ဗျူရိုကရေစီ တစ္ဆေလား

ဗျူရိုကရေစီ တစ္ဆေလား
Published 28 February 2016
စည်သူငြိမ်း

အနောက်နိုင်ငံများက သူတို့က အစိုးရအတွက် ဝန်ထမ်းများ ရွေးချယ်မှုစနစ်သည် တရုတ်နိုင်ငံ၏ လူရွေးချယ်မှုစနစ်ဟောင်းကို အခြေခံပြီး ပွားယူထားခြင်းဖြစ်ကြောင်း သမိုင်းပါမောက ္ခနော့သ်ကုတ်က ဆိုသည်။ တရုတ်နိုင်ငံ မင် မင်းဆက်တွင် အရည်အချင်းရှိသူ ကျောင်းသားများက သက်ဆိုင်ရာပြည်နယ်များတွင် သုံးနှစ်တစ်ကြိမ်ကျင်းပသော ဝင်ရောက်ဖြေဆိုကြရသည်။
ထိုစာမေးပွဲများကို အောင်မြင်သူ လူအနည်းစုသည် နေပြည်တော်တွင် စာမေးပွဲ ဆက်လက်ဖြေဆိုကြရပြီး အောင်မြင်သူများကိုသာ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ကြသည်။ အနောက်တိုင်းသားများက ၁၈၁၅ မှ ၁၈၃၀ ပြည့်နှစ်အထိတိုင်အောင် အချိန်များစွာပေး၍ ထိုစနစ်ကို လေ့လာခဲ့ကြပြီး နာမည်ကျော် အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၃၂ ခုနှစ်တွင် စတင်လက်ခံကျင့်သုံးခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်များ မြန်မာနိုင်ငံကို အုပ်စိုးစဉ်က အုပ်ချုပ်ရေးအရာရှိများသည် ICS စာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသူများ ဖြစ်ကြသည်။
ထူးခြားသည်မှာ တရုတ်ပြည် စာမေးပွဲများကဲ့သို့ ထိုစာမေးပွဲများတွင် ဂန္ထဝင်စာပေများ ဖြစ်သည့် စကားပြေနှင့် ကဗျာတို့ကိုပါ ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ ဘာသာရပ်များနှင့်အတူ ဖြေဆိုရခြင်းဖြစ်သည်။ ဂန္ထဝင်စာပေ လေ့လာသူနှင့်စာပေရေးရာတွင် တတ်ကျွမ်းသူ အရည်အချင်းရှိသူများသည် မည်သည့်အုပ်ချုပ်ရေးဆိုင်ရာ ရာထူးနှင့်မဆို အံဝင်ခွင်ကျ ဖြစ်မည်ဟု ဆိုသည်။ မြန်မာရှင်ဘုရင်များလက်ထက်ကလည်း စာတော်ပြန်ပွဲများကျင်းပကာ ပညာရှိများ ရွေးချယ်ပြီး မင်းမှုထမ်းအဖြစ် ခန့်ထားသည့် အစဉ်အလာများရှိခဲ့သည်။ အသက်နှစ်ဆယ် မကျော်သေးသူ လူငယ်ကလေးများသည် စာတော်ပြန်ပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရှိကြသည်။ သူတို့သည် ဘုန်းတော်ကြီးကျောင်းများတွင် စာပေသင်ကြားထားသူများ ဖြစ်ကြသည်။ ဘုန်းတော်ကြီးများကလည်း လူချွန်ကလေးများကို လက်သပ်မွေးမြူထားပြီး စာသင်ပေးကြသည်။ နန်းတော်နှင့်ပတ်သက်သည့် ပညာရပ်များ ဆန်းကျမ်း၊ ဂဏန်းသင်္ချာ၊ အလင်္ကာကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ လျှောက်ထုံး၊ ဖြတ်ထုံး၊ ဥပဒေကျမ်းများသာမက မြင်းစီး၊ ဓားခုတ်လံှထိုး၊ နပန်းကိုင်၊ လက်ဝှေ့သတ် စသည့်အတတ်များကိုပါ သင်ပေးကြသည်။ စာမေးပွဲအောင်သူများအားလုံး မင်းမှုထမ်းကြသည်တော့ မဟုတ်ဘဲ အချို့မှာ ရဟန်း ဝတ်ကြသည်လည်း ရှိသည်ဟုဆိုသည်။ မင်းမှုထမ်းလိုသူများကို ဘုရင်က သင့်ရာနေရာတွင် ခန့်ထားပေးလေသည်။
ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် လွတ်လပ်ရေးပေးသည့်အခါ လွတ်လပ်ရေးနှင့်အတူ အစိုးရအုပ်ချုပ်ရေးစနစ်ပါ ပါဝင်လာခဲ့သည်။
ထိုအုပ်ချုပ်ရေးစနစ်သည် နိုင်ငံရေးကင်းရှင်းပြီး ခိုင်မာသော ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပြီး အားကောင်းထိရောက်သော ထက်မြက်သော ကုန်ကျစရိတ် သက်သာသော ယန္တရားဖြစ်သည်ဟု ပညာရှင်များကဆိုသည်။ ဗြိတိသျှတို့အုပ်စိုးစဉ်အခါက ICS (Indian Civil Service) စာမေးပွဲများကို ဖြေဆိုကြရပြီး အရွေးခံကြရသူများသည် လန်ဒန်တွင် နှစ်နှစ်သင်တန်း တက်ကြရသည်။
၁၉၃၇ နောက်ပိုင်းတွင်ခန့်ထားသော မြန်မာတိုင်းရင်းသားများကို BCS (Burma Civil Service) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်မှာ ၁၉၇၂အထိ ဖြစ်သည်။ သူတို့ကိုအများက ဗျူရိုကရက်ဟု ခေါ်ဝေါ်ကြပြီး ထိုအမည်မှာ လူကြိုက်နည်းသော အမည်တစ်ခု ဖြစ်ခဲ့သည်။ ဗျူရိုကရက်ဟူသည်မှာ စားပွဲ၊ အံဆွဲဟု အဓိပ္ပာယ်ရသည့် ပြင်သစ်စကား Bureau နှင့် အုပ်ချုပ်ခြင်းဟု အဓိပ္ပာယ်ရသည့် ဂရိစကား Kratein ကိုပေါင်းစပ်ထားခြင်း ဖြစ်သည်။ ရွေးကောက်ခြင်းဖြင့် တက်လာခြင်းမဟုတ်သော လခစားဝန်ထမ်းများဖြင့် အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဟု ပညာရှင်များက ဖွင့်ဆိုကြသည်။
သို့သော် တော်လှန်ရေး ကောင်စီတက်လာပြီးသည့်နောက် ဗျူရိုကရေစီကို တစ္ဆေတစ်ကောင်လို ရှုမြင်ခဲ့ကြပြီး ဗျူရိုကရေစီယန္တရားကို ပြည်သူ့အုပ်ချုပ်ရေးဟု အမည်ပေးထားသည့် ပြည်သူ့ကောင်စီဖြင့် အစားထိုးရာမှ လုပ်ငန်းကျွမ်းကျင်သူ၊ တာဝန်ယူရဲသူ၊ ပညာတတ်ဝန်ထမ်းကောင်းများ ဆုံးရှုံးခဲ့ရသည်။ တစ်ဖန် ၁၉၈၈ တပ်မတော်က အာဏာသိမ်းပြီးသည့်နောက်တွင်လည်း တပ်မတော်အရာရှိများကသာ အုပ်ချုပ်ရေးတာဝန်ကို ယူခဲ့ကြသည်။ တိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားကို အဓိကမောင်းနှင်နေသည့် ထွေအုပ်ခေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူတို့က လက်ညှိုးထိုးစရာ မနှစ်မြို့စရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
ယင်းကို ဦးသိန်းစိန်အစိုးရသည် ပြုပြင်ပြောင်းလဲရန်အတွက် ကြိုးစားသည့်အနေဖြင့် အမြဲတမ်းအတွင်းဝန်များကို ခန့်အပ်ခဲ့သည်။ ထိုအတွင်းဝန်များမှာ တပ်မတော်အရာရှိဟောင်းများ အများစု ပါဝင်နေကြောင်း ပြောဆိုဝေဖန်မှုများရှိနေသည်။
ယခင်က အတွင်းဝန်ဟူသောရာထူးကို တက္ကသိုလ်များမှ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး မြို့ပြအုပ်ချုပ်ရေးဝန်ထမ်း စာမေးပွဲများကို ဝင်ရောက် ဖြေဆိုအောင်မြင်ရသည့်အပြင် နှစ်နှစ်သင်တန်းကို တက်ရောက်ပြီးသူများကိုသာ အလုပ်သင်ဝန်ထမ်းမှ စတင်ကာ ခန့်အပ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် အဆင့်ဆင့်ရာထူးတိုးမှသာ အတွင်းဝန် ဖြစ်လာကြသူများဖြစ်သည်။ ယခင်အစိုးရက ခန့်အပ်ထားခဲ့သော အတွင်းဝန်များနှင့် အုပ်ချုပ်ရေးကို စီမံခန့်ခွဲရာတွင် အလုပ်ဖြစ်မဖြစ်မှာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားရာတွင်လည်း ပြဿနာ များစွာရှိနေဆဲဖြစ်သည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပြဿနာများရှိနေသလို လစာနှင့် အထွေထွေအသုံးစရိတ်မှာလည်း တိုင်းပြည်အတွက် ဝန်တာတစ်ခု အဖြစ် ရှိနေသည့်အတွက် ဘွဲ့ရပညာတတ်များ ဖြစ်သည့် သက်ဆိုင်ရာ ရပ်ကျေး ထွေအုပ်ဝန်ထမ်းများကို သင်တန်းများပေးခြင်း လစာ အသင့်အတင့် တိုးပေးခြင်းဖြင့် ရပ်ကျေးအုပ်ချုပ်ရေးကို တာဝန်ယူစေပါက အုပ်ချုပ်ရေး ကုန်ကျစရိတ်နှင့် အရွယ်အစားကို ကျုံ့သွားစေနိုင်သည့်အတွက် စဉ်းစားရန်အချက်တစ်ခုဖြစ်သည်။ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ အုပ်ချုပ်ရေးအဖွဲ့အစည်းသည် ခိုင်မာစွာ ဆက်လက်ရှင်သန်ရမည်ဖြစ်ပြီး အစိုးရအဆက်ဆက်ကို အထောက်အကူပြုရမည်ဖြစ်ရာ နိုင်ငံရေးနှင့် ကင်းလွတ်နေရန် လိုအပ်သည်ဟု ယူဆပါက နိုင်ငံရေးနှင့် ဆက်စပ်နေသူကို တာဝန်ပေးမည်လား ဝန်ထမ်းရေးရာ စာမေးပွဲများ အောင်မြင်လာသည့် လေ့ကျင့်ပြီး ထူးချွန်သူ ပညာတတ် ဝန်ထမ်းကောင်းများကို မွေးမြူမည်လားဆိုသည်ကို စဉ်းစားရမည်ဖြစ်သည်။
ပါလီမန်အစိုးရလက်ထက် ၁၉၆၀ ပြည့်နှစ် ဧပြီ ၅ ရက်က ဝန်ကြီးချုပ်ဦးနုသည် ပါလီမန်တွင် မိန့်ခွန်းပြောကြားရာ ပါတီအဖွဲ့အစည်းတစ်ခုသည် ယနေ့တွင် အာဏာလက်ရှိ ဖြစ်သော်လည်း နက်ဖြန်တွင် အာဏာလက်မဲ့ ဖြစ်သွားနိုင်သော ပါလီမန်ဒီမိုကရေစီခေတ်၌ မည်သည့်ပါတီကပင် အာဏာကို ရရှိထားသည်ဖြစ်ပါစေ အစိုးရ၏ အဓိကကျသော လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားနိုင်မည့် လွတ်လပ်၍ စည်းကမ်းသေဝပ်သော အမြဲတမ်း နိုင်ငံ့ဝန်ထမ်းများရှိရန် လိုအပ်ကြောင်း ပြောခဲ့ပြီး စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မရှင်သည် လွတ်လပ်သော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာစေရန်၊ ကျွမ်းကျင်မှုရှိသော နိုင်ငံ့ဝန်ထမ်းများဖြစ်လာရန်၊ ရိုးသားသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာရန်ဟူသော တာဝန်သုံးရပ်ဖြင့် နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ နှစ်လကျော်ကြာအောင် သွားရောက်လေ့လာခဲ့သည်။ အစည်းအဝေးပေါင်း ၆၀ နီးပါးထိုင်ကာ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေးအတွက် အစီရင်ခံစာတင်သွင်းခဲ့သည်။
သို့သော် ကော်မရှင် စတင်ဖွဲ့စည်းသည့်အချိန်မှ စတင်၍ တစ်နှစ်ခန့်အကြာထိ ကြိုးစားခဲ့သော အစီရင်ခံစာမှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်သဖြင့် အရာမရောက် ဖြစ်ခဲ့ရလေသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ် မရှိသေးသမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ခရီးမပေါက်နိုင်ကြောင်း ပညာရှင်များက ပြောဆိုခဲ့ကြပြီးဖြစ်သလို ၁၉၇၀ နောက်ပိုင်း အစိုးရအဆက်ဆက်က နည်းအမျိုးမျိုး ပုံဖော်ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ကြပေ။ ထို့ကြောင့် ကောင်းမွန်ထက်မြက်ပြီး တာဝန်ခံရဲသည့် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ် ပေါ်လာရေးမှာ အရေးတကြီး လိုအပ်နေပြီဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် လျော်ညီသော ဗျူ ရိုကရေစီယန္တရားတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေသည်။