ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
Published 28 February 2016
မြေနီသစ္စာ

“လောကလူတွေမှာ ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ” အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသက အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဟူသော ဓမ္မအသိပေးတရားမှာ ယင်းသို့ ဖွင့်ဟထားလိုက်ပါသည်။
“လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကို လှဖို့ပဖို့ ပြင်ကြတယ်။ သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး။ စိတ်နေသဘောထားတွေ မပြင်ဘူး။ စိတ်တိုတတ်တဲ့လူက (ငါစိတ်တိုတတ်တယ်နော်) ဆိုပြီး ဂုဏ်တောင် ယူနေသေးတယ်။ (ငါ့လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး) လို့ ပြောတယ်။ ဒါပေမဲ့ ပြင်ဖို့စိတ်မဝင်စားဘူး။ လောဘကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မဝင်စားဘူး။ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့စိတ်မဝင်စားဘူး။ မသိမလိမ္မာ မောဟကြီးနေတဲ့ သူကလည်း ပြင်ဖို့စိတ်မဝင်စားဘူး။ ကိုယ့်ကို ပြန်စမ်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ဝါသနာပါတယ်ဆိုတာ ပြင်ဖို့စိတ်မဝင်စားဘူး”
ဆရာတော်သည် လူတို့၏ အားနည်းချက်ကို ရှုကြည့်သည်။ တွေ့မြင်သည်။ ပြင်သည်ဟုဆိုသော လူပုဂ္ဂိုလ်များ၏ လက်တွေ့ပြုမူချက်ကို လေ့လာသုံးသပ်ကြည့်တော့ ပြင်သင့်သည်ကို မပြင်ဘဲနေကြသည်။ စိတ်ဆန္ဒကတော့ ပြင်ချင်ဟန်ရှိသည်။ လက်တွေ့မှာ မပြင်နိုင်ဘဲ မပြင်ဖြစ်ဘဲ ဖြစ်နေသည်။ စိတ်ဆန္ဒနှင့် လက်တွေ့ တစ်ထပ်တည်းမကျတော့ ဖြစ်သင့်မှုသည် လစ်ဟာနေသည်။ လိုအပ်နေသည်။ မပြင်နိုင်ဘဲ ဖြစ်နေသည်။
ရုပ်ဖြူစင်မှုနှင့် စိတ်ဖြူစင်မှုတွင် ဘယ်အရာက အဓိကကျပါသလဲ။ ယင်းကိုလည်း ဆရာတော်က ကျိုးကြောင်းပြလျက် ဤကဲ့သို့ ဆိုမိန့်သည်။
“စိတ်ဖြူစင်မှုက အဓိကကျတယ်။ ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပေးပြီးတော့ လုပ်ကြရမှာ ဖြစ်တယ်။ စိတ်ဖြူစင်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ။ ဘယ်အရာတွေ ကိုယ့်စိတ်ထဲမှာ ရှိနေရင် မဖြူစင်တာလဲ။ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ ဆိုတာလည်း သိဖို့လိုတယ်”
မိမိကိုယ်မိမိ စစ်ဆေးသုံးသပ်ရာတွင် ယင်းအမေးစကားတို့ဖြင့် မိမိကိုယ်ကိုယ် မေးမြန်းစုံစမ်းရပေသည်။ ယင်းမေးခွန်းတို့သည် မိမိတွင် စွဲကပ်နေသော ခွာချရန်လိုအပ်သော စိတ်ကြေးညှော်တို့ကို ဖော်ထုတ်ပြသပေးသည်။ လမ်းညွှန်ဖြေရှင်းပေးသည်။
“ပြင်ပဗဟိန္ဓမှာ ကိုယ့်အဝတ် ညစ်ပေနေလို့ရှိရင် သိတယ်။ ဒါကအဝတ်ကို ညစ်ပေစေတတ်တယ်။ ဖုန်တွေ အရောင်မကောင်းတဲ့  အညစ်အကြေးတွေပေါ့။ အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့၊ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။”
ဖြစ်နေကြသည်မှာ ပြင်ပအနေအထားကိုသာလျှင် သတိပြုရှုကြည့်နေကြ၏။ ပြင်ပ အနေအထား သန့်ရှင်းစင်ကြယ်အောင် ဖြူစင်အောင် အားထုတ်နေကြ၏။ ရုပ်ဝတ္ထုပစ္စည်းတို့ကို သုံးစွဲ၍ ပြင်ပဖြူစင်ဖို့ကို လုပ်ဆောင်နေတတ်ကြ၏။ ပြင်ပထက် မည်သည့်အရာက အရေးကြီးပါသနည်း။ ယင်းသို့ သုံးသပ်ဆင်ခြင်ကြည့်လျှင် ဤသို့တွေ့ရလေသည်။
“ကိုယ့်စိတ်လေး ညစ်ထည်းနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများကသတိမရဘူး။ လွှတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။ လူဆိုတာ လှတာမြင်ရင် သဘောကျတယ်။ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိမခံသာဖြစ်မယ်။ ဒါလူ့သဘာဝပဲဆိုပြီးတော့ လွှတ်ထားကြတယ်။ စိတ်ရဲ့ အညစ်အကြေးမှန်း မသိကြဘူး။ အညစ်အကြေးလို့  အသိအမှတ်မပြုကြဘူး။ အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး”
ဆင်ရိုင်းလို
“ဆင်ရိုင်းကို ဥပမာပေး၍လည်း ဆရာတော်က သွန်သင်ဆုံးမသည်။လူ့ရဲ့စိတ်ဟာလည်း တစ်ခါတစ်ခါမှာ ဆင်ရိုင်းလိုပဲ။ အင်မတန်မှရိုင်းတယ်။ ဆင်မုန်ယိုသလို လူတွေလည်းပဲ မုန်ယိုတတ်တယ်။ လောဘလည်း မုန်ယိုတာပဲ။ ဒေါသလည်း မုန်ယိုတာပဲ။ လောဘမုန်ယိုလို့ ခိုးမှု၊ တိုက်မှုတွေဖြစ်တယ်။ ရာဇဝတ်မှုတွေ ဖြစ်တယ်။ ဒေါသမုန်ယိုလို့ လူသတ်မှုတွေဖြစ်တယ်နော်။ အဲဒီလို လောဘ၊ ဒေါသ မုန်ယိုလာတဲ့အခါမှာ ထိန်းချုပ်ရမယ့်ဟာ ချွန်းလိုအတွေးလေးနဲ့ ကိုယ့်စိတ်ကိုနိုင်အောင် အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်ပြီးတော့ ဆင်ကိုချုပ်ကိုင်တဲ့ ချွန်းလို အသုံးချပြီးတော့ ကိုယ့်ကိုယ်ကိုယ်နိုင်အောင် ကိုင်ထားလို့ ပြောတာ”
အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်ဖို့မှာ ဆင်ရိုင်းကိုနိုင်သော ချွန်းလို အထိန်းအချုပ်လိုပေသည်။ အမှန်ပင်လူ၏ စိတ်သည် တစ်ခါတစ်ခါမှာ ဆင်ရိုင်းလို ရိုင်းကြသည်။ ထသည်။ လွှတ်ထားပေးလိုက်လျှင် အဆုံးစွန် ရာဇဝတ်မှု ကျူးလွန်သည်ထိ နွံနစ်သည်။ သတ်ဖြတ်ဆိုးသွမ်း ဒုစရိုက်မှုပြုလျက် အဆုံးစွန် မိုက်မဲညစ်ထည်းသည်ထိ ကျူးလွန်တတ်ကြ၏။ ယင်းစိတ်ဆိုးစိတ်မိုက်တို့ကို နိုင်အောင် ကိုင်နိုင်သူတို့သာ ခံနိုင်ရည်ရှိကြ၏။ တရားထူး တရားမြတ်ကို ရကြ၏။ သံသရာဝဋ်က လွတ်သွားကြ၏။ စိတ်ဆိုးစိတ်မိုက်ကို မနိုင် မကိုင်နိုင်ပါလျှင် တရားထူးတရားမြတ်ရရန် အင်မတန်ခက်ခဲ၏။ စိတ်ထဲတွင်ဖြစ်သော အညစ်အကြေးတို့ကို သန့်ရှင်းအောင် မလုပ်နိုင်လျှင် အပါ္ပယ်ရောက်၏။ ယင်းကြောင့် စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်ဖို့ရာ အတွက် အကောင်းဆီရောက်အောင် အတွေးဖြင့် စဉ်းစားရမည်။ သုံးသပ်ရမည်။ ဆင်ခြင်ရမည်။ အဖန်တလဲလဲ အကောင်းကိုသာလျှင် ဦးတည်တွေးဆရပေမည်။ အလေးထား၍ စဉ်းစားဆင်ခြင်ဆိုသည်မှာ ဘာကိုအလေး ထားရမှာပါလဲ။ စင်စစ် အလေးထား၍ စဉ်းစားဆင်ခြင်ရန် အလေးထားရမည့် တရားသုံးပါးရှိသည်။ ယင်းကို ဆရာတော်က ဤကဲ့သို့ မိန့်ကြားသည်။
“အလေးထားဖို့ရာအတွက် သုံးမျိုးရှိတယ်။ နံပါတ် (၁) ကိုယ့်ကိုယ်ကိုယ် အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရမယ်။ နံပါတ် (၂) ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်ရမယ်။ နံပါတ် (၃) က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။ အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။ ကုသိုလ်တွေတိုး တက်လာအောင် ကြိုးစားတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် အလေးထားတာ။ အမှန်အားဖြင့် ဆရာတော်သည် အကြောင်းကြောင်းကြောင့် သီလနည်းနေရှာသူတို့ကို သီလနှင့်နီးစပ်လာအောင် ထိတွေ့လာအောင် တစ်စတစ်စ သီလပွားများလာအောင် ချီးမြှင့်ခြင်းဖြစ်သည်။ ဆရာတော်သည် အမေးစကား အဆင့်ဆင့်ဖြင့် လိုရင်းအဖြေစကား ကိစ္စကောင်းသို့ ရောက်အောင် သိမ်မွေ့ညင်သာစွာ သိမ်းသွင်းခေါ်ဆောင်နေခြင်းပင်။
“ကိုယ့်ကိုယ်ကိုယ် အလေးထားတယ်ဆိုတာ ဘာလဲ”ဆိုကာ ဆရာတော်ကမေးပြီး သော် “ငါဟာ အခုအင်မတန် တန်ဖိုးရှိတဲ့ လူ့ဘဝကိုရောက်လာပြီ။ မျက်စိကောင်း၊ နားကောင်း၊ အသိဉာဏ်ရှိတယ်။ လူ့ဘဝမှာလည်း ခြေလက် ပြည့်ပြည့်စုံစုံရှိတယ်။ ဘုရားဟောတဲ့ တရားတွေကို တို့သိရှိခွင့်တွေရနေတယ်။  အဲဒီလို လူလည်းဖြစ်တယ်။ အသိဉာဏ်လည်း ရှိနေတယ်။ တရားတွေလည်း သိရှိခွင့်ရနေတယ်။ ငါ့မှာ ဒီလောက်အခြေအနေတွေ ကောင်းနေတာ စားဝတ်နေရေးတွေ လုံးပန်းပြီး အပျော်အပါးတွေ လိုက်ပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်မယ်ဆိုရင် ငါ့အဖို့ ဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး”
ယင်းတို့သည် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ရာက မိမိကိုယ်မိမိ မေးခွန်းများ ထုတ်ဆင့် စစ်ဆေးရာက မိမိကိုယ်ကိုယ် တွေ့သိလာခြင်းပင်။ အထူးသဖြင့် လူသည် စားဝတ်နေရေးတွေကိုသာ လုံးပန်းပြီး အချိန်ကုန်သွားမည်ကို ဆရာတော်ကြီးက ဉာဏ်အမြင်ဖြင့် ဆင်ခြင်နိုင်အောင် ယင်းသို့သုံးသပ်ပြခြင်းပင်။
“စားဝတ်နေရေးဟာ တိရစ္ဆာန်လည်း လုံးပန်းတာပဲလေ။ သူတို့လည်း သူတို့အဘာသာသူတို့ စားစရာတော့ရှာကြတာပဲ။ သူတို့ အတိုင်းအတာအလိုက် သူ့စားဝတ်နေရေး ရှာတာဟာ ဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ဘဝတစ်ခုကို ရပ်တည်နိုင်ဖို့အတွက်ရှာတာ။ အပျော်အပါးဆိုတာ လူတွေမှာသာ ရှိတာမဟုတ်ဘူး။ တိရစ္ဆာန်တွေမှာလည်းရှိတာ။ ဒီတော့ အပျော်အပါးတွေနဲ့ စားဝတ်နေရေး လုံးပန်းမှု ဆိုတာတွေနဲ့ ဘဝတစ်ခုကို အဆုံးသတ်လိုက်မယ်ဆိုရင် ငါ့မှာဘာတန်ဖိုးမှ ရလိုက်မှာ မဟုတ်ဘူး။ အင်မတန်တန်ဖိုးရှိတဲ့ လူ့ဘဝကြီး တစ်ခုလုံးဟာ လက်လွတ်ဆုံးရှုံးသွားတော့မှာပဲ။” ဆရာတော်သည် မြင်သာအောင်၊ တွေးသာအောင်၊ ဆင်ခြင်စဉ်းစားနိုင်အောင်၊ သုံးသပ်စိတ်ဖြာနိုင်အောင် လူနှင့် တိရစ္ဆာန်ကိုပင် နှိုင်းယှဉ်တင်ပြထားပုံမှာ မြင်လွယ်၊ သိလွယ်၊ ဆင်ခြင်သုံးသပ် သတိမူနိုင်ဖွယ်တို့ကို ရှေးရှုထားပေသည်။
အဂ္ဂမဟာပဏ္ဍိတဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ယင်း၏ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် တရားဖြင့် အကောင်းဘက်သို့ရွေ့အောင် ပို့ဆောင်ပေးခြင်းသည်ကား လူတိုင်းလူတိုင်း ဓမ္မအသိဖြင့် အကျိုးရှိရှိနေနိုင်မည့် ဘဝကို ညွှန်ပြ ပို့ဆောင်လိုက်ခြင်းသာပင်။