦးထွန်းရှိန်၏ ဘေးတွင် ဂူသွင်းလိုက်သည်။ ထိုအချိန်က ဘကြီးမှိုင်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်များက ဗိုလ်အောင်ကျော်အတွက် သီချင်းများ ရေးစပ်ခဲ့ကြပေသည်။ဗိုလ်အောင်ကျော်၏ အသုဘက တစ်နိုင်ငံလုံးကို လှုံ့ဆော်ပေး သကဲ့သို့ ဖြစ်ခဲ့ရ၏။ဗိုလ်အောင်ကျော်ကား အသက်သေသော်လည်း နာမည်မသေခဲ့ပါ။ သူ့လို စွမ်းစွမ်းတမံ လုပ်မည့် ကျောင်းသားများ ပေါ်လာခဲ့သည်။ ကိုအောင်ကျော်မှာ စိတ်နေစိတ်ထား ပြည့်ဝပြီး အပျော်အပါး လိုက်စားခြင်း မရှိ။ ကွမ်းဆေး လက်ဖက်ကင်းသည်။ အမျိုးသား စိတ်ဓာတ် ပြင်းထန်၍ စာဖတ်ဝါသနာပါသည်။ လက်ဝဲစာပေများကို ရှာဖွေဖတ်ရှုခဲ့၏။ စာရေးမှုတွင် ဝါသနာထုံသည်။ ဂန္ထလောက မဂ္ဂဇင်း၌ နိုင်ငံရေး ဆောင်းပါးများ ရေးသည်။ငယ်စဉ်က ကျောင်းမဂ္ဂဇင်းတစ်ခုတွင် ဗိုလ်အောင်ကျော် ရေးဖူးသော ကဗျာလေးမှာ“စည်းသံကချွင်ဘင်သံကဟိန်းမောင်းသံမှာ ဒီဟီနှောတယ်ဗြောသံကပြိန်း”
ဟူ၍ ဖြစ်၏။ နယ်ချဲ့ကို စာပေဖြင့် တိုက်ပွဲဝင်ရန် ဗိုလ်အောင်ကျော်က နှိုးဆော်သွားပါကြောင်း သူ၏ ရာပြည့်တွင် တင်ပြလိုက်ရပါသည်။ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)-ကျောင်းသားများ လှုပ်ရှားမှုသမိုင်း